အမေရိကန်ပြည်ထောင်စုရောက် ကချင်လူမျိုး ကေဘရန်အောင်ဟာ နေအိမ်မှ မိုင်ပေါင်း ၁၁၀၀ ကျော် ကွာဝေးတဲ့ ဝါရှင်တန် ဒီစီမြို့ရှိ အမေရိကန် သမ္မတ အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးချုပ်တို့ရဲ့ ရှေ့မှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့ ဆန္ဒပြပွဲကို ပူးပေါင်းဖို့ရန်အတွက် နာရီ ၂၀ လောက် မောင်းနှင်လာခဲ့ရပါတယ်။
သူနေထိုင်တာက အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းရှိ နေဘရာစကာပြည်နယ်၊ အိုမာဟာမြို့မှာပါ။ ယမန်နေ့က တခြား အမေရိကန်ရောက် ကချင်တွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ်အတွင်း သူဟာ ကချင်ရိုးရာ ဓားကို စလွယ်သိုင်းထားတဲ့အတွက် ရဲအရာရှိတွေနဲ့ အထူးလုံခြုံရေး တပ်ဖွဲဝင်တွေရဲ့ လက်ထိပ်ခတ်၊ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။
ကချင်ဓားကို စလွယ်သိုင်း လွယ်ထားခဲ့ကြတဲ့ သူနဲ့ သူ့သူငယ်ချင်း တယောက်တို့ဟာ ဖမ်းဆီးခံခဲ့ရပြီးနောက် ၁၀ မိနစ်လောက်အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒါကလည်း အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြဖို့ ဦးဆောင် စီစဉ်ခဲ့ကြတဲ့ ကချင်မဟာမိတ်အဖွဲ့ တာဝန်ရှိသူတွေက အခုလို ကချင်ဓားကို စလွယ်သိုင်း လွယ်ထားတာဟာ ကချင်ရိုးရာထုံးစံအရ လွယ်ထားခြင်းသာဖြစ်ပြီး လုံခြုံရေးကို ခြိမ်းခြောက်ဖို့ လွယ်ထားခဲ့တာ မဟုတ်ဘူးလို့ ရှင်းလင်း ပြောကြားအပြီးမှာ အခုလို ပြန်လွတ်လာတာလည်း ဖြစ်ပါတယ်။
အမေရိကန်ရောက် ကချင်တွေရဲ့ အိမ်ဖြူတော်ရှေ့ လူစုလူဝေးနဲ့ ဆန္ဒပြနေချိန်မှာ အိမ်ဖြူတော်ထဲမှာ သမ္မတ အိုဘားမား ရှိနေခဲ့ပါတယ်။ ဆန္ဒပြသူ ကချင်-အမေရိကန်တွေက ကချင်ပြည်နယ်က သူတို့ရဲ့ ဆွေးမျိုးသားချင်း ကချင်ပြည်သူတွေဟာ မြန်မာအစိုးရရဲ့ တိုက်ခိုက်သတ်ဖြတ်နေမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေရတာတွေကို အကာအကွယ်ပေးရေး၊ ဝင်ရောက်ကူညီပေးရေးအတွက် သမ္မတ အိုဘားမားကို တောင်းဆိုနေခဲ့ကြပါတယ်။
“ဒါက သမ္မတ အိုဘားမားအနေနဲ့ ကျနော်တို့ ဆွေမျိုးသားချင်းတွေကို သတ်နေတဲ့ မြန်မာအစိုးရနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ အချိန်တန်ပြီလို့ ပြောချင်တယ်” လို့ ကေဘရန်အောင်က ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၉ လလောက်က မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းတခုနေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာခဲ့သူပါ။
အစိုးရ စစ်တပ်ဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို ထိုးစစ်များ ဆင်နွှဲလာခဲ့ရာမှာ လွန်ခဲ့တဲ့ လကစပြီး KIA ဌာနချုပ် လိုင်ဇာအနီးပတ်ဝန်းကျင်ကို လေကြောင်း စစ်ကူ တိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာပါ။ အဆိုပါနေရာတွေဟာ ကချင်အရပ်သား ဒုက္ခသည် ထောင်ချီပြီး စု ဝေးနေထိုင်ရာ ဒေသတွေလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဝါရှင်တန်က ဆန္ဒပြ ကချင် မဟာမိတ်အဖွဲ့အနေနဲ့ သမ္မတ အိုဘားမားကို သူ့အနေနဲ့ ဝင်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရေး နည်းလမ်းရှာဖွေပေးဖို့ စာတစောင်ကိုလည်း ပေးခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီယား နူလန်းကတော့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲများကို အမေရိကန် ပြည်ထောင်စုက စိုးရိမ်ကြောင်းနဲ့ မြန်မာအစိုးရ အပါအဝင် သက်ဆိုင်သူအားလုံးကို ငြိမ်းချမ်းရေး စကားပြောဆိုမှုမှာ စေ့စပ်ညှိနှိုင်းကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာ့အရေး လှုပ်ရှားတဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် US Campaign for Burma (USCB) ညှိနှိုင်းရေးမှူး မရ ဒါဂေးပေါ (Myra Dahgaypaw) က ကချင်ဒုက္ခသည်များဟာ ယခုအခါ လူသားချင်း စာနာထောက်ထားရေး အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ထားတဲ့ နယ်မြေများသို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များရဲ့ အကူအညီပေး ထောက်ပံ့နိုင်မယ့် လမ်းကြောင်းများကိုလည်း မြန်မာ အစိုးရကလည်း ပိတ်ဆို့ထားကြောင်း ပြောပါတယ်။
“ကချင်ပြည်သူတွေ အခုလို လူမျိုးတုန်း သတ်ဖြတ်ခံနေရမှုတွေ ရပ်တန့်သွားရေးအတွက် အမေရိကန် ပြည်ထောင်စုက အရေးပေါ် လုပ်ဆောင်ဖို့လိုပါတယ်” လို့ ကချင် မဟာမိတ်အဖွဲ့မှ အင်ဆန် ဂွမ်ဆန်က ဆိုသည်။ အင်ထန် ဂွမ်ဆန်သည် အမေရိကန်ရောက် နာမည်ကြီး ကချင် လက်ဝှေ့သမား အင်ဆန် အောင်လ၏ အစ်ကို ဖြစ်ပါတယ်။
ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် ကချင်တိုင်းရင်သား ၃ ထောင်ကျော်ခန့် နေထိုင်နေကြကြောင်း ခန့်မှန်းချက်များအရ သိရပါတယ်။
“အိုဘားမား အစိုးရအနေနဲ့ လူ့အခွင့်အရေးတွေကို တန်ဖိုးထားမယ်လို့ ကျတော်တို့မျှော်လင့်ပါတယ်။ သတ်ဖြတ်ခံ နေရသူတွေအတွက် အသံတခုဖြစ်လာမယ်လို့ သူ (အိုဘားမားအစိုးရ) တို့ကို မျှော်လင့်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာပြည်မြောက်ဖျားက ဒီလို ရက်စက်မှုတွေကို ရှုတ်ချဖို့ တာဝန်လည်း ရှိသလို လုပ်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်” လို့ ဂွမ်ဆန်က ဆိုပါတယ်။
“အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို မမြင်ချင်ယောင် မဆောင်သင့်ပါဘူး၊ အမေရိကန် ပြည်ထောင်စုအနေနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည် လုပ်ဆောင်ပါလို့ ကျနော်တို့ တိုက်တွန်းပါတယ်” လို့ ကချင် မဟာမိတ်အဖွဲ့တည်ထောင်သူ တဦးဖြစ်တဲ့ ဆွတ်နောင် အင်ဒါယူးက ဆိုပါတယ်။
ဆွတ်နောင် အင်ဒါယူးဟာ ဝါရှင်တန် ဒီစီကို ဆန္ဒပြဖို့အတွက် နေထိုင်ရာ တက္ကဆက်ပြည်နယ်ကနေ လာသူ ဖြစ်ပါတယ်။
“အမေရိကန် ပြည်ထောင်စုက ကချင်ပြည်နယ်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ရေငုံနုတ်ပိတ်နေ နေတယ်။ အိုဘားမား အစိုးရအနေနဲ့ ဒီသတ်ဖြတ်နေမှုတွေ အဆုံးသတ် ရပ်တန့်သွားဖို့ ကျနော်တို့ကို ကူညီပေးစေချင်ပါတယ်။ မြန်မာအစိုးရကိုလည်း ဖိအားပေးစေချင်ပါတယ်” လို့ သူက ပြောပါတယ်။