နိုင်ငံတကာ မာရသွန်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ကမ်းလှမ်းချက်ဖြင့် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ရှေ့၌ နံနက် ၅ နာရီခွဲမှ စတင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment (FMI) တို့က ပူးပေါင်း ကျင်းပမည်ဖြစ်ကြောင်း YOMA Strategic Holdings Ltd. ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောသည်။
ယနေ့ နံနက် ၉ နာရီခွဲတွင် Grand Mee Ya Hta Hotel ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အရေးကြီးတဲ့ ပွဲတပွဲပါပဲ။ ဒီပြိုင်ပွဲမှာ နိုင်ငံတကာကနေ လာပြီးတော့ ဝင်ပြိုင်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ မာရသွန်ပြိုင်ပွဲကို နိုင်ငံတကာ အဆင့်အဖြစ် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆယ်နှစ်ဆက်တိုက် ပြုလုပ်ရန် ရှိသည်ဟု သူက ရှင်းပြသည်။
ယင်းပြိုင်ပွဲကို ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် အကြို လှုံ့ဆော်လှုပ်ရှားမှုနှင့် အားကစားစိတ်ဓာတ်၊ အသိ အမြင်၊ ဗဟုသုတ ကြွယ်ဝစေရန်၊ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများနှင့် သဘာဝရေမြေအလှတို့ကို အပြည်ပြည်ဆိုင်ရာက ပိုမိုသိရှိကာ စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများတွင် အထောက်အကူ ပြုစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် NGO တခုဖြစ်သော World Vision Myanmar မှ တာဝန်ရှိသူက မာရသွန်ပြိုင်ပွဲမှ ရရှိ သည့် ရန်ပုံငွေများကို ပညာရေး အသုံးစရိတ်များအဖြစ် အသုံးပြုသွားရန် ရည်ရွယ်ထားသည်ဟု ပြောသည်။
ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ၄၂ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနှင့် ၃ ကီလိုမီတာဟူ၍ ပြိုင်ပွဲအမျိုးအစား သတ်မှတ်ထားပြီး ကီလိုတန်း အလိုက် ဆုကြေးများအဖြစ် ၄၂ ကီလို မီတာအတွက် အမေရိကန် ဒေါ်လာ ၁၀၀၀၀ နှင့် ၁၀ ကီလိုမီတာအတွက် ဒေါ်လာ ၃၄၀၀ သုံးစွဲသွားမည်ဟု သိရသည်။
အဆိုပါ ပြိုင်ပွဲအတွင်း တာထွက်၊ ပန်းဝင်နေရာနှင့် ပြေးလမ်းတလျှောက်တွင် ဆေးဝါးကုသမှုနှင့် ဆေးရုံကားများ၊ ဆရာဝန် များ၊ သူနာပြုများနှင့် ဆေးဝါးကျွမ်းကျင်သူများကိုလည်း ပန်းလှိုင် နိုင်ငံတကာဆေးရုံနှင့် ချိတ်ဆက် စီစဉ်ပေးမည် ဖြစ်သည်။
ထို့အပြင် ပြိုင်ပွဲလမ်းကြောင်းသည် မြို့တွင်းရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများကို အသုံးပြုရမည်ဖြစ်၍ ပြိုင်ပွဲဝင်များ လုံခြုံမှုရှိစေရန် သက်ဆိုင်ရာက လမ်းပိတ်ထားခြင်းနှင့် ပြေးလမ်းမျက်နှာပြင် အန္တရာယ် ကင်းရှင်းစေရန်အတွက် ပြိုင်ပွဲမတိုင်မီတွင် ယို့ယွင်းနေသော လမ်းအစိတ်အပိုင်းတချို့ကို ပြုပြင်ခြင်းများ လုပ်ဆောင်မည်ဟု သိရသည်။
ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူ များသည် ပြိုင်ပွဲဝင်ကြေး ၅၀၀၀ ကျပ် ပေးသွင်းရမည် ဖြစ်ပြီး ယင်းမှတ်ပုံတင်ကြေးများ အားလုံးကို NGO နှင့် ပရဟိတ အဖွဲ့အစည်းများဖြစ်သည့် World Vision၊ မြန်မာမွတ်စလင် အခမဲ့ဆေးရုံ၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ မင်္ဂလာ လူငယ်များ ဖွံ့ဖြိုးရေး ပရဟိတကျောင်း၊ ကျိုက်ဝိုင်း လူငယ်ပရဟိတ ကျောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်း နေ့ကလေးထိန်းကျောင်း တို့ကို လှူဒါန်းသွားမည်ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြောသည်။