မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ ပညာရှင်များနှင့် နိုင်ငံခြားသား ခံယူထားသော မြန်မာများအတွက် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence – PR) ပေးရန် ဥပဒေမူကြမ်းတရပ် စတင်ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားပြီး ပြည်ပနိုင်ငံခြားသား ခံယူထားသူများ အနေဖြင့် အမြဲတမ်းနေထိုင်ခွင့် PR စနစ်ဖြင့် မိခင်နိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်မည်ဟု ယမန်နှစ် အမေရိကန် ခရီးစဉ်အတွင်း ပြောဆိုခဲ့ပြီးနောက် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်သော ကော်မတီများ ဖွဲ့စည်းခြင်း၊ ဥပဒေဆိုင်ရာ ကိစ္စများကို အလျင်အမြန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ဥပဒေမူကြမ်းတရပ်ကို စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရသည်။
PR စနစ် (ခေါ်) အမြဲတမ်းနေထိုင်ခွင့် ဥပဒေမူကြမ်းတွင် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူများ၊ ပညာရှင်များနှင့် နိုင်ငံခြားသား ခံယူထားသော မြန်နမာနိုင်ငံသားဟောင်းများ အပါအဝင် အားလုံးအတွက် ရည်ရွယ်ထားပြီး ဥပဒေအမြန်ဆုံး ပြီးစီးရေး ဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၁၃ ခုနှစ်အတွင်း ပြီးစီးမည်ဟု မျှော်လင့်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။
“အဆင့်ဆင့် တင်ပြပြီးတော့မှ ခွင့်ပြုချက်ရတဲ့အခါမှာ ဆောင်ရွက်မှာဆိုတော့၊ ဒီ ၂၀၁၃ ခုနှစ်ထဲမှာ ဥပဒေအဖြစ် တရားဝင် ထွက်လာနိုင်ခြေများပါတယ်။ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေလည်း လုပ်ရမှာဆိုတော့လေ။ မူကြမ်းဆွဲတာကတော့ ရင်းနှီးမြှုပ်နှံတဲ့သူရော၊ ပညာရှင်ရော၊ မြန်မာနိုင်ငံသားဟောင်းတွေရောပေါ့၊ အားလုံးပါပါတယ်။ ဥပဒေနဲ့ ဆွဲရတာဆိုတော့ အားလုံးပြီးပြည့်စုံအောင် လုပ်ရတာပေါ့။ ပြီးစီးမယ့် အချိန်အတိုင်းအတာ အတိအကျကတော့ ပြောဖို့ခက်ပါသေးတယ်။ ခန့်မှန်းရေးဆွဲတာတွေပဲ ရှိတယ်။ မူကြမ်းပဲ ရှိပါသေးတယ်။ ဌာနဆိုင်ရာ တွေအားလုံးကို အစည်းအဝေးတွေ ခေါ်လုပ်ရတာပါ” ဟု ဦးမောင်မောင်သန်းက ဆိုသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က အမြဲတမ်းနေထိုင်ခွင့် PR စနစ် ဥပဒေကြမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသူများကို အမြဲတမ်းနေထိုင်ခွင့် ပြုမှုကြောင့် နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးပွားစေမည် ဖြစ်ကြောင်း ပြောသည်။
“ဒီမှာ လုပ်ငန်းရှိတယ်၊ ရင်းနှီးမြှုပ်နှံထားတယ်ဆိုရင် လုပ်ငန်းတွေ ကြီးကြပ်ဖို့၊ ဆောင်ရွက်နိုင်ဖို့အတွက် နေထိုင်ခွင့် ပေးတယ်ဆိုတာ နိုင်ငံအတွက် ဆုံးရှုံးစရာ၊ ထိခိုက်စရာ မရှိပါဘူး။ ကြောင့်ကြစရာ မလိုဘဲနဲ့ နေထိုင်လို့ရတော့ လုပ်ငန်းပေါ်မှာ အာရုံစူးစိုက်နိုင်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေသူတွေအတွက် အများကြီး အဆင်ပြေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုကောင်းစေမယ့် အခွင့်အလမ်းတွေ များစေပါတယ်” ဟု ဦးဝင်းအောင်က ရှင်းပြသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ရေးဆွဲလျက်ရှိသော အမြဲတမ်းနေထိုင်ခွင့် ဥပဒေကြမ်းသည် ဥပဒေအဖြစ် အတည်ပြုရန် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပြီး လွှတ်တော်က အတည်ပြုမှသာ အတည်ဖြစ်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံနှင့်လူမျိုး အကျိုးပြုသော ဥပဒေဖြစ်ပါက အမြန်ဆုံး အတည်ပြုပေးလိမ့်မည်ဖြစ်ကြောင်း ပြောသည်။
အမြဲတမ်းနေထိုင်ခွင့်၏ သက်တမ်းမှာ ၃ နှစ်နှင့် ၅ နှစ်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် တရားဝင် ပြောဆိုခဲ့သည်။