သတင်း

ဦးကျော်သူရဲ့ အယူသည်းမှုတိုက်ဖျက်ရေး ခရီးစဉ် ပြန်စပြီ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို စတင်တည်ထောင်စဉ် ကတည်းက စတင် လှုပ်ရှားလာခဲ့တဲ့ အယူသည်းမှု တိုက်ဖျက်ရေးခရီးစဉ်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ဆက်လက်လုပ်ကိုင်ခွင့် မရတော့ရာကနေ အခု ၂၀၁၃ နှစ်ဆန်းပိုင်းမှာတော့ ဒီလှုပ်ရှားမှုကို ပြန်လည် စတင် လုပ်နိုင်ပြီလို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူက ဧရာဝတီကို ပြောပါတယ်။

“ပထမဆုံး မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မြို့သာ အဲဒီဘက်တွေသွားတယ်။ ဟောပြောပွဲပေါ့။ ဒီဟောပြောပွဲမှာ ကျနော်တို့ရဲ့ လူမှုရေး လုပ်ဆောင်ချက်တွေကို ပြောပြရတယ်။ အယူသည်းမှုတွေက ဘယ်လိုတွေ အယူသည်းတာ။ ဒါကို ဘယ်လိုကျော်လွှား ရတယ်။ လက်တွေ့ဘဝကို ကျနော်တို့ ပြောခဲ့ရတယ်။ လူတွေက မသေခင်သာ အဖေရယ်၊ ဦးလေးရယ်၊ အစ်ကိုရယ်နဲ့ ဖြစ်နေတာ။ သေတဲ့အခါ ဒီအလောင်းကို မကိုင်ချင်ဘူး။ အိမ်က ထုတ်တယ်ဆိုလည်း အိမ်နံရံကို အထိမခံချင်ဘူး။ အိမ်ရှေ့မှာ နိဗ္ဗာန်ယာဉ် အရပ်မခံချင်ဘူး။ ဒါဆိုရင် လူတွေက ဘာဖြစ်လို့ တိရိစ္ဆာန် မသာတွေဖြစ်တဲ့ ကြက်တို့၊ ဝက်တို့၊ ငါးတို့ကို တဖြဲ နှစ်ဖြဲ စားကြလဲ။ လူ့ရဲ့ ပါးစပ်က တိရိစ္ဆာန်တွေရဲ့ သချႋုင်း၊ မီးသင်္ဂြိုဟ်စက် ဆိုတာမျိုးတွေကို ယှဉ်ပြီးပြောခဲ့ရတယ်” လို့ သူက ပြောပါတယ်။

အယူသည်းမှု တိုက်ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်ကို ဟောပြောပွဲအနေနဲ့ အဓိက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသင်း စတင် ထူထောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကစလို့ ၂၀၀၇ ခုနှစ်အတွင်း မြို့ရွာပေါင်း ၅၀ ကျော်မှာ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ ပြီးတဲ့နောက် ၂၀၀၇ ခုနှစ်က စလို့ အစိုးရ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် မရရှိခဲ့တော့တာ ဖြစ်ပါတယ်။

“၂၀၀၇ မှာ စပြီး လုပ်ခွင့်မရတော့ဘူး။ အခု ဒီ ၂၀၁၃ နှစ်ဆန်းမှာ စရတာပါ။ ၂၀၀၇ နောက်ပိုင်းမှာ ခရီးသွားတယ် ဆိုရင် အနောက်ကနေ လိုက်နေတာကိုး။ ကျနော့်အတွက် လုံခြုံရေး ဆိုပြီးတော့ စစ်ထောက်လှမ်းရေးက လိုက် နေတာ။ ဥပမာ – ပြည်မြို့ ဆို ဘယ်အချိန်ရောက်လဲ၊ ဘယ်ကားစီးလာလဲ၊ ဘယ်ဆိုင်မှာ ထမင်းစားလဲ။ ဘာလာ လုပ်တာလဲ အဲဒီလိုမျိုးတွေ မေးမေးနေတော့ ကျနော်က ပြောလိုက်တယ်၊ ကျနော် စည်းရုံးရေးလာတာလို့။ ဘာစည်းရုံးရေးလဲတဲ့။ ပါတီ စည်းရုံးရေးလို့ ခင်ဗျားတို့ကော ဝင်ဦးမလား၊ ကျနော့်ပါတီကိုလို့ ဆိုတော့ ဘာပါတီလဲလို့ မေးတယ်။ မသာ ပါတီလို့ ကျနော်ပြောခဲ့ရတယ်။ ကျနော် လူမှုရေး လုပ်နေတာ။ နိုင်ငံရေးပါတီ၊ နိုင်ငံရေး လှုပ်ရှားမှုလုပ်နေတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ ဒါကတော့ ကျနော့် လမ်းကြောင်းအတိုင်း ကျနော်သွားမှာပဲ” လို့ ဦးကျော်သူက ပြောပါတယ်။

၂၀၁၃ ခုနှစ်ဆန်းပိုင်းမှာ ပြန်လည် လုပ်ကိုင်လာတဲ့ ဒီလှုပ်ရှားမှုဟာ အထက်မြန်မာပြည် တလွှား မန္တလေးတိုင်းနဲ့ ရှမ်း
ပြည်နယ် အတွင်းက မြို့၊ ရွာ ဒေသ အသီးသီးတို့ကို သွားရောက် ဟောပြောပွဲတွေ လုပ်ကိုင်ခဲ့ပြီးပြီလို့ သိရပါတယ်။

“စိတ်ဝင်စားမှုကတော့ ရွာတွေ၊ မြို့တွေက တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ တော်တော် စိတ်ဝင်စားကြတယ်။ အရမ်းကို အားပေး နားထောင်ကြတယ်။ တချို့နေရာတွေ ဆိုရင် သုဿာန်တွေ မရှိတော့ဘူး။ အဲဒီတော့ သုဿာန်မြေ ကျဉ်းလာတယ်။ အဲဒါမျိုးတွေ တောင်းဆိုပေးဖို့ ဒါတော့ ကျနော်ကတော့ ပြောခဲ့ရတယ်။ ဖားကန့်မှာဆိုရင် သုဿာန်မြေ မရှိတော့ဘူး။ စီးပွားရေး သမားတွေနဲ့ နိုင်ငံတော် ပူးပေါင်းပြီးတော့ ကျောက်တူး ဖြစ်တော့ အသုဘချဖို့ မြေမရှိဘူး။ ဒီတော့ သုဿာန်မြေ ကိစ္စကို လွှတ်တော်အထိ ရောက်အောင် စာတင်ကြဖို့ ကျနော်ကတော့ ပြောခဲ့တယ်။ စာတင်လို့မှ ဘာမှ မလုပ်ဘူးဆိုရင်တော့ “သုဿာန်မြေ ရရှိရေး ဒို့အရေး” ဆိုပြီးတော့ လမ်းပေါ် ထွက်သင့်ရင် ထွက် ရတော့မှာပဲ” လို့ ဦးကျော်သူက ရှင်းပြပါတယ်။

မြန်မာပြည်သူ ပြည်သားတွေရဲ့ နာရေးနဲ့ ပတ်သက်လို့ အယူသည်းမှုတွေဟာ ဟိုယခင်ကဆို အတော်လေး ဆိုးဆိုးဝါး
ဝါး အခြေအနေမှာ ရှိခဲ့တယ်လို့ ဆိုရမှာပါ။ နယ်တွေ ရွာတွေရဲ့ ထုံးစံဖြစ်တဲ့ ကိုယ့်အိမ်ရှေ့မှာ ၇ ရက် ၇ လီထားတဲ့ အလောင်းကို အရပ်ထဲက မနှစ်မြို့တာ၊ နာရေးဖြစ်နေတဲ့ အိမ်ရှေ့ကဆို မဖြတ်ချင်တာ၊ မဖြစ်မနေ ဖြတ်ခဲ့ရလည်း အိမ်ရောက်ရင် ခြေထောက်ကို ရေနဲ့ ပြန်ဆေးတာ စတဲ့ အသေးအမွှား ကိစ္စလေးတွေက အစ ပြဿနာ တခုလို ဖြစ် နေခဲ့တာပါ။ ပြည်သူလူထုထဲ အလျင်အမြန် ထိုးဖောက် ဝင်ရောက်နိုင်တဲ့ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေထဲမှာက အစ သုဘရာဇာ ဆိုတဲ့ လူတန်းစားတရပ်ကို ရွံရှာစက်ဆုပ်ဖွယ် အသွင်အပြင် တွေနဲ့ ဖန်တီးလာကြတဲ့ အထိပါ။

ဒီလို နာရေးနဲ့ ပတ်သက်လို့ အယူသီးမှုတွေဟာ မိရိုးဖလာနဲ့ အသိပညာ အားနည်းခဲ့မှု အပေါ်မှာ အများကြီး မူတည်တယ်လို့ မန္တလေးမြို့က အမျိုးသားစာပေဆုရ စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ဆိုသော်ငြားလည်း တချို့ဟာတွေက ဟိန္ဒူဘာသာရဲ့ လွှမ်းမိုးမှုတွေ အများကြီး ရှိခဲ့တယ်လေ။ အစဉ်အဆက် မိရိုးဖလာ ဆိုတာလည်းပါတယ်။ အသိဉာဏ်နည်းတယ် ဆိုတာလည်း ပါတယ်။ နာရေးနဲ့ ပတ်သက်လို့ အယူအဆ တော်တော်များများဟာ ဟိန္ဒူရဲ့ အယူအဆ တော်တော် လွှမ်းတယ်။ အလောင်းကို ဘယ်ဘက်က ထုတ်ရမယ်တို့၊ ညာဘက်က ထုတ်ရမယ်တို့၊ ခေါင်းနဲ့ ထုတ်ရမယ်တို့ အများကြီးပေါ့။ အဲဒီတော့  အကုန်ပြန်ချုပ်ရမယ် ဆိုရင် အဓိက အသိပညာပေါ့။ အသိပညာနဲ့သာ အားလုံး တိုင်းထွာ လိုက်မယ်ဆိုရင် ဒါတွေအားလုံးဟာ ရှိသင့်လား၊ မရှိသင့်ဘူးလား ဆိုတာ သိမှာပဲ” လို့ ဆရာဆူးငှက်က သူ့ရဲ့ အမြင်ကိုပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ ဒီလို အယူသည်းမှု အတိုင်းအတာဟာ အတော်အတန် နည်းပါးလာခဲ့ပြီး အင်မတန် သေးငယ်တဲ့ တောရွာ မြို့ငယ်တွေ လောက်မှာသာ အနည်းကျဉ်း ကျန်နေသေးကြောင်းနဲ့ နောက်ပိုင်းမှာ နာရေးကူညီမှု အသင်းတွေရဲ့ လုပ်ဆောင် ချက်တွေ၊ အကူညီပေးမှုတွေကြောင့် ဒီလို အစွဲအလမ်း မျိုးတွေ ပျောက်သင့်ပြီဆိုတာကို အောက်ခြေလူတန်းစား အထိ သိရှိလာခဲ့ပြီလို့ သူက ဆက်ပြောပါတယ်။

“အယူသည်းမှု အတိုင်းအတာကတော့ လုပ်ခါစတုန်းက တော်တော်ကို ဆိုးတာပေါ့။ အခုနောက်ပိုင်းတော့ တော်တော်
လေး ပျောက်လာပါပြီ။ ဒါ ရန်ကုန်တဝိုက်ပေါ့။ နယ်တွေမှာ အဲဒီလို အယူသည်းတာတွေ ရှိတယ်။ ဥပမာ – လူ တကိုယ်စာ ၆ ပေ ၇ ပေ အုတ်ဂူကြီးတွေ လုပ်မယ့်အစား အရိုးပြာလေး ထည့်ပြီး ဂူသဘောမျိုး ၂ ပေ ပတ်လည် ကျောက်တိုင်လေး လုပ်ဖို့ စည်းရုံးတယ်။ ဒါ အင်းလေးဒေသမှာ။ အဲဒါကို နယ်ခံက လက်မခံဘူး။ အဲဒီတော့ သူတို့ ညောင်ရွှေ အသင်းအဖွဲ့က ဥက္ကဋ္ဌ ကိုယ်တိုင် ကဲ ဒါဆိုရင် အဲဒီအုတ်ဂူမှာ သူ့နာမည်ရေးလိုက်၊ ဦး ဘယ်သူပေါ့၊ အသက်နေရာမှာ ကွင်းစကွင်းပိတ်နဲ့ ထားထားတယ်။ သူ့ဂူကို အရင်းဆုံး စလုပ်ရတယ်။ သက်ရှိထင်ရှား ရှိနေတဲ့ ခေါင်းဆောင်တယောက်ရဲ့ ဂူကို နမူနာလုပ်ပြရတယ်။ အဲဒီတော့မှ နောက်က လိုက်လုပ်ကြတယ်” လို့ ဦးကျော်သူက သူရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။

ဒါ့အပြင် ပြည်သူလူထုအတွက် အကျိုးရှိစေဖို့ ဇာတ်ကားတွေ ပြန်ရိုက်တော့မယ်လို့ ကြေညာလိုက်တဲ့ ဦးကျော်သူက အားလုံး ကိုယ်စား ပြည်သူလူထု တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ လူမှုရေး သမားတွေ လုပ်ဆောင်ပေးနေရတဲ့ အပိုင်းတွေ၊ ဒါတွေကို မြန်မာတပြည်လုံးကိုယ်စား ပြည်သူလူထု ကိုယ်စား ဗမာ တပြည်လုံးမှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့ ကိုယ်စား ဖော်ထုတ် ရိုက်ကူးဖြစ်မှာပါလို့ ပြောပါတယ်။

သူ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်လာတဲ့ ၁၂ နှစ်တာ သက်တမ်းတလျှောက် ကနေ အခု လက်ရှိ အချိန်အထိ မြန်မာပြည် အနေနဲ့ ဘာတွေ တိုးတက်ပြောင်းလဲမှုနဲ့ ကြုံလာရပြီလဲလို့ ဆိုတဲ့အပိုင်းနဲ့ ပတ်သက်လို့ “လူမှုရေးလုပ်တာ ပြောင်းလဲ တိုးတက် လာတယ် ပေါ့လေ။ တိုးတက်လာတယ် ဆိုတာ အသုဘ ချရတဲ့ ဦးရေ များလာတယ်၊ ဆေးကုပေးရတဲ့ လူဦးရေများလာတယ်၊ ပညာသင်ပေးရတဲ့ ကျောင်းသားကျောင်းသူတွေ များလာတယ်၊ သဘာဝဘေး၊ စစ်ဘေးကိစ္စတွေနဲ့ ပတ်သက်လို့ လုပ်ရတာ ပိုများလာတယ်။ အဲဒီလိုတွေများလာတယ်၊ တိုးတက်လာတယ် ဆိုတာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။ ကျနော်က နိုင်ငံ့အရေးကို  နိုင်ငံရေး စကားမပြောဘဲနဲ့ လုပ်နေတာ။ ပရဟိတ အလုပ်ပဲ။ ဆရာ ညီမင်းညိုရဲ့ စကား အတိုင်းပဲ နိုင်ငံရေး စကားမပြောဘူး။ ဒါပေမယ့် နိုင်ငံ့အရေးကို လုပ်ပေးနေတာ။ အရင်တုန်းက ခေတ်ထက် အခုခေတ်မှာ ကျနော်တို့က လုပ်ပေးရတာ ပိုပြီး များလာတယ်။ဒါဟာ နိုင်ငံတော် အစိုးရရဲ့ လိုအပ်ချက်ပဲ။ ဒါပဲ ကျနော်ကတော့ လုပ်မှာပါ။ ဘယ်အစိုးရပဲ တက်တက် ခပ်ရိုင်းရိုင်း ပြောမယ်ဆိုရင် ကျော်သူကတော့ မသာပဲ ချပေးနေမှာပဲ” လို့ ဦးကျော်သူက ဆိုလိုက်ပါတယ်။

Loading