ဒီဗီဒီ ဇာတ်ကားတွေ ရိုက်ကူးခွင့် မပေးတော့ပါ
မစပ်စုတို့ ရုပ်ရှင်လောကရဲ့ အောင်မြင်ခြင်း မှတ်တိုင်ပွဲကြီးတခုဖြစ်တဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ၂၀၁၂ နှစ်ကုန်မှာ အသံဗလံပေါင်းစုံနဲ့ ပြီးဆုံးသွားပြီးတဲ့နောက် ၂၀၁၃ ရဲ့ အစမှာတော့ ဗီဒီယိုထက်လည်း အရည်အသွေးမြင့်တဲ့ ရုပ်ရှင်လောက်လည်း အရည်အသွေးမပြည့်မီတဲ့ ဒီဗီဒီ (DVD) ဇာတ်ကားတွေကို ဆက်လက် ရိုက်ကူးခွင့်တွေ ချမပေးတော့ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုပါတယ်။
လတ်တလောမှာတော့ ရိုက်ကူးခွင့်ကျပြီးသား၊ ဆင်ဆာကျပြီးသား ဇာတ်ကားတွေသာ ဆက်လက် ပြသသွားမှာဖြစ်ပြီး နောက်ပိုင်းတွေမှာတော့ ရိုက်ကူးခွင့်ချ မပေးတော့ဘူးလို့ သိရပါတယ်။
“ရိုက်ကူးခွင့် ချမပေးတော့ပါဘူး။ ရိုက်ကူးခွင့်ချပြီး ဆင်ဆာကျပြီးတဲ့ ဇာတ်ကားများကို ဆက်လက်ပြသွားမှာပါ။ အဲ့ဒီကားတွေ ကုန်ရင်တော့ ဒီဗီဒီဆိုတာ ရှိမှာမဟုတ်တော့ပါဘူး။ တခုပါပဲ၊ ရိုက်ကူးခွင့် မတင်သေးဘဲနဲ့ ငွေပေးငွေယူ လက်လွန်နေတယ်ဆိုရင် ကျနော်တို့က ခိုင်လုံတဲ့ အထောက်အထားနဲ့တင်ပြပါ၊ ခြွင်းချက်အနေနဲ့ စဉ်းစားပေးပါ့မယ်လို့ စာထုတ်ထားတဲ့ထဲမှာ ပါပါတယ်။ အဲ့ဒီစာကိုလည်း ကျနော်တို့ တရားဝင် ဘုတ်တွေမှာလည်း ကပ်ထားပါတယ်။ သိချင်ရင် မည်သူမဆို လာရောက်ကြည့်ရှုလို့ ရပါတယ်” လို့ ဦးဇင်ဝိုင်းက ဧရာဝတီကို ပြောပါတယ်။
မြန်မာ့ရုပ်ရှင်လောက တလျှောက်မှာ နိုင်ငံခြားက မှာယူရတဲ့ ဖလင်တန်ဖိုး မြင့်မားလာတာက တကြောင်း၊ မြန်မာနိုင်ငံတဝှမ်း ရုပ်ရှင်ရုံတွေကို သက်ဆိုင်ရာတွေက လက်လွှဲ ရောင်းချတာက တကြောင်း၊ ပြည်သူပိုင် သိမ်းခံရတာက တကြောင်းနဲ့ တင်းကျပ်လွန်းတဲ့ ဆင်ဆာမူဝါဒတွေ ဇာတ်ကားတကား ဖြစ်ဖို့အတွက် ကုန်ကျတဲ့ ကုန်ကျစရိတ် မြင့်မားလာမှု စတာတွေကြောင့် တနှစ်ကို ရုပ်ရှင်အထွက်နှုန်းပါ တဖြည်းဖြည်း ကျဆင်းလာခဲ့တာပါ။
ဒီဗီဒီ ဇာတ်ကားတွေ ခွင့်ပြုရတဲ့ ရည်ရွယ်ချက်ဟာလည်း ရုပ်ရှင်ဇာတ်ကားတွေ အထွက်နည်းပါးလာတဲ့အခါမှာ ပြသစရာ ဇာတ်ကားတွေ မရှိဘဲ ရုပ်ရှင်ရုံတွေ ပြိုကွဲသွားမှာဖြစ်လို့ အစားထိုးပြသနိုင်ဖို့ အတွက်ကို သတ်မှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။
“အခုအချိန်မှာ ရုပ်ရှင်ဇာတ်ကားများလည်း ပိုမိုပြီး ထွက်ရှိလာပါပြီ။ နောင်ကို ဒီ့ထက် ထွက်ရှိလာဖို့လည်း ရှိပါတယ်။ ဒီအတွက်ကို ဒီဗီဒီဆိုတာ မလိုအပ်တော့ဘူးလို့ ယူဆလို့ တဖက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းတဲ့အခါမှာ နောင်တချိန် မြန်မာ့ရုပ်ရှင်ကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းတဲ့အခါမှာ ဒီဗီဒီဇာတ်ကားများဟာ အခက်အခဲဖြစ်နိုင်တယ်လို့ သတ်မှတ်ပေးတဲ့အတွက် ကျနော်တို့ဟာ ထုတ်လုပ်သူများ အစုအဖွဲ့နဲ့ ခေါ်ယူတွေ့ဆုံညှိနှိုင်း ပြီးတော့မှ အများရဲ့ဆန္ဒနဲ့ ဒီဗီဒီကို ဆက်လက် မပေးတော့ဘူးလို့ ကျနော်တို့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
ဒီဗီဒီ ဇာတ်ကားတကားရဲ့ ကုန်ကျစရိတ်ဟာ ရုပ်ရှင်ဇာတ်ကားတွေထက် အများကြီး သက်သာတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံ ၁၁၆ ရုံရှိတယ်ဆိုပေမယ့် မြန်မာဇာတ်ကား ပြသနေတဲ့ရုံဟာ ၄၉ ရုံသာရှိတာပါ။ ယခုနောက်ပိုင်းမှာ မြန်မာရုပ်ရှင် ဇာတ်ကားတွေ ပိုမိုထွက်ရှိလာမှာမို့ ဒီဗီဒီဇာတ်ကားတွေ မလိုတော့လို့ ရိုက်ကူးခွင့်တောင် ချမပေးတော့ဘူး ဆိုလေတော့ ရုပ်ရှင်ရုံတွေရဲ့ အနေအထား ပြန်လည် ကောင်းမွန်လာပြီလားလို့ စပ်စုပြီး မေးကြည့်လိုက်ပါတယ်။ ရုပ်ရှင်ရုံတွေရဲ့ အနေအထားကတော့ ထူးမခြားနားပါပဲလို့ ဦးဇင်ဝိုင်းက ပြန်ပြောပါတယ်။
စိန်ဌေး ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ တာဝန်ရှိသူတဦးက “ထုတ်လုပ်ရေးပိုင်းကတော့ ဘယ်လိုမှ သဘောထား မရှိပါဘူး။ ဒီဗီဒီလုပ်ခွင့် မပေးတော့ဘူး ဆိုတော့လည်း မရိုက်ရုံပဲပေါ့။ ဒီဗီဒီ ဆိုတာကလည်း အရင်က ရုပ်ရှင်ဇာတ်ကားကြီး ဖလင်ရှားပါးနေတဲ့ အချိန်တုန်းက ဒီဗီဒီ ဇာတ်ကားဆိုပြီးတော့ ရိုက်ပြီး တင်ကြတာပေါ့။ ဒါက ရုပ်ရှင်ဇာတ်ကားကြီးထက်လည်း ကုန်ကျစရိတ် အရမ်း သက်သာတာကိုး” လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး ရုပ်ရှင်ရုံတွေလည်း နိုင်ငံတကာ အဆင့်မီ ပိုမိုတိုးတက် များပြားလာပါစေလို့ မစပ်စု ဆန္ဒပြုလိုက်ပါတယ်။
“မင်္ဂလာပါ ဒီမိုကရေစီ” ရုပ်ရှင် ပွဲတော် ရက်ရွှေ့
လွတ်လပ်တဲ့ အနုပညာဖန်တီးမှုတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီးကျင်းပမယ့် “မင်္ဂလာပါ ဒီမိုကရေစီ” ရုပ်ရှင် ပွဲတော်ကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) မှာ ပြိုင်ပွဲဝင်ဇာတ်ကားတွေကို ဆုချီးမြှင့်မယ့် အစီအစဉ်အား ရက်အနည်းငယ် ရွှေ့ဆိုင်းထားပါတယ်။
ပွဲစီစဉ်သူ ဦးဇာဂနာက “အကုန်လုံးက ပွဲတွေတိုက်ပြီး မအားမလပ်ဖြစ်ကြတယ်။ အဲဒီလို မအားတဲ့အပြင် အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်ကလည်း မအားဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း မအားဘူး။ အဲဒီတော့ ပွဲက မစည်းမကား ဖြစ်မှာစိုးလို့ စည်စည်ကားကား ဖြစ်အောင်ဆိုပြီး နည်းနည်းလေး ရွှေ့လိုက်တာပါ။ ဘယ်ရက်ရွှေ့လိုက်တယ် ဆိုတာကတော့ ခန့်မှန်း မရသေးလို့ အတိအကျ မသိရသေးပါဘူး။ အဲဒီရက်ကို ပြန်ကြေညာမှာပါ” လို့ ဆိုပါတယ်။
အခုလို ရုပ်ရှင်ပွဲတော် ကျင်းပခြင်းဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး မနှစ်က ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ဆိုပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့တာပါ။
ဒီနှစ်မှာတော့ ပွဲတော်အမည်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုကို ကြိုဆိုတဲ့အနေနဲ့ “မင်္ဂလာပါ ဒီမိုကရေစီ” ဆိုတဲ့ အမည်နဲ့ ပြောင်းလဲကျင်းပတာဖြစ်ပြီး ဒီနှစ်မှာပဲ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ရည်ကို ပေါ်လွင်အောင် စပ်ဆိုမယ့် တေးသီချင်းပြိုင်ပွဲ The Art of Freedom Music Festival ပွဲတော်ကိုပါ ထပ်မံ ထည့်သွင်းထားပါတယ်။
လတ်တလောမှာ ပြိုင်ပွဲဝင် တေးသီချင်းတွေဖြစ်တဲ့ မြန်မာသံစဉ်၊ ပေါ့ပ်၊ ရော့ခ်၊ ဟစ်ဟော့ပ် တေးသီချင်းပေါင်း ၁၇၇ ပုဒ် ရှိပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Documentary, Short film, Animation သုံးခုပေါင်း ခန်းမှန်းခြေ ၉၇ ကားဝန်းကျင်မှာ ရှိတယ်လို့ သိရပါတယ်။
ဒီနှစ်မှာပဲ ထပ်တိုးလိုက်တဲ့ Photo Essay ကတော့ ပြိုင်ပွဲဝင် ၄ ကား ရှိတယ်လို့ သိရပါတယ်။
ဒီနှစ်ပြိုင်ပွဲဝင် ဇာတ်ကားတွေရော၊ တေးသီချင်းတွေအပေါ် အားရကျေနပ်မှုရှိတယ်လို့ ဦးဇာဂနာက ဆိုပါတယ်။
“ကောင်းတယ်။ အကုန်ကောင်းတယ်။ ဒီနှစ်က မနှစ်ကထက် ပိုကောင်းလာတယ်” လို့ ၎င်းက ပြောပါတယ်။
ဆုပေးပွဲကို နောက်ဆုတ်လိုက်တယ် ဆိုပေမယ့် ဒီဇန်နဝါရီလထဲမှာပဲ ကျင်းပမှာပါလို့ သူက ဆက်ပြောပါတယ်။
ဒီပြိုင်ပွဲကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မှာဖြစ်ပြီး ဆုပေးပွဲနေ့မှာပဲ ဗိုလ်ချုပ် တေးသီချင်းပြိုင်ပွဲမှ ဆုရ တေးသီချင်းများကို ပြန်လည်ဖျော်ဖြေမှာပါ။