ရှမ်းပြည်နယ် မူဆယ်မြို့ရှိ ပြည်သူ့ ဆေးရုံ နေရာကို ပုဂ္ဂလိက ကုမ္ပဏီ တခုက အဆင့်မြင့် ဟိုတယ် ဆောက်လုပ်မည် ဖြစ်၍ ဒေသ ဆိုင်ရာ အာဏာပိုင်များက မြို့ပြင်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။
မူဆယ် ပြည်သူ့ဆေးရုံ နေရာသည် မြို့လယ်တွင် တည်ရှိနေသဖြင့် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားသည့် နေရာဖြစ်ကြောင်း၊ ဆေးရုံကို အာဏာပိုင်များက မြို့ပတ်လမ်းရှိ အဆင့်မြင့် အားကစားကွင်းတွင် အသစ်ပြန်လည်တည်ဆောက်ရန် လျာထားခြင်း ဖြစ် ကြောင်း မူဆယ်မြို့ခံ တဦးက ဧရာဝတီသို့ ပြောသည်။
“ဒီလက်ရှိ ဆေးရုံက မြို့လယ်ခေါင် ဖြစ်တဲ့အတွက် စီးပွားရေးသမား အကြိုက် နေရာပေါ့။ ဆေးရုံကို မြို့ပြင်မှာလုပ်ရင်တော့ အစစ အရာရာ ဆေးပစ္စည်းဝယ်ဖို့ အစားအသောက်တွေဝယ်ဖို့ တွေ ခက်သွားနိုင်တယ်”ဟု မူဆယ်ဒေသခံ က ဆိုသည်။
ဇန်နဝါရီလဆန်းပိုင်းတွင် မူဆယ်မြို့ အာဏာပိုင်များက ဆေးရုံပြောင်းရွှေ့ရန် ဆေးရုံအုပ်ကို ခေါ်ယူပြောဆိုခဲ့ရာ ဆေးရုံအုပ်က ပြောင်းရွှေ့ရန် သဘောမတူခဲ့ကြောင်း မူဆယ် ပြည်သူ့ဆေးရုံ ဝန်ထမ်း တဦးက ဧရာဝတီသို့ပြောသည်။
“ဆေးရုံအုပ်ကတော့ မပြောင်းရွှေ့ဖို့ ပြောတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြောင်းတယ်။ ဒီဆေးရုံက မြို့လယ်ခေါင်မှာဖြစ်သလို မူဆယ်မြို့နဲ့ နီးတဲ့ ရွာတွေ လူနာတွေလာရဖို့ နီးတဲ့နေရာတစ်ခုလည်း ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ယင်း ကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်မြတ်၊ ရှမ်းပြည်နယ် ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတို့နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်နယ် လွှတ်တော် နှင့် ရှမ်းတိုင်းရင်းသား ပါတီများကိုလည်း ဆေးရုံအုပ်က တွေ့ဆုံ စာတင် ထားကြောင်း သိရသည်။
ထိုစီမံကိန်းကို လုပ်ခွင့်ရသည့် ထုန်းမောဝ် အများပိုင် ပုဂ္ဂလိက ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုင်းဝင်းမောင်အား ဧရာဝတီ က ဆက်သွယ် မေးမြန်းရာ“အခု ဆေးရုံက မြို့လယ်ခေါင်ဆိုတော့ လူနာတွေအတွက် လေကောင်းလေသန့်မရသလို ဘေးပတ်ဝန်းကျင်တွေ က လည်း ဆူညံနေတယ်။ ပြီးတော့ လူနာဆောင်သစ်ကိုလည်း ထပ်တိုးချဲ့လို့ မရလို့ပါ”ဟု ပြန်လည် ဖြေကြားသည်။
မူဆယ်မြို့သည် တရုတ် နယ်စပ်ဒေသမြို့လည်း ဖြစ်သည့်အတွက် တဖက်နိုင်ငံနှင့်အပြိုင် အဆိုင်လုပ်ရမည်ဖြစ်သဖြင့် ထိုနေရာကို အဆင့်မြင့် ဟိုတယ် တည်ဆောက်ရန် လျာထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များကိုလည်း ခွင့်ပြုမိန့် တင်ထားသည် မှာ တစ်လနီးပါး ရှိသွားကြောင်း၊ခွင့်ပြုမိန့်ကျပါက တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မူဆယ် ပြည်သူ့ဆေးရုံပြောင်းရွှေ့မည့် နေ ရာသည် မြို့ပတ်လမ်းရှိ အဆင့်မြင့် အားကစားကွင်းဘေး မြေ ၅ ဧက လျာထားကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါစီမံကိန်းသည့် ယခင်အစိုးရ လက်ထက်က စီမံကိန်းဖြစ်ပြီး ယခုမှ ပြန်လည် လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟုလည်း မူဆယ် ဒေသခံများက ပြောဆိုသည်။