ရခိုင် ပြည်နယ် ပဋိပက္ခကြောင့် နေရပ် စွန့်ခွာလာရသူ ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပြန်လည် ထူထောင်နိုင်ရေးတို့မှာ ကြန့်ကြာနေဆဲ ဖြစ်ကြောင်း သိရသည်။
“ဒီကို ရောက်တာ ၂ လ ရှိပြီ။ ရွာကလည်း မရှိတော့ဘူး။ တနေရာရာမှာ အခြေချချင်တယ်။ ဒီအတိုင်းပဲ ကြုံရာအလုပ်လုပ်၊ လာဝေတဲ့ ဆန်စားနေရတယ်” ဟု ကျောက်ဖြူမြို့နယ် ဘုရားကြီးကွင်း ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသူ ဒေါ်စန်းမေက ဆိုသည်။ ဒေါ်စန်းမေသည် ကျောက်ဖြူ မြို့နယ် ကုလားပိုက်ဆိပ် ကျေးရွာတွင် နေထိုင်ခဲ့ပြီး အောက်တိုဘာလက ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ကျောက်ဖြူမြို့သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့သူ ဖြစ်သည်။
“အခုအချိန်အထိတော့ ပြန်နေရာချထားပေးဖို့ မကြားသေးဘူး။ လူတွေကတော့ ကိုယ့်နေရာကိုယ် ပြန်နေချင်ကြတယ်။ ဒါပေမယ့် အစိုးရဘက်က ဘာမှ မလုပ်ပေးသေးတော့ စခန်းတွေမှာပဲ သောင်တင်နေကြတုန်းပဲ။ စားရေးအတွက် အစိုးရက တော်တော် ကူညီပေမယ့် အလုပ်ထွက်လုပ်ကြတဲ့ သူတွေလည်း ရှိတယ်” ဟု စစ်တွေမြို့ ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ကိုထွန်းမင်းသိန်းက ဆိုသည်။
ယခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ် မောင်းတော၊ ကျောက်ဖြူ၊ စစ်တွေ၊ မြောက်ဦး စသည့် ဒေသများတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်ဘာသာဝင်များသည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ပြီး နီးစပ်ရာ မြို့များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံခဲ့ရသည်။ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်းတွင် ပြည်နယ်အစိုးရက ဒုက္ခသည် စခန်းများဖွင့်လှစ်ပေးခဲ့သော်လည်း အိမ်ထောင်စု ဇယားနှင့် နေအိမ် ဂရန် မရှိသည့် ရခိုင်တိုင်းရင်းသားများမှာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ရရှိထားတဲ့ ရံပုံငွေအပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာကို မြေယာတောင်းဆိုမယ်၊ ပြီးတော့ ကျပ်ဆယ်သိန်း၊ ဆယ့်ငါးသိန်းလောက် ကုန်ကျမယ့် အိမ်ယာမျိုးတွေဆောက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒီလူတွေ ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံတော်အနေနဲ့ တာဝန်မယူနိုင်ဘူးဆိုရင် ကျနော်တို့ သွေးချင်းဆွေမျိုးတွေအတွက် ကျနော်တို့ကပဲ တာဝန်ယူ ဆောင်ရွက်မယ်” ဟု ကျောက်ဖြူ မြို့နယ် ပြန်လည်ထူထောင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမျိုးကျော်က ဆိုသည်။
ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရက ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းများနှင့် မွတ်စလင် ဒုက္ခသည် စခန်းများကို အစားအသောက်၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးတဲများ ထောက်ပံ့လျှက်ရှိကာ ဒေသဆိုင်ရာအဖွဲ့ အစည်းနှင့် NGO များကလည်း ထောက်ပံ့ပေးလျှက်ရှိကြောင်း သိရသည်။ ဒုက္ခသည်များ၏ နေရပ်ပြန်ရေးနှင့် ပြန်လည် ထူထောင်နိုင်ရေး တို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
“ကျမတို့ အရင်က ဈေးရောင်းပါတယ်။ ကျမ ယောက်ျားက ရေလုပ်ငန်းလုပ်တယ်။ အခုတော့ ကျမ ယောက်ျားမှာ အလုပ်မရှိဘူး။ တခါတလေ ကြုံရာ ကျပန်း၊ သူများခေါ်ခိုင်းတဲ့အခါ အလုပ်လေး ရတယ်။ ကျမလည်း အဝတ်လျှော်တို့၊ သန့်ရှင်းရေးတို့ ခေါ်သူရှိရင် အလုပ်ရှိတယ်။ ဖြစ်နိုင်ရင်တော့ အရင် နေရာမှာပဲ ပြန်နေချင်တယ်။ ဒါပေမယ့် မွတ်စလင်တွေနဲ့ နေဖို့ အဆင်မပြေလောက်ဘူးလို့လည်း တွေးမိတယ်။ ပေးထားတဲ့ တဲတွေကလည်း မိုးရာသီ မိုးသာရွာလာမယ်ဆိုရင် နေလို့ ဖြစ်မှာ မဟုတ်ဘူး” ဟု ဘုရားကြီးကွင်း ဒုက္ခသည် စခန်းတွင် လာရောက်ခိုလှုံနေရသည့် ကုလားပိုက်ဆိပ်ကျေးရွာသူ တဦးက ပြောသည်။
ဇွန်လ ၈ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် ထပ်မံဖြစ်ပွားခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေကြေညာခဲ့ရသည်။