မူးယစ်ဆေးဝါးနှင့် လက်နက်များ လက်ဝယ်တွေ့ရှိမှုဖြင့် အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့ စန္ဒကူး ၃ ရပ်ကွက်နေ တရားရေးဝန်ထမ်းနှင့် ခင်ပွန်းဖြစ်သူကို ယမန်နေ့ညနေက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း တမူး ရဲစခန်းက ပြောသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများတွင် အဖက်ဒရင်းပါ ဆေးပြား ၁၀၀.၈ ကီလိုဂရမ် ရှိပြီး ကာလတန်ဖိုး ကျပ် သိန်း ၁၂၀၀ ကျော် ရှိကြောင်း၊ လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ အလုံး ၆၀၊ နင်းမိုင်း ၂၃ လုံး၊ ကျည်မျိုးစုံ ၇၉၀၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၀ နှင့် ယမ်းကြိုးခွေ ၄ ခွေ တို့ကိုလည်း ဖမ်းဆီရမိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထား သည်။
အိမ်ရှင်သည် ၂၀၁၀ ဇူလိုင်လခန့်ကတည်းက အဆိုပါလက်နက်များကို အခကြေးငွေယူ၍ ထိန်းသိမ်းပေးထားခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု အမျိုးသားလွတ်မြောက်ရေး တပ်ဦးမှ ဗိုလ်မှူးကြီး အဆင့်ရှိသည့် သွန်ဘနှင့် အခြားအဖွဲ့ဝင် တဦးတို့နှင့်လည်း ဆက်နွယ် မှု ရှိကြောင်း၊ ထိုသူများ လက်နက် လာထုတ်ယူပါက ပေးရကြောင်း၊ မူးယစ်ဆေးဝါးများမှာမူ သူ၏ ညီဝမ်းကွဲတဦး၏ ပစ္စည်းများဖြစ်ပြီး အခကြေးငွေယူကာ မန္တလေးသို့ သယ်ဆောင်ရန် စီစဉ်ချိန်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှင့် ဆက်စပ် နေသူများကို ဖမ်းဆီးရမိရေးအတွက်လည်း ဆောင်ရွက်နေကြောင်း သတင်းစာတွင် ပါရှိသည်။
အိန္ဒိယ နိုင်ငံမှ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်မှ တဆင့် မူးယစ်ဆေးဝါးနှင့် တရားမဝင်ဆေးဝါး သယ်ဆောင်ရောင်းချမှုများ တိုးပွားလာနေပြီး အဆိုပါ ဆေးပြားများကို မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးအဖြစ် တိုက်ရိုက်သုံးစွဲခြင်းရှိသကဲ့သို့ ဆေးပြားများတွင်ပါဝင်သော အဖက်ဒရင်းကို ပြန်လည်ဓာတ်ခွဲယူ၍ မက်သာအဖက်တမင်း ဆေးပြားနှင့် အဖက်ဒရင်း ဆေးပြားများ တရားမဝင် ထုတ် လုပ်ရာတွင် အသုံးပြုနေကြကြောင်း တမူးစခန်းမှ ရဲ တဦးက ပြောသည်။
တားမြစ် စိတ်ကြွဆေး တမျိုးဖြစ်သည့် မက်သာအဖက်တမင်း ဆေးပြားနှင့် ဓာတုပါဝင်နှုန်း တူညီ၍ အဖက်ဒရင်းကိုလည်း စိတ်ကြွဆေးအသွင် အသုံးပြုနေကြရာ အဖက်ဒရင်း ပါဝင်သည့် အအေးမိဖျားနာ ပျောက်ဆေးများကိုလည်း စိတ်ကြွဆေးအသွင် သုံးစွဲမှုများ ရှိလာနေကြောင်း မြန်မာနိုင်ငံ မူးယစ် အထူးတပ်ဖွဲ့မှ အရာရှိ တဦးကလည်း ပြောပြသည်။
ယခင်က အလားတူ ဆေးပြားများကို ထိုင်းနိုင်ငံမှတဆင့် သယ်ဆောင်ကြသော်လည်း ကန့်သတ်ဆေးဝါးများဖြစ်နေသည့်အတွက် ရောင်းဝယ်ရေးမလွယ်ကူကြောင်း၊ အိန္ဒိယနိုင်ငံတွင်မူ အက်ဖဒရင်းပါဝင်သော အဆိုပါ ဆေးများကို လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားနိုင်သည်ဖြစ်၍ ယခုကဲ့သို့ အိန္ဒိယ-မြန်မာနယ်စပ် လမ်းကြောင်းသစ် ပေါ်လာရခြင်းဖြစ်နိုင်ကြောင်း သူက ဆိုသည်။
“အိန္ဒိယမှာ ဒီဆေးတွေက သာမန် ဖျားနာတာတွေမှာသုံးတဲ့အတွက် ရောင်းတာဝယ်တာကို မကန့်သတ်ထားဘူး။ ဈေးကလည်းပေါတယ်။ ဒါပေမယ့် ဈေးရတယ်ဆိုတာ သိလာတဲ့ မသမာတဲ့သူတွေက ဒါကို မဟုတ်တဲ့နေရာမှာ သုံးတဲ့အတွက် မလိုလားအပ် တာ တွေဖြစ်လာတယ်။ လောလောဆယ်ကတော့ သတင်းရတဲ့နေရာ၊ နယ်စပ်တွေမှာ စစ်ဆေးပြီးဖမ်းတာဆီးတာပဲ လုပ်ရပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းပြီး တားဆီးတာတွေ လုပ်နိုင်ရင်တော့ ပိုထိရောက်မှာပါ”ဟုလည်း မူးယစ် အရာရှိက ပြောသည်။
အိန္ဒိယနိုင်ငံတွင် အဆိုပါ ဆေးပြားတပြားလျှင် အိန္ဒိယရူပီး ၃ ရူပီးမှ ၄ ရူပီး (မြန်မာငွေ ၅၀ ခန့်) ရှိပြီး မြန်မာနယ်စပ် လက်ကားဈေးကွက်တွင် ဆေးပြားတပြားလျှင် ကျပ် ၁၀၀ နှုန်းခန့် ဈေးပေါက်ကြောင်း၊ ထိုမှတဆင့် ပြန်ရောင်းပါက ဆေးပြားတပြားလျှင် ကျပ် ၄၅၀ ခန့်အထိ ပေါက်ဈေး ရှိကြောင်း သိရသည်။
အိန္ဒိယ ခွဲထွက်ရေး သူပုန်များ ဖြတ်သန်းသွားလာမှုရှိသည့် တမူးမြို့တွင် ယခုကဲ့သို့ လက်နက်များကို ရံဖန်ရံခါ ဖမ်းဆီးရမိမှုများရှိခဲ့ပြီး မတော်တဆဖြစ်ပွားသည့် လက်နက်ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်လေ့ ရှိကြောင်း၊ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိလေ့ ရှိကြောင်း တမူးရဲက ပြောသည်။
ပြီးခဲ့သည့်နှစ် အတွင်းက မြန်မာနိုင်ငံသို့ အဖက်ဒရင်း ပါဝင်သော ဆေးဝါးများ သယ်ဆောင်မည့် မြန်မာနိုင်ငံသားတဦးနှင့် အိန္ဒိယ နိုင်ငံသား တဦးတို့ကို အိန္ဒိယရဲက ဖမ်းဆီးခဲ့သေးသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်အနီး ချင်းတွင်းမြစ်အတွင်း သွားနေသော စက်လှေတစီးပေါ်မှ အမေရိကန် ဒေါ်လာ ၁.၅၇ သန်း တန်ဖိုးရှိသည့် အဖက်ဒရင်း ဆေးပြားများ၊ အဖက်ဒရင်း ပါဝင်သည့် အအေးမိ ဖျားနာ ပျောက်ဆေးပြားများကို ဖမ်းမိခဲ့သည်။
သတင်းတွင်ပါသည့် ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေး တပ်ဦးဆိုသည်မှာ အိန္ဒိယ-မြန်မာနယ်စပ်တွင် လှုပ်ရှားသွားလာ နေ သော မဏိပူရ်ပြည်နယ်အခြေစိုက် အိန္ဒိယခွဲထွက်ရေးလှုပ်ရှားသည့် အဖွဲ့ဖြစ်သည်။ မြန်မာ့အလင်း အင်္ဂလိပ် သတင်းစာတွင်မူ ဖမ်းဆီးရမိသူနှင့် ဆက်စပ်နေသည့်အဖွဲ့သည် အာသံအမျိုးသား လွတ်မြောက်ရေး တပ်ဦး ဖြစ်ကြောင်း ရေးသားထားသည်ကို လည်း တွေ့ရသည်။