ပြည်တွင်းပုဂ္ဂလိကသတင်းဂျာနယ်များဖြစ်ကြသည့် The Voice ဂျာနယ်နှင့် လျှပ်တပြက်ဂျာနယ်များကို သတ္တုတွင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားစွဲဆိုထားမှုများအပေါ် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ဝင်ရောက်ညှိုနှိုင်းလျက်ရှိကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်၏အမိန့်ဖြင့် ဖွဲ့စည်းတည်ထောင်ထားပြီး အဖွဲ့ဝင် ၂၇ ဦးပါရှိသော မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသည် ပုဂ္ဂလိကသတင်းဂျာနယ်နှစ်ခုအပေါ် အစိုးရအဖွဲ့အစည်းများက တရားစွဲဆိုမှုနှင့်စပ်လျဉ်းပြီး ညှိုနှိုင်းဆောင်ရွက်ရန် တင်ပြ ချက်များရှိလာသည့်အတွက် ကြားဝင်စေ့စပ်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လတ်တလော အမှုနှစ်ခုစလုံးမှာ တရားရုံးတင် စစ်ဆေးနေသော အမှုများဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဥက္ကဋ္ဌ၊ အငြိမ်းစားတရားရုံးချုပ်တရားသူကြီး ဦးခင်မောင်အေးက ဧရာဝတီသို့ ပြောသည်။
“ဂျာနယ်နှစ်ခုစလုံးအတွက် တင်ပြထားတယ်။ ကျနော်တို့ရဲ့ အဖွဲ့သားတွေဖြစ်တော့ အစည်းအဝေးမှာ တင်ပြထားရတာပေါ့။ ကူညီပါဆိုပြီး တင်ပြထားတာ။ သူတို့အကူအညီတောင်းကြတာပေါ့။ အမှုပိတ်တာ မပိတ်တာက စွဲတဲ့သူနဲ့ပဲဆိုင်မယ်” ဟု ဦးခင်မောင်အေးက ပြောသည်။
လတ်တလောတွင် The Voice ဂျာနယ်အမှုအတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် စကားစတင်ပြောဆိုနေပြီဖြစ်သော်လည်း လျှပ်တပြက်ဂျာနယ်အမှုအတွက်မူ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့်ချိတ်ဆက် မရသေးကြောင်း ဦးခင်မောင်အေးက၏ ရှင်းပြချက်အရ သိရှိရသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဖြစ်သူ ဦးသီဟစောကမူ စာနယ်ဇင်းကောင်စီ၏ ကြားဝင်စေ့စပ်မှု အောင်မြင်ပါက စာနယ်ဇင်းလောကအတွက် နမူနာကောင်းတခုဖြစ်လာနိုင်ပြီး စာနယ်ဇင်းကောင်စီအပေါ် ယုံကြည်ကိုးစားမှုရရှိနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
“စာနယ်ဇင်းကောင်စီက လုပ်နေတာတွေတော့အများကြီးပဲ။ ဒါပေမယ့်လည်း ဒါတခုအောင်မြင်သွားရင်တော့ စာနယ်ဇင်းလောကအတွက် နမူနာဥပမာပေးစရာကောင်း တခုဖြစ်လာမယ်” ဟု ဦးသီဟစောက ပြောသည်။
သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာနများ အလွဲသုံးစားလုပ်ကြောင်း လွှတ်တော်ငွေစာရင်း ကော်မတီ အစီရင်ခံစာကို ကိုးကား၍ သတင်းရေးသားခဲ့သောကြောင့် သတ္တုတွင်းဝန်ကြီးဌာနက တရားလိုပြုလုပ်ပြီး The Voice Weekly ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုဖြင့် ၂၀၁၂ ခုနှစ်တွင် ဒဂုံမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာများက မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရသည်ဟု မှားယွင်း ဖော်ပြခဲ့သည့်အတွက် နိုင်ငံပိုင် သတင်းစာအမှား မည်သူ တာဝန်ယူမည်နည်း ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ရေးသားခဲ့သည့်အပြင် ကျောက်နီမော် ကျေးရွာ၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသော မသီတာထွေး၏ ဓာတ်ပုံကိုပါ ဖော်ပြခဲ့မှုကြောင့် လျှပ်တပြက်ဂျာနယ်ကို စာပေစိစစ်ရေး၏ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၂ခုနှစ် ဇူလိုင်လတွင် စတင် တရားစွဲဆိုခဲ့သည်။
လျှပ်တပြက်ဂျာနယ်ဂျာနယ်ကို တရားမစွဲဆိုမှုမပြုသေးမီ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက သတင်းမီဒီယာများတွင် ရခိုင်ပဋိပက္ခကို ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ရေးသား ပါက ပုဒ်မ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၉ နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်း ၂၀၁၂ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အခမ်းအနားတွင် မီဒီယာများကို သတိပေး ပြောဆိုခဲ့သေးသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ပြန်ကြားရေးဝန်ကြီးသစ်ဦးအောင်ကြည်က ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့ခေတ်အတိုင်ပင်ခံအယ်ဒီတာဦးဝံသ၊ အတွင်းရေးမှူးအဖြစ် ဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ဒေါ်နန်းကလျာဝင်းတာဝန်ယူ ထားကာ အဖွဲ့ဝင် ၂၇ ဦးပါဝင်သည်။