ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်း
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့တော်အတွင်း နေ့စဉ် ကြုံတွေ့နေရသော ယာဉ်ကျပ်တည်းမှု အပါအဝင် တခြား ဘေးအန္တရာယ်များ ရှင်းလင်းရေး ရည်ရွယ်လျက် ရန်ကုန်မြို့တော် အများပြည်သူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Yangon City Public Transport Authority) ကို ဇန်နဝါရီ ၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ယင်း အဖွဲ့တွင် ဥက္ကဋ္ဌ ဦးကြည်သိန်း၊ အတွင်းရေးမှူး ဦးလှအောင် အပါအဝင် အဖွဲ့ဝင် ၁၀ ဦး ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အများပြည်သူ နေ့စဉ် အသုံးပြုလျက် ရှိသော ကုန်းလမ်း၊ ရထား၊ ရေယာဉ်နှင့် တခြားပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် စီမံခန့်ခွဲခြင်း၊ ယာဉ်ကျပ်တည်းမှု၊ ယာဉ်တိုက်ခိုက်မှု၊ ကျန်းမာရေး ထိခိုက်စေသော အငွေ့ အသက်များ ထုတ်လုပ်မှု စသော အခက်အခဲနှင့် အန္တရာယ်များကို ကွင်းဆင်း လေ့လာကာ နည်းလမ်းများ ရှာဖွေ တင်ပြပေးခြင်း၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ ထံမှ နည်းပညာ အကူအညီများ ရယူဆောင်ရွက်ပေးခြင်း၊ တရားဥပဒေ စိုးမိုးရေး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အား အထောက်အကူ ပေးခြင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆက်စပ် ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။