ရခိုင်ပြည်နယ် မောင်တောဒေသ၌ အစိုးရ စစ်တပ်နှင့် မွတ်စလင်ရွာသားတချို့ ယမန်နေ့က ပဋိပက္ခဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးမှု ရှိကြောင်း၊ နောက်ဆက်တွဲအဖြစ် အစိုးရအဆောက်အဦးတခု မီးရှို့ခံရကြောင်း သတင်းရရှိသည်။
ပဋိပက္ခဖြစ်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က “ဝေသာလီဘက်မှာ လမ်းဖောက်နေတဲ့ သစ်တောအဖွဲ့ကို မွတ်စလင်တွေက ဘာလို့ လမ်းဖောက်ရတာလဲ ဆိုပြီး ပြဿနာရှာတယ်။ ဒီတော့ သစ်တောအဖွဲ့က ရပ်တန့်ပေးလိုက်ရတယ်။ အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး မွတ်စလင်အဖွဲ့တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်ရတော့ လူတဦး ဒဏ်ရာရတယ် ကြားပါတယ်။ သေ၊ မသေတော့ မသိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံများက ပြောဆိုရာတွင်မူ မွတ်စလင် ရွာသားများ တောထဲ၌ သစ်များ ခိုးခုတ်နေသည်ကို သစ်တောအဖွဲ့က သိရှိသွား၍ ဟန့်တားရာ မွတ်စလင်များက ၎င်းတို့ ရွာသို့ ပြန်သွားပြီး လူအများအပြား ခေါ်ယူလာ၍ သစ်တောအဖွဲ့ကို ရန်ပြုကြောင်း၊ ထို့ကြောင့် စစ်တပ်ကို အကူအညီတောင်းရာ စစ်သားများ ရောက်ရှိလာရာမှ ပြဿနာ ကြီးထွားသွားကြောင်း ဆိုသည်။
“စစ်သားတချို့ ရောက်လာတော့ စစ်သားလက်ထဲက သေနတ်ကို မွတ်စလင်တွေက ဝင်လုတယ်။ ဒီတော့ ခြောက်လှန့်ပစ်ပြီး လူစုခွဲရင်းနဲ့ တယောက် ဒဏ်ရာရပြီး ဆေးရုံယူလာရင်း ဆုံးသွားတယ်။ အလောင်းကို မွတ်စလင်တွေက ယူဆောင်သွားပါတယ်” ဟု မောင်တောမြို့ခံ တဦးက ပြောသည်။
သေဆုံးသူမှာ ဘာကန်နားကျေးရွာသား အာဘဒူ မော်ဂျစ် (၃၀) နှစ်ဖြစ်သည်ဟု စုံစမ်းသိရှိရပြီး မောင်တော ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ သူနာပြုတဦးက ဆရာဝန်ကြီးများ ခွင့်ပြုချက် မရှိသဖြင့် မပြောဆိုနိုင်ကြောင်း ဖြေကြားသည်။
ယမန်နေ့ည ၉ နာရီခန့်တွင် မောင်တောမြို့နယ်၊ ၃ မိုင်ရှိ ဝေသာလီကျေးရွာအနီး ဝေသာလီ ဂေါက်ကွင်းအတွင်းရှိ အဆောက်အဦးတခု မီးရှို့ခံရရာ နေ့လည်က ဖြစ်ပွားသည့် ပဋိပက္ခနှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။
ဝေသာလီ ဂေါက်ကွင်းအတွင်းတွင် ဂေါက်ကွင်းပိုင် အစိုးရ အဆောက်အဦးတခု၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တို့၏ အဆောက်အဦးများရှိပြီး ယင်းတို့အနက် အစိုးရ အဆောက်အဦး မီးရှို့ခံလိုက်ရခြင်း ဖြစ်ကြောင်း သွားရောက်ကြည့်ရှုခဲ့သည့် ရွာသားတဦးက ပြောသည်။
“၃ မိုင်အနီးအနားရှိ ဘင်္ဂါလီရွာတွေက လူများ တော်တော်များများ ထွက်လာပြီး မီးရှို့ကြတာ။ အဆောင် ၃ ဆောင်လောက်ရှိတဲ့ အထဲက အဆောင်ကြီးတဆောင် မီးထဲပါသွားတယ်။ ဂေါက်ကွင်းထဲမှာရှိတဲ့ နောက် အဆောင်တွေတော့ မီးမလောင်လိုက်ဘူး။ တပ်က သေနတ် အချက် ၂၀ လောက် ဖောက်ပြီး လူစုခွဲလိုက်လို့ ပြဿနာက အေးသွားတယ်” ဟု အဆိုပါ ရွာသားက ပြောသည်။
ယခုအခါ မောင်တောမြို့အပြင် ထိုဒေသတဝိုက်နှင့် နယ်စပ်ဒေသများ၌ပါ လုံခြုံရေးများ တိုးမြှင့်ချထားပြီး ဘူးသီးတောင်ဒေသမှ စစ်တပ်တချို့ကိုပါ မောင်တောသို့ ပို့ဆောင်ထားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့သော မောင်တော အကြမ်းဖက်မှုကြောင့် မောင်တောဒေသ၌ ညမထွက်ရ အမိန့်ကို ကာလအတန်ကြာ ထုတ်ပြန်ထားခဲ့ရာမှ မကြာသေးခင်က ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း၊ ယခု တဖန် အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာ၍ ညမထွက်ရ အမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထပ်မံ ထုတ်ပြန်ထားကြောင်း၊ လူနည်းစု ဖြစ်သည့် ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေကြကြောင်း သိရသည်။
“တမြို့လုံးမှာတော့ လုံခြုံရေးတွေ ဖြန့်ချထားပြီး တပ်လှန့်ထားပါတယ်။ ဒါပေမယ့် ညဘက်ဆို ဘယ်သူမှ မအိပ် ရဲကြတော့ဘူး။ အကြမ်းဖက်မှု ထပ်ပြီး ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတော့ ဒေသခံတွေကလည်းပဲ ကိုယ့်အိမ်၊ ကိုယ်ရွာ လုံခြုံရေးအတွက် ကိုယ်တိုင် ကင်းစောင့်နေကြရပါတယ်” ဟု မောင်တော မြို့ခံတဦးက ဆိုသည်။
ယခုဖြစ်ပွားသည့် မောင်တော ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ မရှိသေးကြောင်း၊ မီးရှှို့သူများကို ရှာဖွေဖော်ထုတ်၍ ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မောင်တော အကြမ်းဖက်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၀ ဦးကျော် သေဆုံးခဲ့ပြီး တိုင်းရင်းသားကျေးရွာ ၂၀ ဝန်းကျင်လည်း မီးရှှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် ခင်ဦးသာနှင့် ငြိမ်းချမ်းတို့ ပူးပေါင်း ရေးသားသည်။