အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ဝေလျက်ရှိသော ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် လာမည့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင် ပြောင်းလဲထုတ်ဝေသွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောဆိုလိုက်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၃၀ ရက်နေ့က တာမွေမြို့နယ်တွင် ကျင်းပသော ဒီလှိုင်းဂျာနယ် ရုံးဖွင့်ပွဲအခမ်းအနားတွင် ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေမည်ဟု ပြောဆိုလိုက်ပြီး ယင်းညွှန်ကြားချက်အတိုင်း သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေရန် ယနေ့
လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်က မနေ့ကပဲ သတင်းစာအဖြစ် အသွင်ပြောင်းဖို့ပြောတယ်။ ကျနော်တို့ ဒီကနေ့ သတင်းစာပြောင်းထုတ်ဖို့စလုပ်နေပါပြီ။ အစိုးရ ထုတ်ပြန်ထားတဲ့အတိုင်း ဖေဖော်ဝါရီလမှာ ကျနော်တို့ သတင်းစာထုတ်ဝေခွင့် လျှောက်လွှာတင်မယ်။ ဧပြီလမှာ စပြီးထုတ်နိုင်အောင်လုပ်နေပြီ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ဒီလှိုင်းဂျာနယ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများနှင့် သတင်းများကို အဓိက ထားဖော်ပြခဲ့သော ဂျာနယ်အဖြစ် ရပ်တည်ခဲ့သော်လည်း သတင်းစာအဖြစ် အသွင်ပြောင်းထုတ်ဝေပါက ပါတီဝါဒဖြန့်သတင်းစာ အဖြစ်မဟုတ်ဘဲ ပြည်သူ့သတင်းစာ၊ ကမ္ဘာ့သတင်းစာများ၏ မူအတိုင်းထုတ်ဝေပြီး “ပြည်သူလူထုအကျိုး ဒီမိုကရေစီစနစ်ထွန်းကားရေး”ကို အဓိက ဦးတည်ထုတ်ဝေသွားမည်ဟု သိရှိရသည်။
“မနက်ကပဲ ဟံသာဝတီဦးဝင်းတင်နဲ့တိုင်ပင်ပါတယ်။ ကျနော်တို့က ဒီလှိုင်းဂျာနယ်လို ပါတီမူဝါဒ၊ သတင်းတွေကို ဦးစားပေးထုတ်တဲ့ သတင်းစာမျိုးမဟုတ်ဘူး။ တကယ့် သတင်းစာကြီးတွေလို၊ ကမ္ဘာ့သတင်းစာ ကြီးတွေမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့အညီ ထုတ်ဝေမှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။
ဒီလှိုင်း သတင်းစာ ထုတ်ဝေရာတွင် ပြင်ပမှ သတင်းစာဆရာများ၊ အယ်ဒီတာများနှင့်သတင်းထောက်များကို ခေါ်ယူခန့်ထားသွားရန်ရှိသည်ဟု သိရှိရသည်။
အပတ်စဉ် တင်္နလာနေ့တွင် ထုတ်ဝေနေသော ဒီလှိုင်းဂျာနယ်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး စောင်ရေ တစ်သိန်းဝန်းကျင် ရောင်းအားရှိသည်။
အစိုးရက လာမည့် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး ထုတ်ဝေခွင့်ကို ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေမှာ မီဒီယာလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်သော ဥပဒေပြဋ္ဌာန်းချက်များပါရှိပြီး ယင်းဥပဒေမှာ ကွယ်လွန်သူ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရက ရေးဆွဲခြင်းဖြစ်ပြီး သတင်းစာ ထုတ်ဝေခွင့် လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားပြီး တနှစ်တခါ သက်တမ်းတိုးရန် လိုအပ်သဖြင့် မီဒီယာအပေါ် ထိန်းချုပ်နိုင်သော အခွင့်အာဏာ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ရှိနေကြောင်း ပြည်တွင်း သတင်းစာဆရာများက သုံးသပ်ဝေဖန်နေကြသည်။