“ကျနော်တို့ နိုင်ငံမှာက သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု မရှိဘူး”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်နေခြင်းနှင့် ပတ်သတ်ပြီး ဒေသခံနှင့် လူမှု အဖွဲ့အစည်းများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ လတ်တလော အခြေအနေတွင် မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်အတွင်းရှိ တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်တို့ ပူးပေါင်း ဆောင်ရွက်နေသည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ပြီး တိုင်းဒေသကြီး အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့သော်လည်း စီမံကိန်းမှာ ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။ ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွင်လည်း လယ်ယာမြေ သိမ်းပိုက်မှုများ၊ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နစ်နာမှုများ ရှိနေသည်။ ၎င်းကိစ္စနှင့် ပတ်သတ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ခေါ်မှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရွှေ သဘာဝဓာတ်ငွေ့ ဆန့်ကျင်ရေး လှုပ်ရှားမှု အဖွဲ့ ခေါင်းဆောင် ဦးဝင်းအောင်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။     ။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ဘာပါလဲ။

ဖြေ။     ။ အဓိကကတော့ ချင်းမိုင်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေက ကျနော်တို့ လုပ်ငန်းတွေနဲ့လည်း အများကြီး သက်ဆိုင်တယ်၊ အထူးသဖြင့်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ အခုလောလောဆယ် တည်ဆောက်နေတဲ့ တရုတ် – မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းတွေအပြင် လူထု အခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီဟာကို အသိပညာပေး၊ စောင့်ကြည့်လေ့လာတဲ့ အတိုင်းအတာ တခုကို ထိထိရောက်ရောက် လုပ်နိုင်မယ့် အနေအထား တခုကို ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာတော့ လောလောဆယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဒီကို လာတာဖြစ်ပါတယ်။

မေး။     ။ ရွှေ သဘာဝဓာတ်ငွေ့ ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ အရင်က ကျောက်ဖြူ – ကူမင်း ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းဖို့လို့ သိရတယ်၊ အခု လက်ရှိအချိန်မှာရော ဘာအတွက် လှုပ်ရှားနေပါသလဲ။

ဖြေ။     ။ ကျနော်တို့ ရည်ရွှယ်ချက်က မပြောင်းလဲပါဘူး။ ကျနော်တို့ အစကတည်းက ဒီဟာကို ရပ်ဆိုင်းထားသင့်တယ်လို့ ယူဆတယ် ဆိုတာက နိုင်ငံတကာ စံချိန်စံညွှန်း မမီတာ၊ ဒီမိုကရေစီနည်းစနစ် မကျတာ၊ နောက် လူထုအပေါ် ကြိုတင် သတင်းအချက်အလက်တွေ တောင်းဆိုပြီးတော့ လူထုရဲ့ ဆုံးဖြတ်ချက်ကို ရယူနိုင်ခွင့် မရှိတာ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ ငွေကြေးစနစ် မရှိတာတွေ အပေါ် မူတည်ပြီးတော့ လောလောဆယ် ရပ်ဆိုင်းထားဖို့ တောင်းဆိုခဲ့တာပါ။ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ ကိုက်ညီမယ်၊ ဒေသခံတွေပါဝင် ပတ်သတ် ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိလာမယ်၊ နောက်တခုက ပွင့်လင်း မြင်သာတဲ့ ငွေကြေးစနစ် သတင်းအချက်အလက် တွေကိုလည်း တစုံတခုသော အတိုင်းအတာအထိ ထဲထဲဝင်ဝင် လုပ်လာကိုင်လာ နိုင်မယ် ဆိုရင် ဒီလို စီမံကိန်းမျိုး ဆိုတာက အကျိုးအမြတ်ကို ရေရှည်ကြည့်ပြီး စဉ်းစားသင့်တဲ့ စီမံကိန်းထဲမှာ ပါပါတယ်။ ဆိုတော့ အဲဒီအနေအထားကို အခုထိ မတွေ့ရသေးပါဘူး။

မေး။     ။ စီမံကိန်းကြီးတွေ ရပ်ဆိုင်းဖို့ လှုပ်ရှား တောင်းဆိုကြတဲ့ နေရာမှာ အခု လက်တလောဆိုရင် လက်ပန်းတောင်းတောင် ကိစ္စကလည်း ဖြစ်ထားတော့၊ ဒီလို လူထု အထိမနာရအောင်၊ လက်ပန်းတောင်းလို အခြေအနေမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် စီစဉ်ထားပါသလဲ။

ဖြေ။     ။ ကျနော် ဒီကို ရောက်ရောက်ခြင်းပဲ လက်ပန်းတောင်း ကိစ္စဖြစ်တယ်။ တကယ့်တကယ် ကျနော်တို့ မျှော်လင့်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တခုမှာ ဒီလိုမျိုးဖြစ်တာကတော့ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ ဖြစ်ရပ်ဖြစ်တယ်။ ဒီဟာက ရေရှည်မှာရော၊ ရေတိုမှာရော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းရမယ့် နည်းလမ်းတွေကိုလည်း ရှာဖွေဖို့လိုမယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ ဒေသခံ ပြည်သူတွေရဲ့ ရပ်တည်ချက်တွေကလည်း ပိုပြီးတော့ ဒီမိုကရေစီ နည်းကျကျပဲ ဖြစ်သင့်တယ်လို့ မြင်ပါတယ်။ တောင်းဆိုတဲ့ နေရာမှာလည်း ဒီနိုင်ငံကို လာပြီးတော့ ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီတဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့ ဘယ်နိုင်ငံက ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးမဆို ကျနော်တို့ ကြိုဆိုမှာပါ။ ဒေသခံနဲ့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေကို ကာကွယ်နိုင်မယ့် အရာတွေ မရှိသရွေ့ကတော့ ဘယ်စီမံကိန်းမဆို ပြန်ပြီးတော့ သုံးသပ် သင့်ပါတယ်။ ဒေသခံတွေရဲ့ အခွင့်အရေး ဆိုတာကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းမှ အထိုက်အလျောက် ရရှိလာတဲ့ အနေအထား တခုဟာ အချိန်အားဖြင့် အင်မတန်ကို နောက်ကျခဲ့ပါတယ်။ စီမံကိန်းကတော့ ကုမ္ပဏီက ပြီးအောင် လုပ်ပါလိမ့်မယ်။ ကျနော်တို့ ဘက်ကတော့ စောင့်ကြည့် တောင်းဆိုသွားရမယ်လို့ ထင်ပါတယ်။

မေး။     ။ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အနေနဲ့ အရင်က ပြင်ပကနေပြီးတော့ ဒီဘက်က သတင်းအချက်အလက်တွေ ရယူပြီး လှုပ်ရှားခဲ့တယ်။ အခုကျတော့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာတဲ့အခါ အရင်က ရခဲ့တဲ့ သတင်းအချက်အလက်နဲ့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ အတွေ့အကြုံ ဘယ်လို ကွာခြားမှုရှိလဲ။

ဖြေ။     ။ မလာခင်တုန်းက ကိုယ်တိုင် မရောက်နိုင်ပေမယ့် အဲဒီမှာ ဖြစ်ပေါ်နေတဲ့ အနေအထားတခုကို လက်လှမ်း မီသလောက် သိထားတာတွေ ရှိတယ်။ ကိုယ်တိုင် သွားလိုက်တော့လည်း တချို့ကျတော့ ကိုယ်ထင်ထားတာနဲ့ ထပ်တူထပ်မျှ ဖြစ်နေတာတွေ ရှိသလို၊ ကိုယ်ထင်ထားတာထက် ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်နေတာကိုလည်း ကြုံတွေ့ခဲ့ရတယ်။ ပြည်ပကို မထွက်ခင် ရခိုင်ကို နောက်ဆုံးသွားခဲ့တာ ဆယ်နှစ် ဝန်းကျင် ရှိပြီ။ အဲဒီအချိန်နဲ့ ပြန်ပြီးတော့ ယှဉ်ကြည့်မယ်ဆိုရင် တိုးတက် ပြောင်းလဲမှုက ဘာမှ မတွေ့ရဘူး။ ပိုပြီးဆိုးလာတာပဲ တွေ့ရတယ်။ လမ်းပန်းဆက်သွယ်ရေးပဲ ဖြစ်ဖြစ်၊ အဲဒီမှာ လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေရဲ့ ရိုးရာဓလေ့တွေပဲ ဖြစ်ဖြစ် ပညာရေး ကျန်းမာရေးကအစ အသစ်ပြုပြင်ပြောင်းလဲတာကို မတွေ့ခဲ့ရပါဘူး။ ပြောရမယ်ဆိုရင် အခြေအနေတွေကတော့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး လိုနေသေးတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လယ်ယာမြေ သိမ်းပိုက်မှုတွေကျတော့ ပြီးခဲ့တဲ့ အာဏာရှင်တွေနဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ ခရိုနီတွေရဲ့ မြေသိမ်းပွဲကြီးလို့တောင် ပြောလို့ရတယ်။ ဒေသခံတွေလည်း အင်မတန်ကို အထိနာပြီးတော့ ရိုးရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေလည်း တဖြည်းဖြည်း ပျက်သုဉ်း၊ ဆုံးရှုံးလာတာ ကိုတွေ့ရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ အနေနဲ့ တတ်နိုင်သလောက် စုံစမ်းဖော်ထုတ်ပြီးတော့ ပြောဆို ထုတ်ပြန်ရမယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။

မေး။     ။ ရွှေဂတ်စ် ပိုက်လိုင်း စီမံကိန်း အကောင်အထည် ဖော်တဲ့ နေရာမှာ ခုနက ဦးဝင်းအောင် ပြောသလို လယ်ယာမြေ သိမ်းပိုက်မှုတွေ ရှိတယ်လို့ ကြားပါတယ်။ ကုမ္ပဏီတွေဘက်ကလည်း သက်ဆိုင်ရာ မြေပိုင်ဆိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းကို လျော်ကြေး ပေးပြီးပြီလို့ ဆိုတယ်။ တကယ်တမ်း ဓားမဦးချ လုပ်ကိုင်စားသောက်လာကြတဲ့ တကယ့် လယ်ယာလုပ်သူတွေ ကျတော့ လျော်ကြေး တပြားတချပ်မှ မရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ အဲဒါကျတော့ ကုမ္ပဏီဘက်ကကြည့်ရင်လည်း မမှားဘူး၊ ဒေသခံ လယ်သမားတွေဘက်ကကျတော့လည်း အကြီးအကျယ် နစ်နာနေတယ်။ အဲလို ပြဿနာတွေကိုကျတော့ ဘယ်လို ကြားဝင် ဖြေရှင်းပေးပါသလဲ။

ဖြေ။     ။ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ တကယ့်တကယ် သူတို့လုပ်တဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဒေသခံတွေ ထိခိုက် နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ အတွက် ထိုက်သင့်တဲ့ လျော်ကြေးရပိုင်ခွင့်က အကုန်လုံးမှာ တာဝန်ရှိပါတယ်။ ဒီမြေကို သိမ်းပိုက်တဲ့၊ လျော်ကြေးပေးတဲ့ ကော်မရှင် ကော်မတီသက်သက်မဟုတ်ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေက ဘယ်လောက်အထိ နိုင်ငံတကာ စံချိန် စံနှုန်းနဲ့ မီလဲ၊ ဒေသခံတွေရဲ့ အခွင့်အလမ်းတွေကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်သလဲ ဆိုတာ တွေကို သူတို့အနေနဲ့ လျစ်လျူရှုထားတယ်ဆိုရင် နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ စံချိန်စံညွှန်းတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီပိုင်း ဆိုင်ရာ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်တယ်လို့ ကျနော်ယူဆပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အဲဒီနေရာဒေသမှာ ဖြစ်နေတဲ့ ထိခိုက်နစ်နာမှုတွေကို လက်လွတ်စပယ် လုပ်မယ်ဆိုရင် သူတို့လုပ်တဲ့ လုပ်ရပ်တွေက အကုန်လုံး တာဝန်ရှိတယ်လို့ ကျနော်ယူဆပါတယ်။ MOGE က ဦးဆောင်ပြီး လုပ်နေတဲ့ လယ်ယာမြေ သိမ်းပိုက်မှုတွေမှာ ပွင့်လင်းမြင်သာမှု လုံးဝမရှိပါဘူး။

မေး။     ။ လယ်မြေ သိမ်းပိုက်တဲ့ ကိစ္စမှာ တချို့ကလည်း ကုမ္ပဏီကပေးတဲ့ လျော်ကြေးငွေကို ထိုက်သင့်တဲ့ နှုန်းနဲ့ ရလိုက်တယ်။ ဒီငွေက စီမံကိန်း မပြီးခင်မှာဘဲ ကုန်သွားပြီး စီမံကိန်းထဲမှာ နေ့စားအလုပ် လာလုပ်နေရတာ၊ လျော်ကြေး ထပ်လိုချင်တဲ့ ပြဿနာတွေလည်း ရှိနေတယ်လို့ သိရတယ်။ အဲဒီလို ပြဿနာတွေကိုကျတော့ ဘယ်လို ဖြေရှင်းသင့်ပါသလဲ။

ဖြေ။     ။ ကျနော်တို့ရဲ့ နိုင်ငံမှာက သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု မရှိကြဘူး။ လက်ရှိနိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေ အပါအဝင် နိုင်ငံရေး အင်အားစုတွေ အနေနဲ့ အစိုးရ သွားနေတဲ့ လမ်းကြောင်းတွေမှာ အရေးကြီးတဲ့ အချက်အလက်တွေကို ရဖို့ အင်မတန်ကို ခဲယဉ်းပါတယ်။ ဆိုတော့ ဒေသခံတွေ အနေနဲ့ ပိုပြီးတော့ ဝေးပါတယ်။ ဒီလို လယ်ယာမြေ သိမ်းပိုက်မယ်ဆိုရင် လယ်မြေကို သိမ်းပိုက်တာပဲဖြစ်ဖြစ်၊ တခြား ထိခိုက်နစ်နာမှုတွေကို ဒေသခံတွေအပေါ်မှာ ညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်တာပဲ ဖြစ်ဖြစ် ပိုပြီးတော့ လုံလောက်တဲ့ သတင်းအချက်အလက်တွေ ပေးသင့်တယ်။ ဆိုတော့ ဒီစီမံကိန်းက ဘယ်အနေအထားမှာ ရှိတယ်။ ဘယ်နှနှစ်ကြာမယ်၊ အကျိုးအမြတ် ခံစားခွင့် ဘယ်လောက်ရမယ်၊ သိမ်းပိုက်ထားတဲ့ လယ်မြေရဲ့ တန်ဖိုးက ဘယ်လောက် ဘယ်လောက် ထွက်မယ်၊ ရေရှည်မှာ ဒေသခံတွေရဲ့ ရပ်တည်ချက်က ငွေကြေး တခုတည်း မဟုတ်ဘူး၊ သူတို့ လုပ်ကိုင် စားသောက်နေတဲ့ နေရာ ပတ်ဝန်းကျင်အပေါ် မှီခို ရပ်တည်နေရပါတယ်။ ဒေသခံတွေရဲ့ ဖြတ်သန်းမှု၊ စိုးရိမ်မှု အခွင့်အလမ်းတွေကို ပွင့်လင်းမြင်သာအောင် လုပ်ပေးသင့်ပါတယ်။

မေး။     ။ တခြား တဘက်က တွေးကြည့်ရင် ဒီလို နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေ ရောက်လာတာဟာ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရောက်လာတာ မဖြစ်နိုင်ဘူးလား။ ကုမ္ပဏီတွေ ပြောတာကတော့ ဒေသခံတွေကို အလုပ်ပေးချင်ပေမယ့် လိုအပ်တဲ့ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု မရှိလို့ အလုပ်ကြမ်းသာ ပေးနိုင်တယ်လို့ ဆိုတယ်။ ဒါကရော ဒေသခံတွေရဲ့ လိုအပ်ချက် တခု ဖြစ်မနေဘူးလား။

ဖြေ။     ။ ဒေသခံတွေရဲ့ ပထမစိန်ခေါ်ချက်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာချိန်မှာ ကိုယ်တို့လူတွေက အဆင်သင့် မဖြစ်ကြဘူး။ အရည်အချင်း မပြည့်ကြဘူး ဆိုတာကလည်း အစိုးရရဲ့ ဒေသခံပြည်သူလူထုအပေါ်မှာ ပိုပြီးတော့ ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်နိုင်ဖို့အတွက် ပညာရေး၊ ကျန်းမာရေး စတာတွေကို ပျက်ကွက်ခဲ့လို့ ဖြစ်တယ်။ ဒေသခံတွေရဲ့ အခွင့်အလမ်း ဆိုတာက အလုပ်အကိုင် အခွင့်အလမ်းဆိုတာ အပြင် သူတို့ လောလောဆယ် အဲဒီနေရာဒေသတွေမှာ လုပ်ကိုင် စားသောက်နေတဲ့ မိရိုးဖလာ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ လိုပါတယ်။ ဖြစ်နေတဲ့ ပြဿနာတွေက အလုပ်အကိုင် အခွင့်အလမ်း အပါအဝင် သူတို့ရဲ့ မိရိုးဖလာ လုပ်ကိုင်စားသောက်လာခဲ့တဲ့ လုပ်ငန်းတွေ ပျက်စီးသွားတာ၊ ဆုံးရှုံးသွားတာ တွေက အင်မတန်ကို ဆုံးရှုံးမှုလို့ ပြောလို့ ရတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာတိုင်း အခန်း ကဏ္ဍ အသီးသီးမှာ ဒေသခံတွေရဲ့ အခွင့်အလမ်းကလည်း အင်မတန်ကို ပြဿနာရှိတယ်၊ ကျနော်တို့အတွက် စိန်ခေါ်မှုတရပ်လို့ ပြောလို့ရပါတယ်။

မေး။     ။ နောက်ဆုံး မေးခွန်း အနေနဲ့ ရွှေဂတ်စ်က ထွက်မယ့် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက် ဘယ်လောက် သုံးမယ်ဆိုတာမျိုး သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ သိရပြီလား သိချင်ပါတယ်။

ဖြေ။     ။ နှစ်သိမ့်မှုတွေတော့ ရှိတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကို တင်ပို့မယ့် ဓာတ်ငွေ့ရဲ့ ဘယ်နှရာခိုင်နှုန်းကို ရခိုင်ပြည်နယ် အတွက် ပေးသုံးမယ်၊ ဘယ်လို သုံးခွင့်ပေးမယ် ဆိုတာကို တရားဝင် သတင်းထုတ်ပြန်မှု လုံးဝမရှိသေးပါဘူး။ ကျနော် အပါအဝင် ရခိုင် ပြည်နယ်လူထု တရပ်လုံး အဲဒါကို သိချင်နေပါတယ်။ သယံဇာတတွေက ဒေသခံတွေ ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုတာ ကုလသမဂ္ဂမှာ အတိအလင်း ပြဌာန်းထားတယ်။ အတိုင်းအတာ တခုအထိ ခံစားပိုင်ခွင့် ရှိသင့်တယ်လို့ ကျနော်ထင်တယ်။     ။

Loading