စစ်ပွဲများဖြစ်ပွားလျက်ရှိသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရရှိရေး ကေအိုင်အေနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဝင်ရောက်စေ့စပ်ညှိုနှိုင်းပေးမည် ဖြစ်သည်။
ကေအိုင်အေ ဌာနချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံမည့် ၈၈ မျိုးဆက်ကျောင်းသားများတွင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မစန်းစန်းမော်၊ မမီမီလွင်တို့ ပါဝင်မည်ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအဝင် အခြားခေါင်းဆောင်များက အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံညှိုနှိုင်းရန် အစီအစဉ် ရှိသည်ဟု သိရှိရသည်။
ကေအိုင်အေနှင့် အစိုးရအကြား ၁၈ လကျော်ကြာသည်အထိ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် လူတသိန်းကျော် အိုးအိမ်များ စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည်များမှာ ဆိုးရွားသော ရာသီဥတုဒဏ်၊ အငတ်ဘေး ဒုက္ခများကြုံတွေ့နေရကြောင်း၊ လက်ရှိအချိန်တွင် အစိုးရတပ်များက အပြင်းအထန်ထိုးစစ်ဆင်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့်
အမြောက်ကြီးများကို အသုံးပြုလာသဖြင့် စစ်ဘေးသင့်ပြည်သူများ များစွာကြောက်ရွံ့ထိတ်လန့်နေကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဖြစ်ပွားသော အပြန်အလှန် ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ရွာသားတဦး သေဆုံးပြီး ၄ ဦးပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း၊ ထို့ကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်စလုံးကို တောင်းဆိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်အပါအဝင် လူမှုအခြေပြုအဖွဲ့အစည်းများက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဒီဇင်ဘာလ ၃၀
ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်တောင်းဆိုသည်။
ကေအိုင်အေနှင့်တွေ့ဆုံရန် ကိုမြအေးဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကချင်ပြည်နယ် လိုင်ဇာသို့ ခရီးစတင်ထွက် မည်ဖြစ်သည်။
“စစ်ပွဲတွေကိုရပ်ချင်တယ်။ အစိုးရနဲ့ ကေအိုင်အို ကြားထဲမှာ ဝင်ရောက်ညှိုနှိုင်းပေးဖို့ အဓိကပဲ။ ဘယ်လိုညှိုနှိုင်းလို့ရမလဲ။ လမ်းစကို ရှာဖွေရမှာပဲ။ ကျနော်တို့ သွားလို့ စစ်ရပ်သွားမယ်လို့ အာမခံဘူး။ ထူးခြင်း မထူးခြင်းဆိုတာက သက်ဆိုင်ရာ ကာယကံရှင်များရဲ့အလုပ်။ ကျနော်တို့က ဆက်ပြီးကြိုးစားရမှာပဲ။ ကျနော်တို့က အတတ်နိုင်ဆုံး လမ်းစရှာမှာပဲ။ပစ်ထားလိုက်လို့မှမရတာ” ဟု ကိုမြအေးက ဧရာဝတီသို့ပြောသည်။
ကေအိုင်အေ ဌာနချုပ် လိုင်ဇာသို့ သွားရောက်မည့် ခရီးစဉ်ကို ငြိမ်းချမ်းရေးခရီးစဉ်ဟု အမည်တပ်ထားသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေနှင့် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ကေအိုင်အေဌာနချုပ်လိုင်ဇာသို့ တခေါက်သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။ ယင်းနောက် အစိုးရငြိမ်းချမ်းရေးခေါင်းဆောင် သမ္မတရုံး ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သော်လည်း အကျိုးမထူးခဲ့ကြောင်း၊ အဓိကအားဖြင့် နှစ်ဦးနှစ်ဖက်ကြားတွင် ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ကိုမြအေးက ဆက်လက်ရှင်းပြသည်။
“ငြိမ်းချမ်းရေးကိစ္စမှာ တဖက်ဖက်ကို အပြစ်မတင်ဖို့နဲ့ ယိုင်မသွားဖို့ဘဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ အလွတ်သဘောဆွေးနွေးလို့မရဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ကို ကိုယ်စားပြုတဲ့ ဆွေးနွေးပွဲဖြစ်ရမယ်။ တိကျတဲ့ လမ်းစဉ်ရှိရမယ်။ အလွတ်သဘော ဆွေးနွေးတယ်ဆိုတာ ပုဂ္ဂိုလ်ရေးဆန်တယ်။ ငြိမ်းချမ်းရေး စင်တာဆိုတာ ရှိတယ်။ ငြိမ်းချမ်းရေး စင်တာဆိုတာ ပြည်ထောင်စုအစိုးရကို ဘယ်လောက် ကိုယ်စားပြုလဲ။ ကိုယ်စားပြုတယ်ဆိုရင် ဘာဖြစ်လို့ ဒီစစ်ပွဲဖြစ်နေတာလဲ” ဟု ကိုမြအေးက ဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ပွဲများ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျောင်းသားများ၊ ပြည်သူများပါဝင်သော လှုပ်ရှားမှုမျိုးစုံ ပြုလုပ်သွားရန်ရှိကြောင်းလည်း သတင်းရရှိသည်။ ၂၀၁၃ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ မဟာဗန္ဓုလ ပန်းခြံဘေးတွင် ကချင်စစ်ပွဲ ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတခု ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆုတောင်းပွဲကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း အဖြူရောင်တွဲလက်များအဖွဲ့မှ မဖြူအိသိမ်းက ဆိုသည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကချင်ဒေသ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး မြောက်ပိုင်း တောင်ပိုင်း မခွဲဘဲ နိုင်ငံသား အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ဒီဇင်ဘာလနှောင်းပိုင်း သွားရောက်ခဲ့သော တနင်္သာရီတိုင်းခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။