တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ ခုနှစ်က ဖျက်သိမ်းခံခဲ့ရသည့် ကင်းထောက်လူငယ်အဖွဲ့ကို ကလေးသူငယ်များ၏ စာရိတ္တနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

Scout ဟုခေါ်သော ကင်းထောက်လူငယ်အဖွဲ့မှာ “အစဉ်အသင့်” (Always Prepared) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အများပြည်သူကို ကူညီနိုင်ရန် အင်္ဂလိပ် အစိုးရက ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းဖြစ်ပြီး တော်လှန်ရေး ကောင်စီ လက်ထက်မှ စစ်အစိုးရ လက်ထက်တိုင် နှစ် ၅၀ နီးပါးကြာ ဖျက်သိမ်းခံထားရသည့် လူမှုအဖွဲ့အစည်း ဖြစ်သည်။
ယခုအခါ လူငယ်များကြား ပြည်သူနီတိနှင့် မြန်မာ့ဓလေ့ထုံးစံများ၊ စိတ်ဓာတ်နှင့် စာရိတ္တပိုင်း တိုးတက်စေရန်၊ ပြည်သူကို အကျိုးပြုနိုင်ရန် ကင်းထောက်အဖွဲ့ကို ပြန်လည် အသက်သွင်းခြင်း ဖြစ်ကြောင်း၊ ယခင်အစိုးရများ ဖွဲ့စည်းသည့် အဖွဲ့အစည်းများကဲ့သို့ စစ်ရေး၊ နိုင်ငံရေးတို့၌ ပတ်သက်စေမည် မဟုတ်ကြောင်း ကင်းထောက်သင်တန်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ပညာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးတင်ညိုက ဧရာဝတီသို့ ပြောသည်။
“ပညာရေးဝန်ကြီးဌာနက တာဝန်ယူဖွဲ့တယ် ဆိုပေမယ့်၊ ဟိုတုန်းက မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီက ဖွဲ့ခဲ့တဲ့ လမ်းစဉ်လမ်းလူငယ်၊ ရှေ့ဆောင်လူငယ်၊ တေဇလူငယ်တို့၊ နောက်ဒီဘက်ခေတ် ကြံခိုင်ရေး ပါတီဝင်ခိုင်းတာမျိုးနဲ့တော့ မတူဘူး” ဟု ဆိုသည်။
နိုင်ငံတကာ ကင်းထောက်အဖွဲ့ချုပ်၏ ကင်းထောက်သည် ဂုဏ်သိက္ခာကို စိတ်ချရသည်၊ ကိုယ်စိတ်နှလုံး သုံးပါး ကြည်ဖြူသန့်ရှင်း ရ မည်ဆိုသော ကျင့်ဝတ်များနှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ သူတပါးကို ကူညီနိုင်ရေး ထည့်သွင်းသင်ကြားသွားမည်ဟု ဦးတင်ညိုက ပြောသည်။
ကင်းထောက်ယူနီဖောင်းမှာ ကာကီအကျႌ၊ ဘောင်းဘီရှည်၊ လည်စည်းနီ၊ ကင်းထောက်တုတ်၊ ကတိသုံးပါးကို ဖော်ကျူးထားသည့် နိုင်ငံတကာ အမှတ်တံဆိပ်တို့ပင် ဖြစ်ပြီး ရှေးဦးသူနာပြုနည်း၊ ကြိုးချည်နည်း၊ တောစခန်းထွက်ခြင်း၊ စခန်းချနေထိုင်နည်း၊ သဘာဝကို စူးစမ်းလေ့လာခြင်းများကိုလည်း သင်ကြားပေးမည်ဟု သိရသည်။
အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် အခြေခံပညာကျောင်းသားများကို မူတည်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၈ ခုရှိ ကျောင်းပေါင်း ၁၈ ကျောင်းတွင် စတင်ဖွဲ့စည်းမည်ဟု သိရသည်။
လက်ရှိ ပညာရေးလောကတွင် ကျောင်းသားများမှာ အနားယူချိန်နည်းပါးကာ ကျောင်းသင်ခန်းစာဖြင့်သာ လုံးခြာလည်နေရပြီး မိဘများမှာလည်း စားဝတ်နေရေးကြောင့် သားသမီးများအား အချိန်ယူ ပြောဆိုနိုင်ခြင်း မရှိကြောင်း၊ ထို့အတွက် လှုပ်ရှားကစားရင်း ပညာယူနိုင်ရန် ထည့်သွင်းစဉ်းစားထားကြောင်း ဆရာကြီး ဦးတင်ညိုက ဆက်ပြောသည်။
ကနေဒါနိုင်ငံတွင် ကင်းထောက်ပညာနှင့် ပတ်သက်၍ တာဝန်ထမ်းဆောင်ဖူးသူ ဒေါက်တာ ခင်မောင်ကြွယ်ကလည်း ကင်းထောက်ဆိုသည်မှာ စစ်တပ်က ပို့ချသည့် ကင်းထောက်လှမ်းရေး မဟုတ်ဘဲ မျက်စိရှင်ခြင်း၊ ဖျတ်လတ်ခြင်း၊ သူတပါးကို ကူညီခြင်းဆိုသည့် အတတ်ပညာများသာ ဖြစ်ကြောင်း ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံ ၁၉၀ တွင် ကင်းထောက် လူငယ်အဖွဲ့များကို ဖွဲ့စည်းထားရာ ယခုအခါ သန်း ၃၀ ခန့် ရှိပြီဖြစ်ပြီး ကင်းထောက် အခေါ်အဝေါ်များမှာ အသက် ၈ နှစ်မှ ၁၂ နှစ် အရွယ်ကို ဝံပုလွေ၊ ၁၂ နှစ်မှ ၁၈ နှစ်အရွယ်ကို ကင်းထောက်၊ ၁၈ နှစ်ကျော်သူများကို လှည့်လည်သူ (Rover) ဟု ခေါ်ဆိုကြောင်း သိရသည်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ကာကီရောင်အကျႌ၊ ဘောင်းဘီတို၊ လည်စည်းနီဖြင့် ကင်းထောက် ကျောင်းသားများမှာ အလှည့်ကျ တောစခန်းထွက်ခြင်း၊ လူမှုရေးလုပ်ငန်းများလုပ်ခြင်းများ ဆောင်ရွက်ကြသည်။
အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကင်းထောက် (Scout) အဖွဲ့သည် ရပ်ရွာလူမှုရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သည်သာမက ဒုတိယ ကမ္ဘာစစ်အတွင်း လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၏ လုပ်ငန်းဆောင်တာ တချို့ကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။
ဂျပန်ခေတ်တွင် ကင်းထောက်အဖွဲ့ ယာယီရပ်ဆိုင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည်။ သမ္မတကြီး စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဂုဏ်ထူးဆောင် နာယကအဖြစ် ပါဝင်ခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် ကိုယ်တိုင် ကင်းထောက်မင်းကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည်။
တော်လှန်ရေးကောင်စီ လက်ထက်တွင် ကင်းထောက်အဖွဲ့ ဖျက်သိမ်းခြင်းခံရသည်။