သတင်း

ဆေးစစ်မှု ခံယူရသည့် ဦးအောင်မင်း အနားယူမည်မဟုတ်ဟု ဆို

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် ကျန်းမာရေး အခြေအနေကြောင့် ဆေးစစ်မှု ခံယူရသော်လည်း အနားယူမည် မဟုတ်ကြောင်း သိရသည်။

“ရင်ဘတ်နည်းနည်း အောင့်လို့ ဆေးစစ်ကြည့်တော့ နှလုံးမကောင်းဘူး။ ဒီတော့ အချိန်နည်းနည်း အနားယူဖို့ လိုအပ်တယ်လို့ ဆရာဝန်က တိုက်တွန်းတာပေါ့။ သူက ပြည်သူ့ဝန်ထမ်းဆိုတော့ သမ္မတက ဘယ်လောက်နားခွင့် ပေးမလဲ မသိသေးပါဘူး” ဟု ဦးအောင်မင်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ဦးအောင်မင်းသည် နှလုံးအခြေအနေ ပုံမှန်မဟုတ်သည့်အတွက် ရန်ကုန်မြို့ ဝီတိုရိယဆေးရုံ၌ ယမန်နေ့တွင် ဆေးစစ်ဆေးမှု ခံယူလိုက်ရခြင်းနှင့် ပတ်သက်၍ ၎င်း အနားတော့မည်ဟူသော သတင်းအမျိုးမျိုး ထွက်ပေါ်နေသည်။

ဦးအောင်မင်းသည် လက်ရှိတာဝန်များမှ အနားယူတော့မည်ဟု သတင်းထွက်ပေါ်နေခြင်းသည် ကောလာဟလသာ ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်သွားပါက ၎င်း၏တာဝန်များကို ပုံမှန်အတိုင်း ဆက်လက် တာဝန်ထမ်းဆောင် သွားမည် ဖြစ်ကြောင်း ဦးအောင်မင်းနှင့် နီးစပ်သူက ဆိုသည်။

ဦးအောင်မင်းသည် ဆေးရုံတက်ရခြင်း မရှိဘဲ ဆေးစစ်မှု ခတ္တ ခံယူခြင်းသာဖြစ်ကြောင်း၊ ယခုအခါ ၎င်း၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်သည့်အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်သွားကြောင်း သိရသည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် အကျိုးဆောင်ပေးသူ ကချင် အကျိုးဆောင်အဖွဲ့မှ ဦးစန်းအောင်ကမူ ဦးအောင်မင်း၌ ဖိအားများရှိနေပြီး အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကိုလည်း အပြောင်းအလဲလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

“ဦးအောင်သောင်းနဲ့ ဆွေးနွေးတာ မအောင်မြင်တော့ ဦးအောင်မင်းကို တာဝန်လွှဲပေးတယ်။ အခု ဦးအောင်မင်းနဲ့ ဆွေးနွေးတာလည်း ဘာမှမထူဘူးဆိုတော့ လူစားထိုးမယ်လို့ သတင်းတွေ ကြားနေတယ်။ ဘယ်သူဆိုတာတော့ ကျနော်တို့လည်း သေချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။

သို့သော် အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးကမူ အပြောင်းအလဲ အစီအစဉ်မရှိသေးဟု ပြောဆိုပြီး KIO/KIA အဖွဲ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း မဖြစ်မနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်တိုင် ဆွေးနွေးပွဲ ဖြစ်မြောက်မည်ဟု ယူဆကြောင်း၊ သို့သော် အချိန်ကာလကိုမူ အတိအကျပြောရန် ခက်ခဲကြောင်း ပြောသည်။

ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ဦးဆောင်သည့် အဖွဲ့နှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ခဲ့စဉ်က သဘောတူညီမှု ရခဲ့သည့် အချက်များကို ဦးအောင်မင်းက ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်မှုမရှိဘဲ အသစ်တဖန် စတင် လုပ်ဆောင်ကြောင်း၊ ထို့ကြောင့် နောက်တကြိမ် လူစားထိုး ဆွေးနွေးပါက ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုသည် လက်တွေ့ ဖြစ်လာမည် မဟုတ်ဟုလည်း ဦးစန်းအောင်က ဆိုသည်။

“ပထမလူနဲ့ ဆွေးနွေးမှု ရလဒ်ကို နောက်လူက ကယ်ရီလုပ်လာပြီး အကောင်အထည် ဖော်မယ်ရင် ငြိမ်းချမ်းရေး ရနေလောက်ပြီ” ဟုလည်း ဆိုသည်။

အစိုးရအနေဖြင့် အပြောတမျိုး အလုပ်တမျိုး လုပ်ဆောင်နေခြင်းကြောင့် အစိုးရ၏ ငြိမ်းချမ်းရေး လမ်းစဉ်ကို သံသယ ဖြစ်ပေါ်နေပြီး သတိထားစောင့်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဦးအောင်မင်းတို့ထံမှ တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း၊ လက်ရှိတွင် KIA အပေါ် ထိုးစစ်ဆင်မှုများကြောင့် ငြိမ်းချမ်းရေးကိစ္စ ဖြစ်ပေါ်လာနိုင်စရာ မရှိသေးဟု ကချင်အဖွဲ့များက ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO/KIA အဖွဲ့တို့အား လက်ရှိ ကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း ကြေညာချက်တစောင်ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသော်လည်း အစိုးရ တပ်မတော်ကို တိုက်တွန်းခြင်း မရှိသေးပေ။

Loading