သတင်း

နိုင်ငံခြားအကြွေး ၆ ဘီလီယံ လျှော်ပြီးပြီ

This article has been converted from Zawgyi One to Unicode

ကမ္ဘာဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သို့ ပေးဆပ်ရန် ရှိသည့် နိုင်ငံခြားကြွေးမြီများ၏ အများစုကို  ဂျပန်နိုင်ငံက ပေါင်းကူးချေးငွေဖြင့် ပေးဆပ်ခဲ့သည့်အတွက် ယခုအခါ မြန်မာနိုင်ငံသည် အဆိုပါ ဘဏ်တို့မှ ကြွေးမြီသစ် များ ပြန်လည် ချေးယူ၍ ရတော့မည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ဝါရှင်တန် ရုံးချုပ်က တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်များသို့ ပေးဆောင်ရန် ရှိသည့် နိုင်ငံခြားကြွေးမြီများ အနက် ပမာဏကြီးမားသည့် ကြွေးမြီဟောင်းများကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဘဏ်(JBIC) ပေါင်းကူး ချေးငွေအဖြစ် ကူညီပေးဆပ်ခဲ့သည်။

JBIC ဘဏ်က အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၅၂ သန်းကို ပေါင်းကူးချေးငွေအဖြစ် ကူညီပေးဆပ်လိုက်သည့် အတွက် ယခုကဲ့သို့ ကမ္ဘာ့ဘဏ်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်သို့ ပေးရန်ရှိ ကြွေးမြီမှာ ဒေါ်လာ သန်း ၄၄၀ ရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ်သို့ ပေးရန်ရှိ ကြွေးမြီမှာ ဒေါ်လာ ၅၁၂ သန်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်များအနေဖြင့် မြန်မာနိုင်ငံက ကြွေးမြီဟောင်းများ မပေးဆပ်နိုင်သည့်အတွက် နှစ်ပေါင်း ၃၀ ခန့်ကြာ ကြွေးမြီသစ်များ ချေးယူမှု အစီအစဉ် ရပ်ဆိုင်းထားရာမှ ယခုကဲ့သို့ ပြန်လည်ချေးယူခွင့် ရရှိခြင်းဖြစ်သည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာပြည်အပေါ် တင်ရှိနေသည့် အကြွေး အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ကို လျှော်ပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ နော်ဝေနိုင်ငံကလည်း တင်ရှိနေသည့် ကြွေး ဒေါ်လာ ၅၃၄ သန်းကို လျှော်ပေးခဲ့သည့် တချိန်တည်းတွင်ပင် အခြား ဥရောပ ငွေချေးနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် တင်ရှိနေသော အကြွေး ဒေါ်လာ ၄.၄ ဘီလီယံ၏ တဝက် ဒေါ်လာ ၂.၂ ဘီလီယံကို လျှော်ပေးမည်ဖြစ်သောကြောင့် ကြွေးလျှော်ပေးမှု စုစုပေါင်းမှာ ဒေါ်လာ ၆ ဘီလီယံနီးပါးရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံက တင်ရှိနေသော နိုင်ငံခြားကြွေးမြီ စုစုပေါင်းမှာ ၁၀.၃၃ ဘီလီယံရှိသည်။

“ကြွေးဟောင်းကျေမှ ကြွေးသစ်ထပ်ရမှာဆိုတော့ အင်မတန်ကို အကြိတ်အနယ် ဆွေးနွေးရတဲ့ အစည်းအဝေးပါ။ နာရီ ၂၀ ကြာပါတယ်” ဟု မြီရှင်နိုင်ငံများနှင့် ဆွေးနွေးရာတွင် ဦးဆောင် ဆွေးနွေးသော စီးပွားရေးပညာရှင် ဦးဇော်ဦးက ဧရာဝတီသို့ ပြောဆိုသည်။

“ဂျပန်နဲ့ နော်ဝေရဲ့ ကူညီမှုက ကျန်နိုင်ငံတွေနဲ့ သဘောတူညီချက်ရလာအောင် ပံ့ပိုးမှု ဖြစ်ခဲ့ပါတယ်။ တခြားနိုင်ငံတွေဆို အိုင်အမ်အက်ဖ်ရဲ့ အစီအစဉ်တွေအောက်မှာ သုံးနှစ်လောက် လုပ်ပြရတယ်။ မြန်မာနိုင်ငံက ထူးခြားတယ်” ဟုလည်း ဦးဇော်ဦးက ပြောဆိုသည်။

ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဦးဝင်းရှိန်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ ကြွေးမြီ အားလုံး၏ ၆၀ ရာခိုင်နှုန်း သက်သာရန် ဆွေးနွေးညှိနှိုင်းမှုကို ဇန်နဝါရီလ ၂၅ ရက်နေ့က လုပ်ဆောင်ခဲ့ကြောင်းလည်း ယနေ့ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

တနင်္ဂနွေနေ့က ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး အန်းနက်ဒစ်ဆန်က “လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ မြန်မာနိုင်ငံအစိုးရက လုပ်ဆောင်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ လူတိုင်းအတွက် စီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်ဖြစ်ထွန်းလာရေး ဆောင်ရွက်ချက်တွေကို ပိုမို အားကောင်းလာစေဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီလုပ်ဆောင်သွားဖို့ ကတိပြုထားပြီး ဖြစ်ပါတယ်” ဟု ရေးသားပြောဆိုထားသည်။

Loading