ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) စခန်း၏ ဗဟိုဌာနချုပ် တည်ရှိရာဒေသ တဝိုက်ကို မြန်မာ့တပ်မတော် (လေ) မှ ဂျက်ဖိုက်တာ လေယာဉ်များနှင့်ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစ၍ ထိုးစစ်ဆင်နေကြောင်း သိရသည်။
“ဂျက်တိုက်လေယာဉ် ၄ စင်းကို ၂ စင်းစီ တွဲပြီးတော့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် တဝိုက်ကို ပစ်ခတ်တယ်၊ အဲဒီ ၄ စင်းအပြင် စစ်ရဟတ်ယာဉ် ၂ စင်းနဲ့ပါ ပစ်ခတ်နေတာပါ၊ အဓိကတော့ ဗဟိုဌာနကို ပိတ်ဆို့နိုင်ဖို့ ကြိုးစားတာပါပဲ” ဟု KIA ပြော ခွင့်ရသူ ဦးလနန်က ဧရာဝတီ ကိုပြောသည်။
ယခုလအတွင်း ဖြစ်ပွားသော စစ်ပွဲပေါင်း ၁၅၀ ဝန်းကျင်အနက် ယနေ့ထိုးစစ်ဆင် ပစ်ခတ်မှုသည် အကြီးမားဆုံး ထိုးစစ်ဆင်မှုဟု ပြောဆိုနိုင်ကြောင်း၊ မြန်မာ့တပ်မတော် လေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တိုက်ရိုက် လမ်းညွှန်မှုဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရ စစ်တပ်များသည် လဂျားယန် တဝိုက်နှင့်လိုင်ဇာဌာနချုပ် တဝိုက်ကို ထိုးစစ်ဆင်ပစ်ခတ် နေကြောင်း၊ ထိခိုက်ကျဆုံးမှုနှင့် အသေ အပျောက် မရှိသေးကြောင်း၊ KIA အနေဖြင့်လည်း ရှိသည့်လက်နက်ဖြင့် ခုံခံကာကွယ် ပစ်ခတ်ကြောင်း၊ အစိုးရ စစ်တပ်မှ ပစ်ခတ်မည်ဆိုသည်ကို ကြိုတင်သိရှိထား၍ အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း ဦးလနန်က ဆက်ပြောသည်။
လိုင်ဇာဌာနချုပ် အနီးတွင် လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထားပြီး ဖယ် ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှတဆင့် စာဖြင့်သတိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ဘာမှဖယ်ပေးစရာ အကြောင်း မရှိဘူး။ သူတို့နဲ့ကျနော်တို့က ဘာမှသဘော တူညီထားတာ မရှိဘူး၊ မဖယ်ပေးလို့လည်းပဲ အခုလို ထိုးစစ်ဆင်တာပေါ့” ဟု ဦးလနန်က ဆိုသည်။
KIA နှင့်ပတ်သက်၍ ယနေ့ထုတ်အစိုးရ သတင်းစာများက ရေးသားဖော်ပြရာတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း ခုတ်မောင်းနေသည့် မြန်မာ့မီးရထားမှ စက်ခေါင်းအမှတ် DD-944 စက်ခေါင်းသည် KIA ထောင်ထားသော မိုင်းကြောင့် ပျက်စီးသွားကြောင်း ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ KIA အနေဖြင့် သမန်ပြည်သူ အရပ်သားများ စီးနင်းသည့် မီးရထားများ၊ သွားလာနေသည့် လမ်းများ၊ အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ ပစ်ခတ်မှုမျိုး လုံးဝလုပ်ဆောင်လေ့ မရှိခဲ့ကြောင်း ဦးလနန်က ငြင်းဆိုသည်။
၎င်းက “ဟိုတလောတုန်းကတော့ ကုန်တင်ယာဉ် တစီးမှာ စစ်လက်နက်တွေ တင်ဆောင်လာတဲ့ သတင်းကို အတိအကျရလို့ အဲဒီရထားကို ဟန့်တား တိုက်ခိုက်တာမျိုးတော့ လုပ်ပါတယ်” ဟု ဆိုသည်။
သမ္မတရုံး ဝန်ကြီးနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးအောင်မင်းနှင့် KIO တို့အကြား ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရက ကမ်းလှမ်းထားမှုသည် လက်ရှိ တိုက်ပွဲများကြောင့် ဆွေးနွေးမှု ဖြစ်လာနိုင်စရာ အကြောင်း မရှိတော့ကြောင်း သိရသည်။
ဦးအောင်မင်းသည် KIO နှင့်ငြိမ်းချမ်းရေး ဆွေးနွေးမည့်စာကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပေးပို့ကြောင်း၊ ထိုနေ့၌ပင် အစိုးရ စစ်တပ်အင်အား ၃၆၀ ဝန်းကျင်ကို KAI ဌာနချုပ်နှင့်နီးစပ်ရာ ဒေသများသို့ ပို့လွှတ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ကြောင်း ဦးလနန်က ပြောသည်။
၎င်းက “သူတို့က ဒီလိုမျိုး လုပ်တော့ ကျနော်တို့က ဘယ်လိုလုပ်ပြီးတော့ ဆွေးနွေးဖို့ အကြောင်းပြန်မလဲ၊ ဦးအောင်မင်း ကိုယ်တိုင်က မရိုးသားဘူးလို့ ကျနော် ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်” ဟု ဆိုသည်။
ဝန်ကြီး ဦးအောင်မင်းက မူ KIO အဖွဲ့နှင့်ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ရန် ကြိုးပမ်းသွားမည်ဟု မီဒီယာ များကို မကြာခဏ ပြောဆိုလေ့ရှိသည်။