ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သစ်တောကြိုးဝိုင်းများ၌ ဆင်စွယ်မုဆိုများ၏ လက်ချက်ဖြင့် ပြီးခဲ့သည့် ၆ လအတွင်း ဆင် ၆ ကောင် အစွယ်ဖြတ် အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ငပုတောမြို့နယ် ဆင်မကြိုးဝိုင်းအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က အစွယ်ဖြတ် အသတ်ခံ ထားရသည့် ဆင်တကောင် တွေ့ရှိခဲ့ရပြီး ယင်းမှာ ၆ လအတွင်း အသတ်ခံခဲ့ရသည့် ၆ ကောင်မြောက် ဆင်ဖြစ်ကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။
“ပြီးခဲ့တဲ့ ၆ လအတွင်း ဆင် ၆ ကောင် အသတ်ခံခဲ့ရပါတယ်။ ကျူးလွန်တဲ့ လူတွေကတော့ တနယ်တကျေးကနေ နယ်ကျော်ပြီးလာလုပ်ကြတာပေါ့။ ဆင်သတ်ပြီး အစွယ်ဖြတ်တာကို အုပ်စုလိုက် ကျူးလွန်တဲ့ပုံစံ ဖြစ်နေတယ်။ ဒီပုံစံအတိုင်း သွားနေရင် တောတွင်းဆင်တွေအတွက် စိုးရိမ်စရာကောင်းတယ်”ဟု သူက ပြောသည်။
သစ်တောပြုန်းတီးမှုကြောင့် အစားအစာနှင့် နေစရာ ရှားပါးလာသည့် ဆင်များမှာ လူနေ ကျေးရွာများအနီး လာရောက် အစာရှာကြရာမှ ဆင်စွယ်မုဆိုးများ လက်ချက်ဖြင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဦးအေးကြည်ကဆိုသည်။
ဆင်သတ်မှုများမှာ ယမန်နှစ်သြဂုတ်လက စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး တောဆင်များ အသတ်ခံနေရသည့် ကြိုးဝိုင်းများမှာ ငပုတောမြို့နယ်ရှိ ဆင်မ၊ မြစ်တရာနှင့် ဆင်မှုံ ကြိုးဝိုင်းများ ဖြစ်သည်။ ကြိုးဝိုင်းအနီးရှိ တောကြီး၊ စမ်းကြီး၊ တောင်ချောင်းနှင့် ပိုးလောင်းရွာများအနီးတွင် ခေါင်းပြတ်နေသည့် ဆင်သေများ တွေ့ခဲ့ရခြင်း ဖြစ်သည်။
နောက်ဆုံးအသတ်ခံခဲ့ရသည့်ဆင်မှာ အသက် ၄၀ ခန့်ရှိသည့် ဆင်အမဖြစ်ပြီး အဆိပ်ရှိသည့် မြှားဒဏ်ရာဖြင့် သေဆုံးသည်ဟု ယူဆရကြောင်း ငပုတောမြို့နယ် တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန ဦးစီးမှူး ဒေါက်တာမြင့်သန်းက ပြောသည်။
“ဆင်က နှာမောင်းပြတ် နေတာတွေ့ရတယ်။ သေရတဲ့ဒဏ်ရာကတော့ တင်ပါး ဘယ်ဘက်ခြမ်းမှာ လှီးဖြတ်ထားတဲ့ နေရာရှိပြီးတော့ အဲဒီမှာအပေါက်တပေါက်တွေ့တယ်။ ကျနော်တို့အနေနဲ့ အဲဒီအပေါက်ကို မြှားဒဏ်ရာလို့ ယူဆတယ်။ တခြားနေရာတွေမှာတော့ ဒဏ်ရာ မတွေ့ရဘူး။ ဖြစ်နိုင်ခြေကတော့ အဆိပ်ကြောင့် သေဆုံးတယ်လို့ ယူဆရတယ်”ဟု သူက ပြောသည်။
“အခုအသတ်ခံလိုက်ရတဲ့ ဆင်မကြီးမှာ နို့တိုက်လက်စ ကလေးတွေ ရှိပုံရတယ်။ နို့တွေညှစ်ကြည့်တော့ နို့တွေထွက်နေတုန်းပဲ။ ကျနော်တို့က တိရိစ္ဆာန်ဆရာဝန်ဆိုတော့ ကျနော်တို့ချစ်တဲ့ တောရိုင်းတိရိစ္ဆာန်တွေ အခုလိုအသတ်ခံရတာမြင်တော့ အရမ်း စိတ်မကောင်း ဖြစ်မိတယ်ဗျာ”ဟု ဒေါက်တာမြင့်သန်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က ငပုတောမြို့နယ် ဆင်မှုံကြိုးဝိုင်းအတွင်း စွယ်စုံ ဆင်ထီးတကောင် အသတ်ခံခဲ့ရသည့်အတွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ တစ်လတည်းမှာပင် တောဆင် ၂ ကောင် အစွယ်ဖြတ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဆင်အသတ်ခံရမှုများနှင့်ပတ်သတ်၍ ငပုတောမြို့နယ် သဘာဝပတ်ဝန်းကျင်နှင့် သစ်တော ရေးရာဌာနသို့ ဧရာဝတီက သွားရောက်မေးမြန်းရာ ဦးစီးမှူးဖြစ်သူက တရားဝင်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ငပုတော ရဲစခန်း ယာယီစခန်းမှူး ဒုရဲအုပ် ဦးအောင်မင်းက “ဆင်သတ်မှုကို ဌာနမှာ အမှုဖွင့်ထားပါတယ်။ အမှုကိုလည်း လက်ရှိစစ်ဆေးနေပါပြီ။ တရားခံဖမ်းမိနိုင်ရေး ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ပြောပြီး အမှုနှင့်ပတ်သတ်၍ အသေးစိတ်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် ငပုတောမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းဆွေအား ဆက်လက်မေးမြန်းရာ ဌာနတွင်း ညွှန်ကြားချက်ကြောင့် သတင်းမီဒီယာများကို အင်တာဗျူးမပေးနိုင်ကြောင်း ပြောဆိုပြီး တရားဝင်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ဆင်စွယ်အရောင်းအဝယ်ဈေးကွက်တွင် ဆင်စွယ်ကို ပိဿာဖြင့် ချိန်တွယ်ရောင်းဝယ်ကြပြီး ဆင်စွယ် ၁ ပိဿာကို မြန်မာကျပ်ငွေ ၆ သိန်းမှ ၁၂ သိန်းအထိ ပေါက်ဈေးရှိကြောင်း စုံစမ်းသိရသည်။
ဆင်စွယ်တချောင်းမှာ အနည်းဆုံး ၁၀ ပိဿာကနေ ၁၅ ပိဿာအထိ အလေးချိန် ရှိသဖြင့် ဆင်စွယ်တချောင်းတန်ဖိုးမှာ တရားမဝင် မှောင်ခိုဈေးကွက်တွင် မြန်မာငွေ သိန်း ၆၀ (အမေရိကန် ဒေါ်လာ ၇၀၅၈) မှ သိန်း ၁၀၀ (ဒေါ်လာ ၁၁၇၆၅) ကျော်အထိ ပေါက်ဈေးရှိနေပြီး ထိုင်းနှင့်တရုတ်နိုင်ငံများသို့ တရားမဝင် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ပို့ရောင်းချကြောင်း သိရသည်။
ဆင်သတ်မုဆိုးများမှာ ဆင်ကို အဆိပ်ပါသည့်မြှား၊ လှံလက်နက်ဖြင့် ပစ်ခတ်လိုက်ပြီး ရက်အနည်းငယ်အကြာတွင် အဆိပ်သင့်နေသည့် ဆင်နောက်သို့ ခြေရာခံလိုက်ကြကြောင်း ဒေသခံများက ပြောသည်။
“အဆိပ်ကြောင့်ဆင်သေတဲ့အခါမှာ နှာမောင်းဖြတ်ပြီး အစွယ်နှုတ်ယူတယ်။ ပြီးတော့ မြှားတို့ လှံတို့ စိုက်ဝင်တဲ့နေရာတွေကို ဆင်ရဲ့အသားလှီးထုတ်ပြီးတော့ ခြေရာလက်ရာမကျန်အောင် လုပ်ကြတယ်”ဟု ငပုတောမြို့ခံတဦးက ပြောသည်။
ထို့ကြောင့် ဆင်သေများတွေ့ရချိန်တွင် ဆင်သတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်နှင့် အဆိပ်အမျိုးအစားကို တိမွေးကုဆရာဝန်များပင် အဖြေမထုတ်ပေးနိုင် ဖြစ်နေသည်။
ဆင်သတ်မှု ၆ မှုအနက် ဇန်နဝါရီလ ပထမပတ်အတွင်းက သေဆုံးခဲ့သည့်ဆင်ကို သတ်ဖြတ်သူ တရားခံ ၃ ဦးအား လက်နက်များအပါအဝင် သက်သေခံပစ္စည်း ၂၄ မျိုးနှင့်အတူ ဇန်နဝါရီ ၆ ရက်နေ့တွင် ငရုတ်ကောင်းမြို့နယ်ခွဲရဲစခန်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးတွင် ဆင်ကောင်ရေ စုစုပေါင်း ၅၀၀၀ ကျော် ရှိနေပြီး ငပုတောမြို့နယ်တွင် ဆင်ကောင်ရေ ၈၀၀ ခန့်ရှိကြောင်း သစ်တောဝန်ထမ်းတွေအဆိုအရ သိရသည်။