ရန်ကုန်မြိ့တွင် ၂၀၁၀ ပြည့်နှစ် X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ တရားခံဟု စွပ်စွဲကာ သေဒဏ်ချမှတ်ခံခဲ့ရသည့် ကိုဖြိုးဝေအောင် (၃၃) နှစ်သည် ယနေ့နံနက် ၃ နာရီခန့်က အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားသည်။
ကိုဖြိုးဝေအောင်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို အစ္စလမ်ဘာသာဝင်တို့ ထုံးထမ်းအရ ဝတ်ပြုပြီးချိန် ယနေ့နေ့လည် ၁ နာရီခွဲတွင် ရေဝေးသုဿန်၌ သင်္ဂြိုဟ်မည်ဟု သိရသည်။
မိသားစုဝင်တဦးဖြစ်သူ ကိုအောင်မြင့်က “ဆေးရုံက နောက်ဆုံးအနေအထား ရောက်နေပြီလို့ ဆိုတာကြောင့် ဆင်းလာတာ ၁၆ ရက်ပဲ ရှိသေးတယ်။ သူ့အမျိုးသမီး မဌေးဌေးကတော့ စိတ်မကောင်းဖြစ်ပြီး စကားမပြောနိုင်ဘူးဖြစ်နေတယ်” ဟု ဆိုသည်။
အင်ဂျင်နီယာတဦးဖြစ်သူ ကိုဖြိုးဝေအောင်ကို ၂၀၁၀ ဧပြီလ ၂၃ ရက်နေ့ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ နေအိမ်မှ ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဖောက်ခွဲမှု၊ လူသေစေမှု၊ မတရားအသင်း ဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ပုဒ်မတို့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
စစ်ကြောရေး ကာလအတွင်း ရိုက်နှက်စစ်ဆေး ခံရသည့်အပြင် အသည်းကင်ဆာ ရောဂါကြောင့် ကင်ဆာဆဲလ်များ ခါးရိုးတွင်းအထိ ပျံ့နှံ့ကာ ခန္ဓာကိုယ် အောက်ပိုင်း သေသည့်ရောဂါကိုလည်း ခံစားနေရသူဖြစ်သည်။
ယမန်နှစ် သြဂုတ်လအတွင်းက လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်မြောက်လာခဲ့ပြီးနောက် အသည်းကင်ဆာရောဂါကို အင်းစိန် အထွေထွေရောဂါကု ဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့တွင် ကုသမှုခံယူနေခဲ့ရသည်။
ကိုဖြိုးဝေအောင် ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မဌေးဌေးနှင့် သားသမီး နှစ်ဦးကျန်ရစ်သည်။
၂၀၁၀ ပြည့်နှစ် ရန်ကုန်မြို့ ကန်တော်ကြီးအနီး X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦး သေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ထိုဗုံးပေါက်ကွဲမှု၌ သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့သည့် ကိုစည်သူဇေယျနှင့် ဖခင်ဖြစ်သူ ဦးဇေယျ (စာရေးဆရာ သားကြီးမောင်ဇေယျ) တို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။