အမေရိကန် အထက်လွှတ်တော် အမတ်နှင့် အဖွဲ့အား သမ္မတ ဦးသိန်းစိန် တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် အမတ် Mr. James Mountain Inhofe ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
တွေ့ဆုံပွဲ၌ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်သွယ်မှုသဘောတူ စာချုပ်များနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဖြင့် မြန်မာပြည်သူများ၏ လူမှုဘဝမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ ရှာဖွေရေး၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ့တပ်မတော်မှ အရာရှိငယ်များအား လေ့ကျင့် သင်ကြားပေးရေးနှင့် ရေရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှု ထူထောင်နိုင်ရေး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။