အနာဂတ် မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေး ဓလေ့မျိုးနှင့် ဝိုင်းဝန်းကြိုးပမ်းကြရန် သမ္မတ ဦးသိန်းစိန်က နှစ်သစ်ကူး မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုသွားသည်။
ဇန်နဝါရီလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် ရေဒီယို မိန့်ခွန်းသည် ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးသော သမ္မတတဦး၏ မိန့်ခွန်းလည်း ဖြစ်သည်။
“အနာဂတ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကိုအခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး၊ အစွန်းမရောက်တဲ့ အမြင်မျိုးဖြစ်စေရန်ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မြန်မာ့အသံ ရေဒီယိုမှတဆင့် ပြောဆိုသည်။
ထို့အပြင် အစိုးရတရပ်၏ အဓိက သတိထားရမည့် အချက်အဖြစ် သမ္မတ ဦးသိန်းစိန်က “ဒီလို အခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျနော်တို့အစိုးရ အထူး သတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့အစိုးရ ယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းသည် အကောင်းဆုံးများကို ဖြစ်ရန် မျှော်လင့်ကြပြီး အဆိုပါ မျှော်လင့်ချက်များအတိုင်း ဆန္ဒများလည်း ဖော်ထုတ်ခွင့် ရှိနေပြီဟု ဦးသိန်းစိန်က ပြောသည်။
ဆက်လက်၍ သမ္မတ ဦးသိန်းစိန်က “ပြည်သူတွေ အနေနဲ့ အကောင်းဆုံး မျှော်လင့်တာသဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒ ထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်” ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး မိန့်ခွန်းကို ကြိုဆိုကြသော်လည်း လက်တွေ့ အကောင်အထည် ပေါ်လာရန် ပို၍ အရေးကြီးကြောင်း မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အဆိုပါ နိုင်ငံရေး ဓလေ့မျိုးသည် မြန်မာနိုင်ငံရေး ဖြစ်စဉ်တလျှောက်လုံးတွင် အလွန်အားနည်းခဲ့သည့် နိုင်ငံရေး ယဉ်ကျေးမှု တခုဖြစ်သကဲ့သို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်နှင့် နိုင်ငံ စည်းလုံးညီညွှတ်မှုအတွက် အလွန်အရေးပါသည့် အလေ့အကျင့်လည်း ဖြစ်ကြောင်း၊ မိန့်ခွန်းပါ ပြောဆိုချက်များကို ကြိုဆိုကြောင်း၊ သို့သော် လမ်းညွှန်ချက်များအဖြစ် အသက်ဝင်စေလိုပြီး လက်တွေ့အကောင်အထည် ဖော်ရာတွင် ထိရောက်မှုရှိရေးသည် ပဓာနကျကြောင်း ဧရာဝတီသို့ ပြောသည်။
“သမ္မတရဲ့ ပြောတဲ့ မိန့်ခွန်းတွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ အကောင်အထည် ဖော်တဲ့အဆင့်ကို ရောက်ဖို့ဆိုတာ တရားဥပဒေစိုးမိုးမှု ရှိမှ ဖြစ်လာမှာပါ” ဟု သူက ဆိုသည်။
ဦးကိုကိုကြီးက “ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေး မရှိဘဲနဲ့ လာဘ်ပေးလာဘ်ယူမှုတွေက ရှိနေဦးမှာပဲ။ လွှတ်တော်တွေက တိကျခိုင်မာတဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး စနစ်တကျ လာဘ်ပေးလာဘ်ယူမှု ဆိုတာမျိုးတွေကို ထိထိရောက်ရောက် အရေးယူ တိုက်ဖျက်နိုင်ရင် ပိုမိုကောင်းမွန်တဲ့ နိုင်ငံတည်ဆောက်ရေး ဖြစ်လာမယ်” ဟု ဆက်ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦးကလည်း သမ္မတ၏ မိန့်ခွန်းသည် ကောင်းမွန်သော်လည်း သတိဖြင့်သာ ကြိုဆိုကြောင်း၊ တိုင်းရင်းသားများ၏ ယုံကြည်မှုကို ရရှိရန် အစိုးရတရပ်အနေဖြင့် လက်တွေ့ အကောင်အထည်ဖော်ခြင်းသာလျှင် အရေးတကြီးလုပ်ရမည့် ကိစ္စဖြစ်ကြောင်း ပြောသည်။
“ဒါကတော့ဗျာ၊ ပြောသမျှ အကောင်းချည်းပဲ။ ပြောတဲ့ အတိုင်းဖြစ်လာရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီလိုပြောပြီး မဖြစ်လာရင်သာ၊ အဲဒီလို ပြောပြောနေတာ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၀ လောက်ကတည်းက ပြောနေတာပဲ” ဟု သူက ဆိုသည်။
ကချင်ပြည်နယ် စစ်ပွဲများနှင့် ပတ်သက်၍ ယခုလုပ်ဆောင်နေသည့် အစိုးရစစ်တပ်၏ လုပ်ဆောင်ချက်များနှင့် လွှတ်တော်များနှင့် အစိုးရတို့၏ မပြုမပြင်ဘဲ ယခုအထိရှိနေသည့် ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များကြောင့် တိုင်းရင်းသားများ၏ ယုံကြည်မှုကို ထိခိုက်ကြောင်း၊ အမှန်တကယ် ဖြစ်သင့်သည်များကို အစိုးရက သိလျက် အကောင်အထည် ဖော်ရန် အားနည်းနေသေးကြောင်း သူက ဆက်ပြောသည်။
“တိုင်းရင်းသားတွေ ဘာရချင်သလဲဆိုတာ သူတို့ သိတယ်။ ရောဂါသိတယ်။ ဆေးရှိတယ်။ မစားချင်ဘူးဖြစ်နေတာ” ဟု ဦးခွန်ထွန်းဦးက ထောက်ပြသည်။
အစိုးရနှင့် လွှတ်တော်တို့က ချမှတ်ထားသည့် လုပ်ငန်းစဉ်များအပေါ် စောင့်ကြည့် ယန္တယားကောင်းကောင်း ရှိသင့်ပြီး အရေးယူ အကောင်အထည်ဖော်သည့် ယန္တယား ကောင်းကောင်းလည်း လိုအပ်ကြောင်း၊ အဆိုပါဖြစ်စဉ် တခုလုံး ချောမွေ့စွာ လည်ပတ်နိုင်မှသာလျှင် ကောင်းမွန်သည့် လမ်းညွှန်ချက်မှုသည် အကောင်အထည်ဖော်သည့်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက အကြံပြုသည်။
နှစ်သစ်ကူး မိန့်ခွန်းတွင် သမ္မတ တဦးအနေဖြင့် အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှု ရှိစေရန် နိုင်ငံသားများအား ရေဒီယို မိန့်ခွန်းများကို ပြောဆိုသွားရန် ရှိကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
၂၀၁၃ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာ့ရုပ်မြင်သံကြားမှ ပြောဆိုခဲ့သည်။
ထို့အပြင် မြန်မာ့အသံ ရေဒီယိုမှ NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း၊ စာရေးဆရာ မောင်ဝံသ စသည့် ထင်ရှားသူများ၏ နှစ်သစ်ကူး နုတ်ခွန်းဆက်များကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီကျော်က ထုတ်လွှင့်ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးအုန်း၊ ဆရာမောင်ဝံသ အစရှိသူတို့၏ နှစ်သစ်နုတ်ခွန်းဆက်စကားများကို ရေဒီယိုမှ ထုတ်လွှင့်သွားခြင်းများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ခြေလှမ်းငယ်များဖြစ်ကြောင်း သုံးသပ်သူ များကလည်း မှတ်ချက်ပြုပြောဆိုကြသည်။