လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(DPNS) သည် ပြည်တွင်း၌ တရားဝင် ပါတီတည်ထောင်၍ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
DPNS သည် ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက် အပါအဝင် ပြည်တွင်း၌ ကြုံတွေ့နေရသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန် အခြားပါတီများနှင့် ရင်းနှီး ညီညွတ်စွာ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် DPNS အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြောကြားသည်။
“ကျနော်တို့ ပါတီက မြန်မာပြည်မှာ မြေပေါ်လှုပ်ရှားမှုတွေ စတင်လုပ်ဆောင် တော့မယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့လည်း ပြောပြီးသွားပြီ။ ပါတီထောင်ဖို့ အမြန် ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။
DPNS ပါတီရုံးခန်းများကို ၆ လ အတွင်း ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်သကဲ့သို့ မျိုးဆက်သစ် လူငယ်လူရွယ်များ ကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အသိပညာပေးရေး သင်တန်းများဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“လက်ရှိ လူငယ်တွေအတွက် ထိုင်းနယ်စပ်ဒေသမှာ နိုင်ငံရေး သိပ္ပံ သင်တန်း ဖွင့်လှစ် သင်ကြားပေးတာ ၂ နှစ် ရှိပါပြီ။ အခြေခံ ပညာ အဆင့်ရှိတဲ့ လူငယ်တွေကို ဦးစားပေးသင်ကြားပေးတယ်။ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေး သမိုင်းတွေကို ဦးစားပေး သင်ကြား ပေးတယ်။ ဒီသင်တန်းတွေကို ပြည်ပ ပညာရှင်တွေက လာရောက် သင်ကြားပေး ပါတယ်”ဟု DPNS ဗဟို ကော်မတီဝင် ဦးဇော်ဇော်ထွန်းကလည်း ယင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
DPNS အနေနှင့် မဟာမိတ် အုပ်စုများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ အစိုးရ အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်ကြောင်းနှင့် ပြင်ဆင် ပြောင်းလဲနိုင်ရန် ကြိုးစားမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
DPNS ကို ၁၉၈၈ ခုနစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနစ်တွင် နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ညီလာခံကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် ကျင်းပခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံလုံး ဆိုင်ရာ အထူးအစည်းအဝေးကို ရန်ကုန်တိုင်း ကျောက်ကုန်းဌာနချုပ် တွင် ကျင်းပခဲ့သည်။
၁၉၉၁ ခုနစ်တွင် ပါတီကို မတရားအသင်း သတ်မှတ်၍ ဖျက်သိမ်းကြောင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အစိုးရက ကြေညာခဲ့သဖြင့် မြေအောက် နိုင်ငံရေး လှုပ်ရှားမှု များကို နယ်စပ်အခြေပြု လုပ်ဆောင်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ဗဟိုကော်မတီ စုံညီ ပုံမှန်အစည်းအဝေး ကျင်းပ၍ ပါတီကို အားဖြည့်ဖွဲ့စည်းကာ ၂၀၀၂ တွင် ဒုတိယ အကြိမ် ပါတီညီလာခံကို ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပခဲ့သည်။
၂၀၀၄ ခုနှစ်တွင် အကျဉ်းထောင်မှ လွတ်မြောက်လာသော ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ဗဟိုကော်မတီ စုံညီ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ၂၀၀၉ တွင် ပါတီ ဗဟိုကော်မတီ အထူး အစည်းအဝေးကို ကျင်းပ၍ ဗဟို စည်းရုံးရေး ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။
၂၀၁၂ ခုနှစ်တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ပါတီကိုယ်စားလှယ် အဖွဲ့ ပထမအကြိမ် စတင်ဆွေးနွေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း ကျင်းပသော ပါတီဗဟိုကော်မတီ စုံညီ အထူးအစည်းအဝေးက လက်ရှိ ခေါင်းဆောင်များကို ဖွဲ့စည်း တာဝန်ပေးခဲ့ကြောင်း သိရသည်။