ပြည်ထောင်စုနေ့အမီ အပစ်အခတ် ရပ်စဲနိုင်မလား

ထက်အောင်ကျော်

This article has been converted from Zawgyi One to Unicode

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ကိုလိုနီ နယ်ချဲ့ ဗြိတိသျှလက်အောက်က လွတ်လပ်ရေး အရယူနိုင်ဖို့အတွက် ပြည်မက ဗမာတွေနဲ့ တောင်တန်း ဒေသက လူမျိုးစုတွေ ( လူမျိုးစုအစား တိုင်းရင်းသားဆိုတဲ့ စကားလုံးကို မီဒီယာတွေက အသုံးများနေ ပါတယ်) စုပေါင်းတွေ့ဆုံပြီး ရှမ်းပြည်နယ် ပင်လုံမြို့မှာ အဲဒီနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ တနည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ပြည်မနဲ့ တောင်တန်း ဒေသကလူတွေ ငြိမ်းချမ်းစွာ ပူးပေါင်းတဲ့နေ့ပေါ့။

ဒါပေမယ့် အခု ၆၆ နှစ်ကြာပြီးတဲ့ အခါမှာတော့ အဲဒီပင်လုံမှာ လက်မှတ်ရေးထိုးခဲ့သူတွေ အချင်းချင်းဟာ အဲဒီပင်လုံနဲ့ သိပ်မဝေးတဲ့အရပ်၊ အတိအကျ ပြောရမယ်ဆိုရင် ကချင်ပြည်နယ် လိုင်ဇာဒေသမှာ အကြီးအကျယ် စစ်ပွဲဖြစ်နေပါတယ်။ ဘာကြောင့်လဲ။

နိုင်ငံရေးအကဲခတ် အတော်များများကတော့ လွန်ခဲ့တဲ့ ၆၆ နှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို လူများစု ဗမာတွေဘက်က၊ အတိအကျ ပြောရမယ်ဆိုရင် အာဏာကို တလျှောက်လုံး ရယူထားခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ တပ်မတော်ကို ကျောထာက်နောက်ခံ ယူထားတဲ့ အုပ်ချုပ်သူအစိုးရ အဆက်ဆက်က ပင်လုံစာချုပ်ပါ အချက်လက်တွေကို အကောင်ထည် ဖော်ပေးဖို့ ပျက်ကွက် နေတာကြောင့်လို့ ပြောပါတယ်။

အပစ်ခတ်ရပ်စဲရေး ကာလ ၁၇ နှစ်ကြာပြီးမှ စစ်ပြန်တိုက်နေတဲ့ KIO ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်ကလဲ KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမယ့်အစား ပင်လုံစာချုပ်ပါ အချက်လက်တွေကို အကောင်ထည် ဖော်ပးမယ်ဆိုရင် ဒီကိစ္စ အဆင်ပြေသွားလိမ့်မယ်လို့ အတိအလင်း တောင်းဆိုခဲ့ဖူးပါတယ်။

ဒါတွေက သမိုင်းနဲ့ဆိုင်တဲ့ ကိစ္စတွေပါ။ တထိုင်တည်း ဆွေးနွေးလို့ မပြီးနိုင်ပါဘူး။ အချိန်ယူ လုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်တွေပါ။ လက်ရှိ အစိုးရဘက်ကလည်း ဒါတွေကို ချက်ချင်း ထလုပ်မယ့်ပုံ မပေါ်သေးပါဘူး။

အစိုးရက ချက်ချင်းထလုပ်မယ့် ကိစ္စကတော့ လာမယ့် ၁၂ ရက် ပြည်ထောင်စုနေ့ကျရင် တနိုင်ငံလုံးအနှံ့ ပြည်ထောင်စုနေ့ အခန်းအနားတွေ ကျင်းပမယ်၊ ညစာစားပွဲ လုပ်မယ်၊ အဲဒီပွဲကိုတက်ဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို ဖိတ်မယ်။ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ တုန်းကလဲ ဒါမျိုးလုပ်သွားတာဆိုတော့ အခုလဲ အဲဒီလိုပဲ လုပ်လိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ အထူးသဖြင့် လူမျိုးစုပါတီ ခေါင်းဆောင်တွေ ပြည်ထောင်စုနေ့ပွဲကို တက်ပါ့မလား။ တိုက်ပွဲတွေ သိပ်မပြင်းထန်သေးတဲ့ လွတ်လပ်ရေးနေ့ တုန်းကတောင် အထင်ကရ လူမျိုးစု ခေါင်းဆောင်နှစ်ဦး မတက်ဘူးဆိုရင် အခုလို တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားတွေပါ သေဆုံးနေချိန်မှာ အဲဒီဖြစ်စဉ်ကို လျစ်လျူရှုပြီး နေပြည်တော်က ညစာစားပွဲမှာ ရှန်ပိန် လာသောက်ရဲတဲ့ လူမျိုးစုခေါင်းဆောင် ရှိပါဦးတော့မလား။

ကျနော် ဒီလိုပြောလိုက်လို့ ပြည်ထောင်စုနေ့ကို မှေးမိန်အောင် လုပ်တယ်လို့ မထင်လိုက်ပါနဲ့။ တကယ်က ပြည်ထောင်စုနေ့ကို အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ဖို့ နှိုးဆော်လိုက်ခြင်းသာ
ဖြစ်ပါတယ်။ ပြည်မနဲ့ တောင်တန်းဒေသပဲ ဆိုဆို၊ ဗမာနဲ့ လူမျိုးစုတွေပဲ ခေါ်ခေါ် သေချာတာကတော့ မြန်မာနိုင်ငံ ဆိုတာဟာ နိုင်ငံတွင်းရှိသမျှ လူမျိုးစုအားလုံးနဲ့ နယ်မြေအားလုံးကို စုပေါင်းခေါ်ဆိုထားတာပါ။

ဒါကြောင့် ဗမာအများစုနေထိုင်တဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒီမိုကရေစီအခွင့်ရေး အနည်းအကျဉ်း ရနေရုံနဲ့ မြန်မာနိုင်ငံတခုလုံး အေးချမ်းတည်ငြိမ်နေပြီ၊ တိုးတက်ဖွံဖြိုးနေပြီလို့ ပြောလို့ မဖြစ်နိုင်ပါ။ တနိုင်ငံလုံး ငြိမ်းချမ်းရေးရပြီး တနိုင်ငံလုံးအေးချမ်းတည်ငြိမ် ဖွံဖြိုးတိုးတက်လာမှသာ အားလုံးအဆင်ပြေမှာ ဖြစ်ပါ တယ်။

ဒီမိုကရေစီ အခွင့်အရေးနဲ့ လူမျိုးစုတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စဟာ တခုနဲ့တခု ခေါင်းနဲ့ ပန်းလို ခွဲမရအောင် ဆက်စပ်နေတယ်ဆိုတဲ့ အယူဆတခုကို ဒီနေရာမှာ ကျနော်တင်ပြချင်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်ကျော်ကဖြစ်ပွါးခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီး ဖြိုခွဲခံရပြီးတဲ့နောက် နယ်စပ်ဒေသဆီ၊ အတိအကျပြောရမယ်ဆိုရင် လူမျိုးစု လက်နက်ကိုင် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသဆီ ကျနော် အပါဝင် ကျောင်းသားတွေ ထောင် သောင်းချီ ရောက်လာခဲ့ပါတယ်။

ကျနော်တို့ကျောင်းသားတွေနဲ့ လူမျိုးစုသူပုန်တွေကြား နိုင်ငံရေးအရ နားလည်မှု၊ သဘောတူညီမှုရခဲ့တဲ့ အထဲက အကြီးမားဆုံး နားလည်မှုဟာ ရှေ့မှာပြောခဲ့တဲ့ ”ဒီမိုကရေစီအရေးနဲ့ လူမျိုးစုအရေးဟာ ခေါင်းနဲ့ ပန်းလိုဒွန်တွဲနေတယ်။ နှစ်ခုစလုံးအဆင်ပြေမှ တိုင်းပြည်ငြိမ်ချမ်းမယ်။ ဒီနှစ်ခုကို တပြိုင်တည်းဖြေရှင်း ဖို့လိုတယ်” ဆိုတာပါပဲ။

ဒီကြွေးကြော်သံဟာ တပ်ပေါင်းစုရဲ့ မူဝါဒဖြစ်လာပြီး ဖက်ဒရယ်မူနဲ့ နိုင်ငံသစ် တည်ဆောက်ဖို့ ကျနော်တို့ ကြိုးစားခဲ့ကြပါတယ်။ ဒီကြွေးကြော်သံရဲ့ လုပ်ငန်းစဉ်အဖြစ် ”သုံးပွင့်ဆိုင်ဆွေးနွေးရေး” ဆိုတာပေါ်လာပါ တယ်။

ဒါပေမဲ့ အခုနှစ်တွေ ကြာလာတဲ့ အခါမှာတော့၊ နယ်စပ်က တိုင်းရင်းသားအဖွဲ့ အတော်များများ အပစ်ခတ် ရပ်စဲပြီးနောက်မှာတော့၊ အထူးသဖြင့် ၂၀၀၈ အခြေခံဖွဲစည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်း ပေါ်လာပြီးနောက်မှာ၊ အတိအကျပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပြီးမှာ ဒီ ကြွေးကြော်သံ လုံးဝနီးပါး မကြားရတော့ပါဘူး။

လူမျိုးစုအရေးဟာ ဒီမိုကရေစီအရေးထက် ပိုရှုပ်ထွေး ပိုခက်ခဲတယ်လို့ ကျနော်မြင်ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ လက်ရှိအစိုးရ (လွှတ်တော်အပါဝင်) ကလည်း ဒီမိုကရေစီအခွင့်ရေးတွေကို အတိုင်းတာတခုထိ ပေးကောင်း ပေးချင်ပေမယ့် လူမျိုးစု အခွင့်အရေးတွေကိုတော့ ပေးချင်ပုံမရသေးပါ။ လူမျိုးစု အခွင့်အရေးကို ဘယ်လိုပေးရမှန်း၊ ဘယ်လို ကိုင်တွယ်ရမှန်း မသိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ကျနော် တဦးတည်း အမြင်ကို ပြောရမယ်ဆိုရင်တော့ လူမျိုးစုဒေသဆီ မရောက်ဖူးပဲ၊ လူမျိုးစုတွေနဲ့ အတူ မနေဖူးဘဲနဲ့တော့ လူမျိုးစုတွေရဲ့ ခံစားချက်ကို နားလည်ဖို့ သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။ စာအုပ်တွေ ဖတ်ပြီး သီအီုရိအရ နားလည်ကောင်း နားလည်နိုင်ပေမယ့် ”ခံစားချက်” ကို နားလည်ဖို့ကတော့ လူမျိုးစု တွေနဲ့ အတူနေဖူး၊ အတူလက်တွဲ အလုပ်လုပ်ဖူးမှ ဖြစ်မယ်လို့ ထင်ပါတယ်။

”မဟာဗမာဝါဒကြောင့် ဒီလိုဖြစ်နေတာ၊ မင်းတို့လဲ ဗမာတွေဘဲ” ဆိုတဲ့ စကားလုံးကို ကျနော်တို့တော ထဲရောက်ရောက်ချင်း စကြားရပါတယ်။ ကျောင်းစာအုပ်တွေ၊ ကျောင်းသားအသိုင်းဝိုင်းတွေမှာ တခါမှ မကြားဖူးတဲ့ စကားလုံးတွေဆိုတော့ သူတို့ ဘာကိုဆိုလိုမှန်း နားကို မလည်ပါဘူး။ ကျောင်းမှာတုန်းက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်က ကျောင်းသားတွေနဲ့ အတူတူ နေခဲ့ဖူးပေမယ့် ”မဟာ ဗမာ” ဆိုတဲ့စကားလုံးမျိုး တခါမှ မကြားဖူးခဲ့ပါ။

ကျောင်းမှာတုန်းက သူတို့က လူနည်းစုဖြစ်နေလို့ ရင်ထဲက စကားလုံးတွေကို မပြောရဲတာလား။ ဟော… အခုတောထဲမှာတော့ သူတို့က လူများစုဖြစ်တဲ့အပြင် လက်နက်ကိုင် သူပုန်တွေလည်း ဖြစ်နေပြန်တော့ သူတို့ စိတ်ထဲရှိတာ အကုန်ပြောနေတာ ဖြစ်ပုံရပါတယ်။ ပြည်တွင်းစစ် နှစ် ၆၀ ဒဏ်အတွက် မြန်မာ့တပ်မတော်နဲ့ ဗမာလူများစုကို သူတို့ မကောင်းမြင်နေပါတယ်။ လူများစု ဗမာတွေဘက်က လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဘာတွေအနိုင်ကျင့်ခဲ့သလဲ။ ကျနော်တို့ တောခို ကျောင်းသားတွေက ဒီအတွက် ဓားစာခံတွေလား။

တချိန်တည်းမှာပဲ လူမျိုးစု သူပုန်တွေဘက်ကကော ဗမာလူမျိုးနဲ့ မြန်မာ့တပ်မတော်ကို ခွဲခွဲခြားခြား မြင်ရဲ့ လား၊ စစ်တပ်က ဆိုးသမျှကို ဗမာတွေဆိုးတယ်လို့ မြင်နေတာမျိုးလား။ ဆိုလိုတာကတော့ တချိန်က တစုံတဦး၊ အဖွဲ့တဖွဲ့ရဲ့ အမှားဟာ အဲဒီမှာတင် ပြီးသွားတာမျိုး မဟုတ်ဘဲ မျိုးဆက်သစ်တွေပေါ်အထိ အရိပ်မည်း က ထိုးနေပါတယ်။ ဒါကို မျိုးဆက်သစ်တွေက ရှောင်ပြေးလို့ မရပါဘူး။ ရင်ဆိုင်ဖြေရှင်းဖို့ မျိုးဆက်သစ်တွေမှာ တာဝန်ရှိလာပါတယ်။

အကဲခတ်တချို့ရဲ့ အဆိုအရ ABSDF ဟာ ပြည်မက ဗမာတွေနဲ့ နယ်စပ်က လူမျိုးစုသူပုန်တွေကြား နိုင်ငံရေးအရ နားလည်မှုရအောင် လုပ်ပေးနိုင်ခဲ့ဆုံး အဖွဲ့စည်းတခု ဖြစ်တယ်လို့ သိရပါတယ်။ ဗမာပြည် ရဲ့ သက်တမ်း အရှည်ဆုံး နိုင်ငံရေးပါတီတခုဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီဝင်ဟောင်း စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇော ကိုယ်တိုင် အလားတူ မှတ်ချက်ပေးထားတာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဂျာနယ်တစောင်မှာ တွေ့လိုက်ရပါတယ်။

ဒါပေမယ့် ABSDF ကိုယ်တိုင် KIA နဲ့တွဲပြီး အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့အတွက် စစ်ပွဲရပ် ဆိုင်းရေးကိစ္စမှာ ABSDF က ကြားဝင်ဆောင်ရွက်လို့တော့ မဖြစ်နိုင်ပါ။ ဒါဆိုရင် သူတို့နဲ့ မျိုးဆက်တခု တည်းဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင် အသင့်တော်ဆုံးလို့ ထင်ပါတယ်။ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ အဖွဲ့ဟာ ကချင်အပါဝင် လူမျိးစုလက်နက်ကိုင် ဒေသတွေဆီအထိ ထဲထဲဝင်ဝင်သွားရောက်လေ့လာနေသူတွေဖြစ်ပြီး တိုက်ပွဲကြီးတွေ မစမီအထိ လိုင်ဇာကို ရောက်ခဲ့သူ တွေပါ။

ဒါပေမယ့် အဲဒီခရီးစဉ်အတွင်း ဖမ်းဆီးခံ မြန်မာစစ်သားတွေ ပြန်ပို့ပေးရေးကိစ္စ ၈၈ က ကြားဝင်ဆောင်ရွက် ပေးတာကို စစ်တပ်ဖက်က လက်မခံတဲ့အတွက် သူတို့ရဲ့ကြားဝင်ပေးမှုကို အစိုးရဘက်က လက်ခံ မခံဆို တာမေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။

ဒါဆိုရင် ဒီစစ်ပွဲကို ချက်ချင်းရပ်ဖို့ တောင်းဆိုနေတဲ့ နေပြည်တော်က လွှတ်တော်အမတ်တွေ ကိုယ်တိုင်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တခု လိုင်ဇာအထိသွားပြီး ဆွေးနွေးမယ်ဆိုရင်ကော အပစ်ခတ်ရပ်စဲရေး ရလာနိုင်မလား။ အထူးသဖြင့် လူအတော်များများ အကြံပေးနေတဲ့အတိုင်း NLD ပါတီဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က အဲဒီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နိုင်မယ်ဆိုရင် တကယ် အပစ်ခတ်ရပ်စဲပြိး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မလား။

တချိန်တည်းမှာပဲ အိမ်နီးချင်း တရုတ်အပါဝင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေဖက်က ဖိအားပေးမှုတွေ၊ တောင်းဆိုမှုတွေလဲ ဒီထက်မက အင်အားပါဖို့ လိုမယ်ထင် ပါတယ်။

ဒီဆောင်းပါး ရေးနေစဉ်အတွင်းမှာပဲ လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေကို ဇန်နဝါရီ လ ၁၉ ရက်နေ့ကနေ စတင်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အစိုးရပိုင် မီဒီယာတွေက ကြေညာခဲ့ပါတယ်။ ဒါ ပေမယ့် အစိုးရတပ်တွေက သူတို့စခန်းတွေကို ၂၀ ရက်နေ့အထိ ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့ KIA နဲ့ ABSDF-NB တပ်တွေက ပြောပါတယ်။

တခါ အစိုးပိုင် သတင်းစာတွေရဲ့ အဆိုအရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုကော်မတီက KIO ဥက္ကဌဆီ စာပို့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ထပ်မံ ကမ်းလှမ်းလိုက်ကြောင်း ဖော်ပြထားပါတယ်။ ၂၀ ရက်နေ့က ရန်ကုန်တိုင်း လွတ်တော်ခန်းမမှာ ကျင်းပတဲ့ အရပ်ဖက် အဖွဲ့စည်းများနဲ့ တွေ့ဆုံပွဲမှာလည်း ကချင်ဒေသ ငြိမ်းချမ်းရေးအောင် ဆောင်ရွက်နေတယ်လို့ သမ္မတကိုယ်တိုင်က ပြောဆိုပြီး ”လိုင်ဇာနဲ့ လက် တကမ်းအလိုရောက်မှ တပ်တွေကို ထိုးစစ်ရပ်ခိုင်းလာတာဟာ တပ်မတော်ဖက်က ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတာကို သက်သေပြသလိုက်တာ ဖြစ်တယ်” လို့  ပြောသွားပါတယ်။

သမ္မတရဲ့ စကားလုံးအပေါ် နိုင်ငံရေးအကဲခတ်တွေ ဘယ်လိုနားလည်သလဲတော့ မသိပါ။ လူမျိုးစုတွေနဲ့အတူ တွဲပြီး တာဝန်ထမ်းခဲ့ဖူးတဲ့ ကျနော်စိတ်ထဲမှာတော့ ဒီစကားလုံးဟာ အပေါ်စီး သိပ်ဆန်ပြီး ”ငါတို့ပြောနေတဲ့ ငြိမ်းချမ်းရေးကို အခုဆွေးနွေးရင်ဆွေးနွေး၊ မဆွေးနွေးရင် လိုင်ဇာကို အချိန်မရွေး သိမ်းနိုင်တယ်” ဆို ပြီး ခြိမ်းခြောက်လိုက်တယ်လို့ ခံစားရပါတယ်။

ဆိုလိုတာကတော့ လူမျိုးစုတွေဖက်ကနေ တလျှောက်လုံး တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးဖို့ဆိုတဲ့ အချက်နဲ့ လုံး၀ ကွဲလွဲနေပါတယ်။ အင်အားအရ အတိအကျ ပြောရမယ်ဆိုရင် စစ်အင်အားအရ အသားစီးရအောင် အရင်ယူထားပြီးမှ စားပွဲဝိုင်းဆီ လာဆွေးနွေးဖို့ ခေါ်နေတာမျိုးဟာ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။

မြန်မာတပ်မတော်မှာ အင်အားများစွာရှိတဲ့အတွက် လိုင်ဇာကိုသိမ်းပြီး KIA တပ်တွေကို မောင်းထုတ်နိုင် တယ်ဆိုတာ အထူးအဆန်း မဟုတ်ပါဘူး။ ကျန်တဲ့ လူမျိုးစု လက်နက်ကိုင်တွေကိုလဲ ဒီလိုပဲ တိုက်ခိုက် လိုက်၊ ခြိမ်းခြောက် လိုက်၊ ဆွေးနွေး လိုက်လုပ်လာခဲ့ဖူးတာ သမိုင်းမှတ်တမ်းတွေ အထင်အရှား ရှိပါတယ်။

ဒါပေမယ့် ဒီနည်းနဲ့ အဖြေမှန်မရနိုင်ဘူး ဆိုတာကိုလဲ သမိုင်းမှတ်တမ်းတွေက လွန်ခဲ့တဲ့နှစ် ၆၀ အတွင်း အထင်အရှား ရှိခဲ့ပြီးသားဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံရေး အပြောင်းအလဲ ကာလမှာ ရေရှည်ခံမယ့် အဖြေတခုခုကို တွေ့အောင် ရှာဖို့လိုပါတယ်။ အရင်က နည်းဟောင်းတွေအတိုင်း အင်အားသုံး နှိမ်နှင်းတဲ့နည်း၊ ခြိမ်းခြောက် အကျပ်ကိုင်တဲ့နည်းတွေကို ဆက်မသုံးသင့်တော့ပါဘူး။ ဒါက တပ်မတော်နဲ့ လက်ရှိအစိုးရကို ပြောတာပါ။

ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကလည်း ဒီကိစ္စကို ရဲရဲဝံ့ဝံ့ပြောသင့်တယ်လို့ ထင်ပါတယ်။ လွတ်တော်အမတ် အတော်များများဟာ ဒီမိုကရေစီအခွင့်ရေးနဲ့ ပတ်သက်ပြီး အတော်များများ ပြောရဲ ဆိုရဲ ရှိလာကြပေမယ့် လူမျိုးစုအရေး၊ ဖက်ဒရယ် အရေးတွေကိုတော့ ပြောဖို့ တွန့်ဆုတ်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒီအထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်မယ်၊ ဒုတိယ ပင်လုံညီလာခံခေါ်ပြီး လူမျိုးစုအရေးကို ဖြေရှင်းမယ်လို့ ကြွေးကြော်ခဲ့တဲ့ အဓိက အတိုက်အခံ ပါတီခေါင်းဆောင်နဲ့ အမတ်တွေ ပါဝင်နေတာကတော့ တကယ့်ကို မဖြစ်သင့်တဲ့ အခြေအနေလို့ ကျနော်မြင်ပါတယ်။

သက်ကြီးတန်း နိုင်ငံရေးသမားတွေက ဒီလို လက်ရှောင်နေချိန်မှာ ထူးထူးခြားခြား ထွက်လာတဲ့ သတင်း တခုကတော့ ”ငြိမ်းချမ်းရေးလိုလားသူများ” ဆိုတဲ့ ကျောင်းသားလူငယ်အဖွဲ့တခုဟာ ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် ချီတက်မှုကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်လိုက်ပြီ လို့သိရပါတယ်။ သူတို့နဲ့အတူ အများပြည်သူ ဘယ်လောက် ပါဝင်နိုင်မလဲ။ နိုင်ငံရေးသမားတွေက ဘယ်လောက်အထိ ဝန်းရံပေး နိုင်မလဲ။

ဒီအဖြေဟာ စစ်ပွဲတွေရပ်ဆိုင်းစေဖို့ နိုင်ငံရေးသမားတွေမှာ ဘယ်လောက်အထိ ဆန္ဒရှိနေသလဲ၊ ထပ် ဖြည့်ပြောရမယ်ဆိုရင် လူမျိုးစုပြဿနာအပေါ် နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ အလေးအနက် ထားသလဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

Loading