သတင်း

အစိုးရတပ်ရော တိုင်းရင်းသား လက်နက်ကိုင်တပ်များပါ ကလေးစစ်သား စုဆောင်းဆဲ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နေသော်လည်း ကလေးစစ်သား စုဆောင်းမှုများ ဆက်လက် ရှိနေသေးကြောင်း နိုင်ငံတကာ ကလေးစစ်သားအရေး စောင့်ကြည့်နေသည့် Child Soldiers International (CSI) အဖွဲ့၏ အစီရင်ခံစာက ဖော်ပြလိုက်သည်။

လန်ဒန်အခြေစိုက် CSI အဖွဲ့က ပြောရာတွင် အစိုးရစစ်တပ်၊ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် သူပုန်အုပ်စုများ အားလုံးက ယခုအထိ ကလေးစစ်သား အသုံးပြုနေသေးကြောင်း၊ အစိုးစစ်တပ်အတွင်း၌ ကလေးစစ်သား အောင်မြင်စွာ စုဆောင်းပေးနိုင်လျှင် ရာထူးတိုးပေးခြင်း၊ ဆုကြေးပေးခြင်း၊ ခွင့်ရက်ရှည်ရခြင်းနှင့် အထူးအခွင့်အရေးအဖြစ် စစ်တပ်မှ စောစီးစွာ နုတ်ထွက်ခွင့်ရခြင်း စသည့် မက်လုံးများပေးကာ လုပ်ဆောင်နေကြောင်း ထောက်ပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကလေးစစ်သား ပပျောက်ရေးအတွက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) နှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံ ဦးသက်ဝေက “သူတို့ ခွင့်ရရှိရေး၊ နောက်တချက်က သူတို့ တပ်ကထွက်ခွင့် ရရှိရေး အဲဒါတွေပေါ်မှာ မူတည်ပြီး သူတို့က လိုအပ်တဲ့ ဦးရေပမာဏ ရရင် ခွင့်ရမယ်၊ တပ်ထွက်ခွင့်ရမယ်၊ ငွေရေး ကြေးရေးအရ ပြောမယ်ဆိုရင်လည်း တပ်အင်အား တိုးချဲ့ဖို့ သူတို့ စုဆောင်းပေမယ်ဆိုရင် ရာထူးတိုးမယ်၊ ပိုက်ဆံ ရတယ်။ အနည်းဆုံး ၃ သိန်းလောက်ရှိ တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟူသော စွပ်စွဲမှုများကို ခုခံကာကွယ်သည့် အနေဖြင့် မြန်မာအစိုးရက ယမန်နှစ် ဇွန်လတွင် ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရန် အစီအစဉ်တခုကို ကုလသမဂ္ဂနှင့် သဘောတူခဲ့သေးသည်။

“မြန်မာစစ်တပ် အရာရှိတွေနဲ့ တရားမဝင် ကလေးစစ်သား စုဆောင်းရေး လုပ်နေကြတဲ့ အေဂျင့်တွေဟာ အသက် ၁၈ နှစ်အောက် ကလေးစစ်သားသစ်များကို စုဆောင်းနေပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပမ်းနှိပ်စက်မှုတွေ ဆက်လုပ်နေတယ်” ဟု CSI ၏ အစီရင်ခံစာက ဆိုသည်။

ဦးသက်ဝေက ကလေးစစ်သား ကိစ္စ ILO သို့ တိုင်ကြားမှုများထဲမှ တဝက်နီးပါးလောက်သာ အောင်မြင်စွာ စစ်တပ်မှ နုတ်ထွက်ခွင့်ရကြောင်း ဧရာဝတီသို့ ပြောသည်။

“ကလေးစစ်သား စုဆောင်းတာတွေက အခုအထိ ဆက်လက်ရှိနေတယ်။ အခုဟာက အရင်ကလို မဟုတ်ဘဲ စစ်သားအဖြစ် သွပ်သွင်းခံရတဲ့ အခြေအနေမှာ ပြန်လည်ပြီး တရားဝင် နုတ်ထွက်ခွင့် ရဖို့အတွက်ကို ILO နဲ့ အစိုးရကြားမှာ ချုပ်ဆိုတဲ့ နားလည်မှု စာချွန်လွှာအရ လုပ်တာကိုပဲ နှောင့်နှေး ကြန့်ကြာနေတာတွေ ရှိတယ်” ဟု သူက ပြောသည်။

ကလေးစစ်သားအား တပ်မှ တရားဝင် နုတ်ထွက်ခွင့် လုပ်ငန်းစဉ်သည် ယခင်က ၂ လလောက်သာ ကြာမြင့်သော်လည်း ယခုအခါ အသက်မှန်ကန်ကြောင်း ထောက်ခံစာ အပါအဝင် အထောက်အထား အပြည့်အစုံပါသော်လည်း ယခု နောက်ပိုင်း အနည်းဆုံး ၆ လမှ ၁ နှစ်ကျော်အထိ အချိန်ကြာလာကြောင်း သူက ဆက်ပြောသည်။

CSI က မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့တွင် သုတေသနလုပ်ငန်းဆိုင်ရာ စုံစမ်းရေးအဖွဲ့ ၃ ခုကို ယမန်နှစ်ကတည်းက လည်ပတ် အကောင်အထည်ဖော်ခဲ့ကြောင်း၊ မြန်မာစစ်တပ်က ကလေးစစ်သား ၄၂ ဦးထက် မနည်းကို စစ်တပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ ပြဌာန်းသတ်မှတ်ချက်များတွင် အသက် ၁၅ နှစ်အောက် ကလေးသူငယ်များအား လက်နက်ကိုင်တပ်ဖွဲ့၌ အသုံးပြုခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crime against Humanity) မြောက်သည်။

အကြောင်းအမျိုးမျိုးဖြင့် ဖျားယောင်းသွေးဆောင်ကာ တပ်သားသစ် စုဆောင်းခြင်းကြောင့် ထွက်ပြေးမှု ဖြစ်စဉ်နောက်ပိုင်း ပြန်လည် ဖမ်းမီသည့်အခါ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ညှန်းပမ်းမှု ရှိကြောင်း ဦးသက်ဝေက ပြောသည်။

မြန်မာနိုင်ငံမှ ကလေးငယ်များကို အရပ်သား သို့မဟုတ် ရဲဝန်ထမ်းတို့ကလည်း စစ်သားအဖြစ် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် ဈေး၊ ဘူတာ၊ ဘတ်စ်ကားဂိတ် အစရှိသည့် ဆင်ခြေဖုံး လူထူထပ်သည့် နေရာများ၊ ကျောင်းများ စသည့်နေရာ အနီးတဝိုက်တို့တွင် လေလွင့်လူငယ်လေးများကို ရှာဖွေနေသည့် ရဲ သို့မဟုတ် အရပ်သား တချို့ကလည်း ကလေးစစ်သားသစ် စုဆောင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း CSI အစီရင်ခံစာက ဆိုသည်။

ကလေးစစ်သား ပပျောက်ရေးအတွက် အကူအညီပေးနေသူ နောက်တဦးဖြစ်သည့် မစုစုနွေးကလည်း ယမန်နှစ်က သူ့အနေဖြင့် အကျဉ်းထောင်မှ ပြန်လွတ်လာပြီး နောက်ပိုင်း တိုင်ကြားမှု ၃ ခု လက်ခံ ရရှိခဲ့၍ ကူညီခဲ့ရကြောင်း ဧရာဝတီကို ပြောသည်။

“ကလေးစစ်သားကို သွားပြန်ထုတ်တော့ စစ်တပ်ထဲက အရာရှိနဲ့ တွေ့ပါတယ်။ သူရဲ့ ပြောစကားအရ သူတို့စစ်တပ်ထဲမှာ အလားတူ ကလေးစစ်သားတွေ ရှိတယ်လို့သူက ပြောတယ်။ ဒါကို ထောက်ရှုပြီး ကျမအနေနဲ့ ပြောရရင် မြန်မာပြည်အနှံ့ စစ်တပ်တိုင်းမှာ ကလေးစစ်သား ရှိနေမယ်ဆိုတာ ခန့်မှန်းလို့ ရတယ်။ အတိအကျပြောဖို့ အတော်ခက်တယ်” ဟု သူက ဆိုသည်။

ကလေးစစ်သားအဖြစ်မှ ပြန်လည်ကယ်တင်ရသည့် အတွေ့အကြုံအရ အခက်အခဲများစွာ ကြုံခဲ့ရကြောင်း၊ နည်းအမျိုးမျိုးဖြင့် ဖျားယောင်းသွေးဆောင်ကာ တပ်သားသစ် စုဆောင်းကြောင်း၊ အရပ်ဖက်မှ အမျိုးသမီးတချို့ပင်လျှင် အဆိုပါ အလုပ်မျိုးကို လုပ်ကိုင်နေကြကြောင်း၊ အစိုးရနှင့် တပ်မတော် ခေါင်းဆောင်ပိုင်းက မူဝါဒ သေချာချမှတ်ပြီး လုပ်ဆောင် အကောင်အထည် ဖော်မည်ဆိုပါက ကလေးစစ်သား လျော့ပါးသွားမည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်း လက်နက်ကိုင် တပ်ဖွဲ့များရှိ ကလေးစစ်သား လူဦးရေနှင့် ပတ်သက်ပြီး ပြဿနာ၏ သဘာဝအရ ကလေး စစ်သား မည်ရွေ့မည်မျှ စာရင်းအတိအကျကို ထည့်သွင်းဖော်ပြရန် ခက်ခဲကြောင်း CSI အစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂ၏ ယမန်နှစ်က ထုတ်ပြန်သော စာရင်းအရ ၂၀၁၁ ခုနှစ်အတွင်း အရွယ်မရောက်ဘဲ စစ်မှုထမ်းနေရ၍ တိုင်ကြားမှုပေါင်း ၂၄၃ ခု ရှိခဲ့ကြောင်း သိရသည်။ သို့သော် CSI အစီရင်ခံစာအရ အဆိုပါ တိုင်ကြားမှု အရေအတွက်သည် တိုင်ကြား၍ ရမှန်းသိသဖြင့် တိုင်ကြားမှု ဖြစ်ပေါ်လာသည့် ပမာဏသာဖြစ်ကြောင်း၊ အမှန်တကယ် စစ်တပ်အတွင်း မည်မျှ ရှိနေမည်ကို အတိအကျ ယခုအထိ မသိနိုင်ကြောင်း ဆိုသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး သဘောတူမှုများ အားထုတ် ဆောင်ရွက်လာနိုင်လျှင် ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေးဆိုင်ရာ သဘောတူညီမှုများတွင် အကျိုးဖြစ်ထွန်းမှုများ ဖြစ်လာနိုင်သည်ဟု CSI အနေဖြင့် မျှော်လင့်ထားသည်ဟု သိရသည်။

ကလေးစစ်သား ပပျောက်ရေးအတွက် မြန်မာနိုင်ငံတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးရှိ သတင်းအချက်အလက် စုဆောင်းရေး ဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များတွင် အသက်အရွယ်အား မှန်ကန်စွာ ပိုင်းခြားသိမြင်နိုင်သည့် နည်းပညာ အကူအညီလည်း ပေးရန်လိုအပ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ထို့အပြင် အရွယ်မရောက်သေးသူများအား စစ်သားသစ် စုဆောင်မှုများအတွက် ကျူးလွန်သူများကို အာဏာပိုင်များ အနေဖြင့် အပစ်ပေး အရေးယူရန်လည်း CSI က တောင်းဆိုထားသည်။ ကုလသမဂ္ဂ၏ အလုပ်အဖွဲ့တခုကလည်း ကလေးစစ်သား ရှိနိုင်မည့် စစ်တပ်၊ အခြေစိုက်ဒေသများကို သွားရောက်ကာ စစ်ဆေးသင့်ကြောင်း၊ အဆိုပါကိစ္စအပေါ် သူပုန်အဖွဲ့များနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ လုပ်သင့်ကြောင်း CSI က အကြံပြုထားသည်။

“ကလေးစစ်သား ပပျောက်အောင်က ကာကွယ်ရေးဦးစီးချုပ် ထုတ်ပြန်ထားတဲ့ စစ်သား စုဆောင်းရေးဆိုင်ရာ ၁၃/၇၃ ကို အတိအကျလိုက်နာဖို့လိုတယ်၊ နောက် ဒီ ၁၃/၇၃ ကို မလေးစား မလိုက်နာတဲ့ တပ်မတော် အရာရှိတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူဖို့လိုတယ်” ဟု ဦးသက်ဝေ ကလည်း အကြံပြုသည်။

ILO အနေဖြင့်လည်း မြန်မာအစိုးရနှင့် သဘောတူ ချုပ်ဆိုထားသည့် နားလည်မှု စာချွန်လွှာအရလည်း စစ်တပ်မှ ပြန်လည် လွတ်မြောက်လာသော ကလေးစစ်သားများ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အကောင်အထည် ဖော်ရေး လုပ်ရန်လိုကြောင်း၊ ထို့အပြင် ကလေးစစ်သား စောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန် လိုကြောင်းလည်း သူက ဆက်လက်တိုက်တွန်းသည်။

CSI အစီရင်ခံစာတွင် တိုင်းရင်းသား ကရင်လူနည်းစု ဒေသရှိ ခရစ်ယာန် သူပုန်အဖွဲ့ငယ်တခုတွင် ဦးဆောင်ခဲ့ဖူးသူများ ဖြစ်သော အသက် ၁၂ နှစ်သာရှိသေးသည့် ဂျော်နီနှင့် လူသာထူး ညီအစ်ကို ၂ ယောက်၏ ကိစ္စသည် နာမည်ဆိုးဖြင့် လူသိအများဆုံး ပြဿနာများထဲမှ တခုဖြစ်ကြောင်း ထောက်ပြထားသည်။ အဆိုပါ ညီအစ်ကိုသည် ကျည်ပြီးသည်ဟု ယုံကြည်ခြင်းခံရသူများ ဖြစ်သည်။

ယခုအခါ အဆိုပါ ညီအစ်ကို ၂ ဦးမှာ အသက် ၂၀ ရှိနေပြီဖြစ်ပြီး သူတို့ထက် အရပ်ပိုမြင့်သည့် သေနတ်များ ကိုင်ဆောင်ကာ နောက်လိုက်များ ဝန်းရံနေခိုက် ဆေးလိပ်သောက်နေသော ဓာတ်ပုံကိုလည်း လူအများ စိတ်ဝင်စားခဲ့ကြသည်။ အဆိုပါ အဖွဲ့သည် ၂၀၀၁ ခုနှစ်က ထိုင်းလက်နက်ကိုင် တပ်ဖွဲ့များထံ လက်နက်ချခဲ့သည်။

Loading