ကချင်ပြည်နယ်တွင် စစ်ရေးအရ အင်အားသုံး ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ပြီး နိုင်ငံရေးအရ အမြန်ဆုံး ဆွေးနွေးအဖြေရှာရန် ပထမအကြိမ် ရခိုင်အမျိုးသားအလုပ်ရုံ ဆွေးနွေးပွဲက တိုက်တွန်းလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယခုလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသော ပထမအကြိမ် ရခိုင်အမျိုးသားအလုပ်ရုံ ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းတောင်းဆိုခြင်း ဖြစ်သည်။
ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “ကချင်တွေဟာ ဆိုလို့ရှိရင် ကျမတို့တွေရဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်တယ်။ ကချင်ဒေသမှာ ထိုးစစ်ဆင်နေတာ ဆိုလို့ရှိရင် လုံးဝမတရားတဲ့ကိစ္စ ဖြစ်တယ်လို့ ကျမတို့ အနေနဲ့ သုံးသပ်တယ်။ ဒီလိုထိုးစစ်ဆင်ပြီးတော့ တိုက်ခိုက်လို့ ဒီစစ်ပွဲဟာ အဆုံးသတ်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့က ဒီပွဲမှာ ကချင်တွေအပေါ်မှာ ထိုးစစ်ဆင်နေမှုကို ရပ်ဆိုင်းပြီးတော့မှ နိုင်ငံရေးအရ အဖြေရှာဆွေးနွေးမှုကို တောင်းဆိုးရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၄ ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ပအခြေစိုက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀ ကျော် တက်ရောက် ဆွေးနွေးကြောင်း သိရသည်။
ထုတ်ပြန်ကြေညာချက်တွင် အချက် ၆ ချက်ပါဝင်ပြီး ရခိုင့်ကံကြမ္မာကို ရခိုင်တို့ ဖန်တီးနိုင်ရေး၊ ရခိုင်အမျိုးသား ညီညွတ်ရေး အကျိုးဆောင်ကော်မတီဖွဲ့စည်းခြင်း၊ ဘင်္ဂါလီများနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်င့သားဖြစ်မှု ဥပဒေအရ နိုင်ငံသား စိစစ်ရေး လုပ်ငန်းများ မှန်ကန်စွာ ပြုလုပ်ပြီး ဥပဒေနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ရန် အစိုးရအား တောင်းဆိုခြင်း၊ ရသေ့တောင်ဒေသ လူထုအစည်းအဝေး ဆုံးဖြတ်ချက်၊ ကန့်ကွက်ချက်များကို ထောက်ခံခြင်း စသည်တို့ ပါဝင်သည်။
ယမန်နှစ် အောက်တိုဘာလ ၂၅-၂၆ ရက်နေ့များက ရသေ့တောင်မြို့တွင် ကျင်းပသော လူထုစည်းဝေးပွဲက နယ်စပ်လုံခြုံရေး၊ စီးပွားရေးဇုန်များတွင် ဒေသခံများ ပါဝင်နိုင်ရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေး မြင့်တင်ရေး စသည်တို့ကို အစိုးရအား တောင်းဆိုသည့် ဆုံးဖြတ်ချက် ၁၈ ချက် ချခဲ့ကြောင်း သိရသည်။ ထို့အပြင် ရခိုင်၊ ဘင်္ဂါလီ အတူ ယှဉ်တွဲနေထိုင်ရေး၊ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ စွက်ဖက်မှု၊ ပြည်တွင်း၊ ပြည်ပ မီဒီယာများက ရိုဟင်ဂျာဟု သုံးစွဲမှု၊ လေးမြို့ ရေအားလျှပ်စစ် စီမံကိန်း စသည့် အချက် ၈ ချက်ကို ကန့်ကွက်ခဲ့ကြသည်။
ရခိုင်အမျိုးသားအလုပ်ရုံ ဆွေးနွေးပွဲက ရခိုင်အမျိုးသား ညီညွတ်ရေး အကျိုးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီး ရခိုင့်တပ်မတော်(AA)၊ ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ဒီမိုကရက်တစ်ပါတီ(DPA)၊ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) တို့ ပါဝင်ကြောင်း သိရသည်။
ထုတ်ပြန်ကြေညာချက်၌ ပြည်တွင်း၊ ပြည်ပတွင် ရခိုင်တိုင်းရင်းသားများ အကြမ်းဖက်ခံရမှုများအပေါ် အကာအကွယ်ပေးရေး တောင်းဆိုချက်လည်း ပါဝင်ကြောင်း သိရသည်။