မသန်စွမ်းသူများသည် မကြာခဏ နည်းအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခံနေရသော်လည်း ဥပဒေကြောင်းအရ ထိရောက်သော အကာအကွယ်ပေးမှု မရှိသေးကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
မသန်စွမ်းကလေးငယ် တဦး၏ ဘဝကံ ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ အကြံပြု ဆွေးနွေးပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် တောင်ဒဂုံမြို့နယ်အတွင်း၌ အသက် ၁၂ နှစ်အရွယ် မသန်စွမ်း မိန်းကလေးငယ် တဦးကို သဘာဝအတိုင်း မဟုတ်သည့် အဓမ္မပြုကျင့်မှု တခုဖြစ်ပွားခဲ့ကြောင်း၊ လွန်ခဲ့သော ၅ နှစ်တာ ကာလကလည်း ခြေနှစ်ဘက်မရှိသော မသန်စွမ်းသူ တဦး ခြေတုတပ်မထားသည့် အချိန်တွင် ဓားဖြင့် အချက်ပေါင်း မြောက်မြားစွာထိုးကာ သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားစဉ်နှင့် မင်္ဂလာတောင်ညွန့် မီးလောင်မှု ဖြစ်ပွားစဉ် ကလည်း မသန်စွမ်းများ သေဆုံးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီလိုဖြစ်စဉ်မျိုးက မကြာခဏ တိုင်ကြားတာတွေ၊ အသိပေးတာတွေ၊ ရင်ဖွင့်တာတွေ အများကြီးရှိခဲ့တယ်။ ပညာရေးမှာလည်း ငြင်းပယ်ခြင်း ခံထားရတယ်၊ သို့မဟုတ် လှိုက်လှိုက်လှဲလှဲ မကြိုဆိုဘူး။ ကျောင်းရဲ့ အခမ်းအနားတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အများကြီး ကြုံနေရတယ်” ဟု သူက ဆိုသည်။
မတရား ပြုကျင့်ခံခဲ့ရသော မသန်စွမ်းသူများတွင် အများအားဖြင့် စကားမပြောဆို နိုင်သည့် ဆွံ့အနားမကြား မိန်းကလေးများ
အများဆုံး ပါဝင်ခဲ့ပြီး ၎င်းတို့သည် ကိုယ်ကာယအားဖြင့် သာမန် မိန်းကလေးကဲ့သို့ပင် စွဲမက်ဖွယ် ရှိသော ကိုယ်ကာယကို ပိုင်ဆိုင်သော အခြေအနေ ရှိနိုင်မည်ဖြစ်ကြောင်း ဦးမြတ်သူက ဆက်ပြောသည်။
တောင်ဒဂုံတွင် ဖြစ်ပျက်ခဲ့သော မသန်စွမ်း မိန်းကလေး၏ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မိဘများ အပြင်သွားနေခိုက် အိမ်၌ အစ်မတဝမ်းကွဲနှင့် အတူရှိစဉ် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူက အစ်မဖြစ်သူအား အပြင်သို့ ဓာတ်ခဲသွားဝယ်ရန် ခိုင်းစေခဲ့သည်ဟု သိရသည်။
အစ်မဖြစ်သူက ဓာတ်ခဲသွားမဝယ်သေးဘဲ ရေအိမ်သို့ သွားပြီးအပြန်တွင် မသန်စွမ်း မိန်းကလေးအား သဘာဝအတိုင်း မဟုတ်ဘဲ အဓမ္မ ပြုကျင့်သည်ကို တွေ့ခဲ့ရကြောင်း၊ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းသည့်အခါတွင် ကျူးလွန်သူက ထွက်ပြေးသွားကြောင်း၊ ယခုအချိန်တွင် အဆိုပါ ကျူးလွန်သူကို တောင်ဒဂုံ ရဲစခန်းတွင် ပုဒ်မ ၃၇၆/ ၅၁၁၊ ပြစ်မှုအမှတ် ပ/ ၁၃၃၁/၂၀၁၂ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိနေကြောင်း၊ အဆိုပါ အဓမ္မ ပြုကျင့်ခံရသူ မိန်းကလေးသည် ယမန်နှစ်ကမှ သူငယ်တန်းသို့ တက်ရောက် ပညာသင်ကြားခဲ့သူဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံမှ ဆေးစစ်ချက်များလည်း ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။
“ကလေးက အောက်ပိုင်း မသန်ပေမယ့် သူ့ကို အဓမ္မ ကျင့်တယ် ဆိုတာကို ပြောတတ်ပါသေးတယ်။ ကျမက မိခင်တယောက် ဖြစ်တဲ့အတွက် သမီးလေးရဲ့ အခုလိုဖြစ်စဉ်ကိုကြည့်ပြီး အရမ်း ခံစားရပါတယ်။ ဒီလို မသန်စွမ်းလို့ အနိုင်ကျင့်ခံရတာလား၊ ဘယ်လိုကြောင့်များ အခုလို အနိုင်ကျင့်ရတာလဲ” ဟု သူက ဆိုသည်။
မသန်းစွမ်းသူများ အနေဖြင့် မသန်စွမ်း ဖြစ်နေသောကြောင့် စိတ်ဓာတ်မကျဘဲ စိတ်ဓာတ် မြင့်မားရန် ကြိုးစားဖို့ လိုအပ်ကြောင်း၊ ကာယကံရှင် မသန်စွမ်းများသာ ကြိုးစားရုံမျှမကဘဲ ပတ်ဝန်းကျင် တခုလုံးကပါ မသန်စွမ်းသူ များနှင့် ထိတွေ့ ဆက်ဆံပြီး အားပေးမြှင့်တင် ပေးရန် လိုအပ်ကြောင်း၊ ၎င်းတို့အတွက် အစိုးရကလည်း ပိုမို အာမခံချက် ပေးနိုင်ရန်နှင့် ပြည်သူ့လွှတ်တော် အနေဖြင့်လည်း ၎င်းတို့အတွက် အာမခံချက်ပေးနိုင်မည့် ဥပဒေများကို ထုတ်ပြန်ပေးရန် တိုက်တွန်း ကြောင်း ရှေ့နေများကွန်ယက်မှ ဦးအောင်းသိန်းက ပြောသည်။
ထို့အပြင် တခြားနိုင်ငံများတွင် ထိုကဲသို့ ဖြစ်ပျက်လာပါက ကျူးလွန်ခံရသူနှင့်တကွ မိဘများကိုပါ မှတ်ပုံတင်များ ပြောင်းလဲ ထုတ်ပေးတတ်ပြီး တခြားနေရာတွင် ၎င်းတို့ အခြေချ ရွှေ့ပြောင်း နေထိုင်နိုင်ရန် နိုင်ငံတော်က စီမံဆောင်ရွက် ပေးကြောင်းရွှေမင်းသား ဖောင်ဒေးရှင်း၏ မိတ်ဖက် အဖွဲ့အစည်းမှ ဒေါက်တာကျော်သူက ပြောသည်။