သတင်း

ပြည့်တန်ဆာနှင့် ပျော်ပါးသူများ အရေးမယူသည့် ဥပဒေ ပြင်မည်မဟုတ်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သော ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်မည်မဟုတ်ဘဲ ယင်းဥပဒေအရ ပြည့်တန်ဆာနှင့် ပျော်ပါးသူ အမျိုးသားများကိုလည်း တရားခံများအဖြစ် သတ်မှတ် တရားစွဲဆို အရေးယူခွင့် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြည့်တန်ဆာ အမျိုးသမီးများနှင့်ပျော်ပါးသူ အမျိုးသားများကိုလည်း အားပေး ကူညီသူများအဖြစ် သတ်မှတ်ပြီး တရားစွဲဆို ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာ ရဲချုပ်ကျော်ကျော်ထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားလိုက်သည်။

၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေသည် ပြည့်တန်ဆာမှုများ ပပျောက်ရေးအတွက် ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေအရ ပြစ်မှုကျူးလွန်သော အမျိုးသမီး၊ အမျိုးသားများကို တန်းတူ အခွင့်အရေး ပေးရန်မဖြစ်နိုင်ကြောင်း၊ ပြည့်တန်ဆာမှုများသည် မမြင်ကွယ်ရာတွင် ဖြစ်ပွားသော အမှုများဖြစ်သည့်အတွက်  သက်သေ အထောက်အထား လက်ပူးလက်ကျပ်ဖြင့် ဖမ်းဆီးရန် အလွန်ခက်ခဲကြောင်း၊ ထို့ကြောင့် အသွင်ယူသူနှင့် ငွေကြေးပေး ကာမ ရယူသော အမျိုးသားများကို သက်သေအဖြစ် အသုံးပြုကာ တရားစွဲဆို တင်ပို့ရခြင်း ဖြစ်ကြောင်း၊ ဥပဒေအရလည်း ပျော်ပါးသူ အမျိုးသားများက သက်သေအဖြစ် ထွက်ဆိုလျှင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပြုထားကြောင်း ရဲချုပ်ကျော်ကျော်ထွန်းက ရှင်းပြသည်။

“ပြည့်တန်ဆာ ပြစ်မှုကို သက်သေထင်ရှား ပြသနိုင်ဖို့ အကြောင်း အားလုံး သိရှိသမျှ ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသားများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးထားပြီး ဖြစ်တဲ့အတွက် အမျိုးသမီးများနဲ့အတူ ဖမ်းဆီးရမိတဲ့ ငွေကြေးပေး ကာမရယူတဲ့ အမျိုးသား များကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၄၊ ၁၁၄ နဲ့ ၁၀၉ တို့အရ အားပေးကူညီသူအဖြစ် တရားစွဲဆို ပြစ်ဒဏ်ချမှတ် နိုင်ခြင်း မရှိပါ” ဟု ရဲချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

သို့ရာတွင် ပြည့်တန်ဆာ လုပ်ငန်းကို စီးပွားဖြစ် လုပ်ဆောင်သူ၊ ပြည့်တန်ဆာလုပ်ရန် ဆွဲဆောင်သူများ၊ ပြည့်တန်ဆာအဖြစ် ရရှိသည့် စီးပွားကို အသက်မွေးဝမ်းကြောင်း ပြုသူ၊ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ရန်  သွေးဆောင် အနိုင်ကျင့်သူ၊ ပြည့်တန်ဆာအိမ် စီမံကြီးကြပ်သူ၊ စီမံကြီးကြပ်ရာမှာ ကူညီဆောင်ရွက်သူများကို အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ဥပဒေအရ အလုပ်ကြမ်းနှင့် တနှစ်အောက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်စီရင်မည်ဟု သိရှိရသည်။
ပြည့်တန်ဆာပင် ဖြစ်သော်လည်း အမျိုးသားက အလိုမတူဘဲ ကာမဆက်ဆံလျှင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ မုဒိမ်းမှု မြောက်ပြီး ယင်းအမျိုးသားကို တရားစွဲဆို ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေကမူ ပြည့်တန်ဆာ အမျိုးသမီးကို အရေးယူပြီး ပျော်ပါးသူ အမျိုးသားကို အရေးမယူခြင်းသည် ကျားမ ခွဲခြားမှုတရပ် ဖြစ်သည်ဟု ပြောသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့် အမျိုးသမီးများကို ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ရာတွင်လည်း အသက် ၁၈ နှစ်အောက် မိန်းကလေးများ ပါဝင်နေပြီး ယင်းအမျိုးသမီးများကို အသက်ပြည့်ပြီးသူများ ကဲ့သို့ အကျဉ်းထောင်များတွင်  ပြစ်ဒဏ် ပေးထားသည်ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက လွှတ်တော်တွင် တင်ပြ ပြောဆိုသွားသည်။

“ပြည့်တန်ဆာအဖြစ် အဖမ်းခံထားရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူရဲ့ မိခင်နဲ့ အစ်မက လာရောက် အကူအညီ တောင်းခံလို့ ဒီမေးခွန်း ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ၁၈ နှစ်အောက် မိန်းကလေးများ ပါဝင်လျက် ရှိနေကြောင်း သိနေရပါတယ်။ အဆိုပါ အသက်မပြည့်ပြီးသူများ အရေးယူရာမှာ အသက်ပြည့်ပြီး အရွယ်ရောက် သူများသဖွယ် တရားစွဲဆိုပြီး ပြစ်ဒဏ် ကျခံစေလျက် ထောင်ကျခံစေကြောင်း သိရပါတယ်။ အဲဒီလို အရွယ် မရောက်သေးဘဲ ထောင်ဒဏ် ကျခံနေရတဲ့ အမျိုးသမီးငယ်များကို အကျဉ်းထောင်များအတွင်း ပြန်လည် စိစစ်ပေးစေလိုပါတယ်” ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

ရဲချုပ် ကျော်ကျော်ထွန်းကမူ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံနေရသော အမျိုးသမီးများကို အသက်စိစစ် လက်ခံကြောင်း၊ ပြည့်တန်ဆာမှုဖြင့် အကျဉ်းကျ ခံနေရသော အကျဉ်းသူများကို အသက်မွေးဝမ်းကြောင်း လုပ်ငန်း သင်ကြားပေးပြီး ခုခံအား ကျဆင်းမှုရောဂါရှိ၊ မရှိ စစ်ဆေးပေးကြောင်း၊ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မန္တလေးနှင့် ရန်ကုန်တိုင်း ဒေသကြီး တွံတွေးမြို့တွင် ရှိသော အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ပေးပို့ စောင့်ရှောက်မှုများ ပြုလုပ်ပေးကြောင်း ရှင်းလင်းပြောဆိုသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) အရ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တနှစ်အောက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကမူ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာများကို ကျန်းမာရေး စိစစ်ပြီး တရားဝင် လိုင်စင်ထုတ်ပေးခွင့် ပြုသော စနစ်ဖြစ်ထွန်းရေးမှာ မြန်မာ့ယဉ်ကျေးမှုအရ မဖြစ်နိုင်သေးကြောင်း၊ ဥပဒေအရ တရားဝင် ခွင့်မပြုပေးထားသော်လည်း မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း ကြီးထွားနေပြီး ကူးစက်ရောဂါများ ပျံ့ပွားစေသော ကျန်းမာရေး ဆိုးကျိုးများနှင့် လူမှုရေး ဆိုးကျိုးများ ဖြစ်ထွန်းနေကြောင်း ရှင်းပြသည်။

“ဒီနိုင်ငံမှာ ဥပဒေနဲ့ ပြည့်တန်ဆာတွေ ခွင့်ပြုဖို့က ယဉ်ကျေးမှုအရ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ပြည့်တန်ဆာ လုပ်ငန်းက ကြီးမားစွာ ရှိနေတာပဲ။

အဲဒါကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း တော်တော်ကို များပါတယ်။ လူတွေကို ကျန်းမာရေး အသိပေး သင်တန်းတွေ၊ ပညာပေးလုပ်ငန်းတွေနဲ့ ဆက်သွားရမယ် ထင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ပြည့်တန်ဆာများကို ခုခံအားကျဆင်းမှု ရောဂါဆိုင်ရာ အသိပညာပေးရန် အလွန်ခက်ခဲပြီး ပြည့်တန်ဆာများ ကလည်း ကျန်းမာရေး အသိပညာပေး သင်တန်းများ တက်ရောက်ရန်ပင် ကြောက်ရွံ့ နေကြကြောင်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ ခေတ်မမီတော့သည့်အတွက် ပြင်ဆင်သင့်ကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများတွင်ပင် ပြည့်တန်ဆာများကို ဥပဒေအရ ခွင့်ပြုလာပြီဟု သိရှိထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် HIV/AIDS ဝေဒနာရှင်များ ကုသစောင့်ရှောက်ပေးနေသော ကိုရာဇာက ပြောသည်။

“ဥပဒေကြောင့် အသိပညာပေးရေး လုပ်ငန်းလုပ်ရတာ တော်တော်ခက်ပါတယ်။ ၂၀၀၆ ခုနှစ် တုန်းကဆိုရင် World Vision က ဝန်ထမ်းအမျိုးသမီးက ဈေးတခုမှာ ပြည့်တန်ဆာတွေနဲ့အတူ ဖောက်သည်တွေကို ကွန်ဒုံးဝေတယ်။ အဲဒါကို ရဲက အဲဒီ World Vision ဝန်ထမ်းကို ပြည့်တန်ဆာပါဆိုပြီး ဖမ်းပြီး အရေးယူဖို့ လုပ်တော့ ကျနော်တို့ မနည်းလိုက်ရှင်းပေးရတယ်။ ပြောချင်တာက အဲဒီဥပဒေက ခေတ်မမီတော့ဘူး။ ပြင်ဆင်ဖို့ လိုနေပါပြီ” ဟု ကိုရာဇာက ဆိုသည်။

Loading