မြန်မာ့ဗီဒီယို ဇာတ်ကားများကို လူစုရုံးပြီး ပြသမည်ဆိုပါက ရုံသွင်းပြသရန်နှင့် လူများသည့် နေရာတွင် အခမဲ့ ပြသခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
မြန်မာ့ဗီဒီယို ဈေးကွက်ကို ထိခိုက်မှုကြောင့် လူများသောနေရာဖြစ်သည့် လက်ဖက်ရည်ဆိုင်၊ အဝေးပြေးကားများပေါ်နှင့် လူအုပ်စုများသည့် နေရာတွင် ပြသခွင့်ကို ယခုလမှ စတင်၍ ပိတ်ပင်သွားမည်ဟု ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူ ဦးမျိုးဇော်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ ပိတ်တာပါ။ အခွေက နယ်မြေကန့်သတ်ချက် ရှိတဲ့အတွက် အဝေးပြေးကားတွေပေါ် မပြခိုင်းတော့တာပါ” ဟု ဦးမျိုးဇော်က ပြောသည်။
ရုပ်သံလိုင်းမှထုတ်လွှင့်သည့် ဗီဒီယိုနှင့် သီးချင်များကို ပြသခွင့်ရှိကြောင်း၊ လူစုဝေးရာ နေရာများတွင် ဗီဒိယို ဇာတ်ကားများကို အခမဲ့ ပြသသည့်အတွက် ဈေးကွက်ကို ထိခိုက်ကြောင်း၊ ဥပဒေအရ ကြည့်မည်ဆိုပါက လူစုရုံးပြီး ပြသမည်ဆိုလျှင် ရုံသွင်းပြသခွင့်ရှိကြောင်း ဦးမျိုးဇော်က ဆိုသည်။
“ဒီလိုနေရာတွေမှာ ပြသရင် ဗီဒီယို ဈေးကွက်ကို ထိခိုက်နိုင်သလို အဝေးပြေးကားပေါ်မှာ ပြတော့ နယ်မြေကျော်တယ်။ ပြီးတော့ အခွေကို နယ်မှာကျန်ခဲ့တော့ တခြားလူတွေက အဲဒီခွေကို ခိုးကူးခွေလုပ် ပြန်ရောင်းကြလို့ပါ” ဟု ၎င်းက ဆက်ပြောသည်။
လက်ဖက်ရည်ဆိုင် အများစုသည် ယခင်က မြန်မာဗီဒီယို ဇာတ်ကားများကို ပြသခဲ့ကြသော်လည်း ယခုအခါ ထိုသို့ ပြသမှု နည်းပါးလာပြီး Sky Net နှင့် Movie 5 မှ လာသည့် နိုင်ငံခြားဇာတ်လမ်းတွဲများကိုသာ ဦးစားပေး ပြသနေကြောင်း သိရသည်။
“ဇာတ်အိမ်ကို ကောင်းအောင်လုပ်ရင် ဘယ်သူမှဆို ဝယ်၊ ငှားပြီး ကြည့်ကြမှာပါ။ဆိုင်မှာ မပြရလည်း မပြဘူးပေါ့” ဟု ကျောက်မြောင်း ကျားကွက်သစ်လမ်းပေါ်ရှိ အောင်စေတနာ လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ပြောသည်။
ခိုးကူးခွေကြောင့် ဂီတလောကသည် ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရပြီး ရုပ်ရှင်လောကသား အများစုကို ထမင်းကျွေးနေသည့် ဗီဒီယိုလောကသည်လည်း ၆၀ ရာခိုင်နှုန်းအထိ ပြိုကွဲပျက်စီးခဲ့ရကြောင်း ၂၀၁၂ ခုနစ် သြဂုတ်လ တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောဆိုခဲ့သည်။
“အဝေးပြေးကားပေါ်မှာ နိုင်ငံခြားခွေ မပြရဆိုပြီး သတ်မှတ်တော့ ကားတွေက မြန်မာဗီဒီယိုဇာတ်လမ်းကို ပြကြတယ်။ အခုတော့ မြန်မာကားလည်း မရဘူးဆိုတော့ ခရီးသည်တွေအတွက် ဖျော်ဖြေရေးကဏ္ဍကို ဘယ်လိုသတ်မှတ် လုပ်ဆောင်မှာလဲ။ သီချင်းဆိုတော့လည်း ခိုးကူးမို့လို့၊ ဘာမို့လို့တဲ့” ဟု မန္တလေး -ရန်ကုန် အဝေးပြေး ယာဉ်မောင်း ဦးဇော်မြင့်အောင်က ပြောသည်။
လတ်တလော မြန်မာဗီဒီယို ဈေးကွက်သည့် အလွန်ပျက်စီးနေပြီး မြန်မာဇာတ်ကားကို လာရောက်ငှားသူများသည် ယခင်ကထက် အလွန်နည်းလာကြောင်း၊ မြန်မာဇာတ်လမ်း၏ ဇာတ်အိမ်သည် အလွန်စိတ်ညစ်ဖွယ်ရာ ကောင်းကြောင်း၊ ဇာတ်အိမ်ဇာတ်လမ်းများကို ကောင်းမွန်စွာနှင့် ကိုယ်ပိုင် အစွမ်းအစဖြင့် ဇာတ်လမ်းရေးသင့်ကြောင်း မြန်မာဗီဒီယို အခွေ အငှားဆိုင်များက ဆိုသည်။
တပိုင်တနိုင် ရောင်းချနေသည့် နိုင်ငံခြားခွေ ရောင်းချသူများကို ညစ်ညမ်းခွေများမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ညွှန်ကြားခဲ့သည်။ သို့သော် ယခုအခါ ခိုးကူးခွေ နှိမ်နင်းရေး စီမံချက်တွင် နိုင်ငံခြားခွေများပါ ဖမ်းဆီးနေသဖြင့် ဝေဖန်ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိသည်။
“အခုဆိုရင် နိုင်ငံခြားဇာတ်လမ်းတွေ ရောင်းနေတဲ့ လူတွေကို ဖမ်းနေတယ်။ ဆိုင်ပိတ်ထားရတယ်။ ပြီးတော့ မြန်မာကားကိုလည်း ပြသဖို့ ကန့်သတ်ထားပြီး ပြသရင် ဖမ်းမယ်ဆိုတာ တော်တော်စဉ်းစားဖို့ ခက်တယ်” ဟု ရန်ကုန်မြို့ ဆူးလေ အနီးတွင် နိုင်ငံခြားဇာတ်လမ်းတွဲခွေ ရောင်းချသူတဦးက ပြောသည်။