မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဌာနမှ အရာရှိတချို့ကို အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် က အရေးယူမှုများ ပြုလုပ်နေကြောင်း သတင်းရသည်။
တာဝန် ထမ်းဆောင်လျက်ရှိသော အဆိုပါအရာရှိများကို အလုပ်နေရာပြောင်းရွှေ့ခြင်းနှင့် ထုတ်ပယ်ခြင်းများ ပြုလုပ်သည်ဟုလည်း မန္တလေး စည်ပင် အသိုင်းအဝိုင်းက ပြောဆိုသည်။
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးရဲမြင့် တာဝန်ယူသည့်နောက်ပိုင်းတွင် ယင်းသို့ အရေးယူလာခြင်း ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့ က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှူး ဦးလတ်မြင့်သိန်း ကို တာဝန်မှ ရပ်စဲလိုက်ခြင်းလည်း ပါဝင်သည်။
ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှုနှင့် ဌာနတွင်း တိုင်ကြားမှုများကြောင့် ယင်းသို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
ဦးလတ်မြင့်သိန်းသည် မန္တလေး စည်ပင်က ထုတ်ဝေသော မန္တလေး နေ့စဉ် သတင်းစာတိုက် အတွင်းရှိ ပုံနှိပ်စက်များနှင့် ပတ် သက်သော ငွေကြေးအလွဲသုံးစားမှု၊ နေ့စဉ် ထုတ်ဝေနေသော သတင်းစာ စက္ကူဖိုးများ အလွဲသုံးစားမှု၊ သင်္ကြန်ကာလအတွင်း မြို့တော်ဝန်မဏ္ဍပ်မှ ရရှိသည့် ငွေကြေးအလွဲသုံးစားမှုများ ရှိနေကြောင်း စည်ပင်အသိုင်းဝိုင်းမှ တဆင့် သိရသည်။
လစ်လပ်သွားသော ပြန်ကြားရေးဌာနမှူး နေရာအတွက် စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှူး ဦးသန်းလွင်ကို တာဝန်ပေး အပ်လိုက် သည်ဟုလည်း ဆိုသည်။
ဇန်နဝါရီ ၁ ရက်နေ့ ကလည်း မြေယာ စီမံခန့်ခွဲရေး ဌာနမှူး ဦးတင်ထွဋ်ကျော်ကို ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှူး နေရာသို့ ပြောင်းလဲ တာဝန်ပေးခဲ့သည်။
ဦးတင်ထွဋ်ကျော်သည် ၂၀၁၂ ခုနှစ် သြဂုတ်လက ဖြစ်ပွားသည့် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက် ကျူးကျော်မြေကွက် ပြ ဿနာများ နောက်ကွယ်၌ ကြိုးကိုင် ပတ်သက်မှုရှိခဲ့သည်ဟု သတင်းထွက်ခဲ့သေးသည်။
ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည့် ယင်းမြေကွက်များပေါ်တွင် လူ ၂၀၀၀ ခန့် နေထိုင်လျက်ရှိရာ ရဲတပ်ဖွဲ့နှင့် အင်အားသုံး ဝင်ရောက်စီးနင်း ဖမ်းဆီးမှုကြောင့် ရုန်းရင်း ဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သည်။ နောက်ပိုင်းတွင် ကျူးကျော်ဝင်ရောက် နေထိုင်သူများ၏ နေအိမ်များကို စက်ယန္တရားကြီးများနှင့် ဖျက်ဆီးပြီး မြေယာများ ပြန်လည် သိမ်းဆည်းမှု ပြုလုပ်ခဲ့ သည်။ ယင်းကိစ္စများကြောင့် ရပ်ကွက်နေ ပြည်သူများက ဦးတင်ထွဋ်ကျော်ကို တရားပြန်စွဲထားကြောင်းလည်း သိရသည်။
ယခုအခါ ဦးတင်ထွဋ်ကျော်၏ မြေယာဌာနမှူး နေရာတွင် စီမံရေးရာဌာနမှူး ဦးခင်မောင်မြင့်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဦးခင်မောင်မြင့်၏ နေရာသို့ ပန်းဥယျာဉ်နှင့် ကစားကွင်းများ ဌာန ဌာနခွဲမှူး ဦးလှမျိုးကို ခေတ္တဌာနမှူး အဖြစ် တာဝန်ပေးအပ်ကြောင်း စည်ပင် ဝန်ထမ်းများက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၂) ဦးကျော်ဝင်းကိုလည်း တိုင်း ဒေသကြီး ဝန်ကြီးချုပ်က တာဝန်မှ ရပ်စဲခဲ့သေးသည်။
ဦးကျော်ဝင်း နားပြီးနောက် ကော်မတီဝင်များတိုးလာခဲ့သည်။ ယခင်ရေနှင့် သန့်ရှင်းရေး ဌာနမှူး ဦးထွန်းကြည်(အငြိမ်းစား)ကို ၂၀၁၂ ခုနှစ်တွင် ကော်မတီဝင်(၃) အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်အတွင်း နောက်ထပ် အငြိမ်းစား ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်တင် ကို ကော်မတီဝင်(၄) အဖြစ်လည်းကောင်း ခန့်အပ်ခဲ့ပြီး အတွင်းရေးမှူး ဦးစန်းမောင်၊ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့် ဌာနမှူး ၁၄ ဦးကိုလည်း ခန့်အပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တက်လာပြီးနောက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို လည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်သည်။
မန္တလေး မြို့တော်ဝန်အဖြစ် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးအောင်မောင်း ကို ခန့်အပ်ခဲ့သည်။
တာဝန်မှ ပြောင်းရွှေ့ အရေးယူခံရသော ဦးဖုန်းဇော်ဟန်၊ ဦးလတ်မြင့်သိန်းနှင့် ဦးကျော်ဝင်းတို့ သည် စစ်အရာရှိ ဟောင်းများ ဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းများ ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ဖြစ်ကြောင်း သိရသည်။
ဦးရဲမြင့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒု ဗိုလ်ချုပ်ကြီး ရာထူးမှ အရပ်သားအဖြစ် ပြောင်းလဲ၍ ပြင်ဦးလွင်မြို့မှ အရွေးချယ်ခံပြီး မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်သည် ဗိုလ်မှူးချုပ်မှ အရပ်သားပြောင်းလဲ၍ အောင်မြေသာစံမြို့နယ်မှ အရွေးချယ်ခံပြီး မြို့တော် ဝန် နေရာ ရောက်လာသူ ဖြစ်သည်။ ဦးဖုန်းဇော်ဟန်နှင့် ဦးရဲမြင့်မှာ သဘောထား မတိုက်ဆိုင်မှုများ ရှိသည်ဟုလည်း နီးစပ်သူများက ပြောသည်။
ဝန်ကြီးချုပ် ဦးရဲမြင့်မှာ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ် အပတ်စဉ်တူကြောင်း၊ ပြီးခဲ့သည့် ဒု သမ္မတ ရွေးချယ်သည့် အစီအစဉ်၌ အရည်အချင်း ပြည့်မီသူအဖြစ် နံပါတ်၂ နေရာတွင် ရှိခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေး ကြိုးပမ်းလိုသူ ဖြစ်ကြောင်း တပ်မတော် အသိုင်းဝိုင်းက လာသည့် သတင်းများမှ တဆင့် သိရသည်။