သတင်း

တန်ဖိုးနည်းဖုန်းကတ် ပြည်သူအများစု လက်လှမ်းမီမလား

This article has been converted from Zawgyi One to Unicode

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အများစု လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများ ချထားပေးမည်ဟု သတင်းထုတ်ပြန်ပြီးနောက် ဈေးကွက်တွင် မိုဘိုင်းလ်ဖုန်းကတ်(SIM Card) အရောင်းအဝယ်များ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက မိုဘိုင်းလ်ဖုန်းများကို ဈေးနှုန်းလျော့ချရန် အစီအစဉ်ရှိသည့်အတွက် ကျေးလက်နေပြည်သူအား အရစ်ကျ ရောင်းချမည့် အစီအစဉ်ကို ဈေးလျှော့ချပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း မေးမြန်းခဲ့ရာ ဆက်သွယ်ရေး ဒုဝန်ကြီးဦးဝင်းသန်းက မိုဘိုင်းလ်ဖုန်းကတ် ဈေးနှုန်းများသည် ယခင်နှုန်းထား ကျပ်နှစ်သိန်းထက် များစွာ သက်သာမည်ဖြစ်သည့်အပြင် ပြည်သူတရပ်လုံး ဝမ်းမြောက်ဝမ်းသာ လက်ခံ ရမည့် ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးမည်ဟု ထုတ်ဖော်ပြောဆိုပြီးနောက် မိုဘိုင်းလ်ဖုန်းဈေးကွက်တွင် မိုဘိုင်းလ်ဖုန်းကတ် အရောင်းအဝယ်များ အားလုံး ရပ်ဆိုင်းသွားခြင်းဖြစ်သည်ဟု သိရှိရသည်။

ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်း၏ ပြောကြားချက်ကြောင့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းကတ် ဈေးနှုန်းများကို ကျပ်ငွေ သောင်းဂဏန်းမျှသော ဈေးနှုန်းဖြင့် ချထားပေးမည်ဆိုသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည့်အတွက် ပြည်သူအများစုက တန်ဖိုးနည်းဖုန်း ထွက်ရှိလာမည့်အပေါ် မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းလာကြောင်း၊ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ဈေးကွက်တွင် GSM ၊ CDMA အပါအဝင် မိုဘိုင်းလ်ဖုန်း SIM Card အရောင်းအဝယ်များရပ်ဆိုင်းဖြစ် ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယခင်စစ်အစိုးရလက်ထက် မိုဘိုင်းလ်ဖုန်းကတ်များကို ငွေကျပ် ၁၅ သိန်းဖြင့် ချထားပေးခဲ့ပြီး ၂၀၀၉ ခုနှစ်ဝန်းကျင်တွင် FEC ၂၀ တန်နှင့် ၅၀ တန် တခါသုံးမိုဘိုင်းဖုန်းကတ်၊ ၂၀၁၀ ပြည့်နှစ်တွင် ငါးသိန်း မိုဘိုင်းလ် ဖုန်းကတ်များ၊ ၂၀၁၁ ခုနှစ်တွင် ကျပ်နှစ်သိန်း မိုဘိုင်းလ်ဖုန်းများကို ချထားပေးခဲ့ပြီး ယခုအခါတွင် ယခင်ထက် များစွာဈေးသက်သာသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများ ချထားပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

“တန်ဖိုးနည်း ဖုန်းကတ် ဈေးနှုန်းက တသောင်းလို့လည်း သတင်းတွေ ထွက်တယ်၊ ဖြစ်နိုင်ခြေရှိတဲ့ အများဆုံး ဈေးနှုန်းက ငါးသောင်း အများဆုံးပဲ ဆိုပြီးတော့ သတင်းတွေက ထွက်တော့ အခု လူတွေက တန်ဖိုးနည်းဖုန်းကိုပဲ စောင့်နေကြတယ်။ ဆိုင်ကိုလည်း နေ့တိုင်းလောက် ဘယ်တော့ တန်ဖိုးနည်း ထွက်မလဲ၊ ဘယ်လောက်လဲဆိုတာမျိုးတွေ လာမေးတဲ့သူတွေ မနည်းဘူး။ ဖုန်း SIM Card အရောင်းအဝယ်ကတော့ အကုန်ရပ်နေတယ်” ဟု တာမွေမြို့နယ်ရှိ King Star မိုဘိုင်းလ်ဖုန်း Handset အရောင်းဆိုင်မှ တာဝန်ခံကိုထွန်းထွန်းက ပြောသည်။

မိုဘိုင်းလ်ဖုန်း SIM Card များ ငွေကျပ် သောင်းဂဏန်းမျှဖြင့် အမှန်တကယ် ထွက်ရှိလာပါက ဈေးကွက်တွင် အလုအယက်  ဝယ်ယူမည့် အခြေအနေမျိုး ရောက်ရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

“လူတွေကလည်း တန်ဖိုးနည်းဖုန်းကိုပဲ မျှော်လင့်နေကြတယ်။ သတင်းတွေကလည်း အများကြီး အမျိုးမျိုးလည်း ဖြစ်နေတယ်။ လူတွေက ထွက်မယ့်ဖုန်းက သောင်းဂဏန်းလောက်သာဖြစ်ရင်တော့ ဗုံးပေါက်သလို အလုအယက် ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် တခေတ်ပြောင်းသွားမှာပေါ့။ သောင်းဂဏန်းဆိုရင်တော့ လူတိုင်း တတ်နိုင်မယ့် အနေအထားမျိုး။ တသောင်းဆိုရင်တော့ လူတိုင်း၊ အိမ်တိုင်း ဖုန်းကိုင်နိုင်မယ့် အခြေအနေပါပဲ” ဟု ရန်ကုန်မြို့၏ နာမည်ကျော် လူကြီးမင်းဖုန်းအရောင်ဆိုင်များ၏ မန်နေဂျာဒေါ်ဇာခြည်က သုံးသပ်ပြောသည်။

ကြည်မြင်တိုင် စံပြငါးဈေးတွင် ကုန်ထမ်းကုန်ချ အလုပ်သမားတဦးဖြစ်သူ ကိုကျော်ဝင်းကမူ ဂျာနယ်များတွင် တသောင်းဖုန်း ထွက်ရှိမည်ဟု သတင်းများဖတ်ရှုရသည့်အတွက် ဖုန်းကိုင်ရန်အတွက် ရင်ခုန်စွာ စောင့်ဆိုင်းနေကြောင်း ဆိုသည်။

“ကျနော် တနေကုန် ကုန်ထမ်းမှ ၃၀၀၀ ၊ ၄၀၀၀ လောက်ရတာ။ တကယ်လို့ ဂျာနယ်ထဲမှာပါတဲ့အတိုင်း တသောင်းတန်ဖုန်း ထွက်မယ်ဆိုရင် ဝယ်ကိုင်မယ်။ သူများတွေကိုင်တော့ ကိုယ်လည်း ဖုန်းကိုင်ချင်တာ အရမ်းပဲ” ဟု ကိုကျော်ဝင်းက ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တန်ဖိုးနည်း ဖုန်းကတ်များ ချထားပေးရာတွင် ယခင် နှစ်သိန်းတန် ဖုန်းကတ်များ ချထားပေးသည့်ပုံစံအတိုင်း ထိန်းချုပ်မှုများရှိပါက မှောင်ခိုဈေးကွက်ဆန်ဆန် ဈေးနှုန်းများဖြစ်ထွန်းသည်ဟု မိုဘိုင်းလ်HandSet အရောင်းဆိုင်များက ဆိုသည်။

“နှစ်သိန်းတန်ဖုန်းတွေ ချထားပေးတုန်းက မြန်မာ့ဆက်သွယ်ရေးနဲ့ E-Lite ကုမ္ပဏီက ဖုန်းကတ်တွေကို ထိန်းချုပ်ထားတယ်။ အဲဒါဆိုင်တွေကို လက်ကားမချပေးဘူး။ အဲဒီတော့ ကျမတို့က အပြင်ဈေးကွက်မှာ ဖုန်းကတ်တွေကို ပြန်ပြီးတော့ ယူရတယ်။ ဈေးပိုကြီးသွားတာပေါ့။ နှစ်သိန်းတန် ဖုန်းကတ်ဆိုရင် ဆိုင်မှာ နှစ်သိန်းနှစ်သောင်းလောက်နဲ့ ပြန်ရောင်းရတယ်။ နှစ်သောင်းက အပြင်မှာ ပွဲစားခ ပေးဝယ်ရတာမျိုးဖြစ်ခဲ့တယ်။ အခုလည်း ငွေသောင်းဂဏန်းလောက်နဲ့ ချထားပေးမယ့် တန်ဖိုးနည်း ဖုန်းကတ်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိရှိ လွတ်လွတ်လပ်လပ် ချထားပေးစေချင်ပါတယ်။ အဲလိုမဟုတ်ဘဲ တသောင်းလောက်နဲ့ ချပေးတဲ့ ဖုန်းကတ်ကို အပြင်မှာ လေးငါးသောင်းပေးဝယ်ရမယ့် အခြေအနေမျိုး ဖြစ်ဦးမယ်” ဟု မရမ်းကုန်းမြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးဘေးတွင် ဖွင့်လှစ်ထားသော ငွေအိမ်စံ မိုဘိုင်းလ်ဖုန်းHandset အရောင်းဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာအေးက ရှင်းပြသည်။

သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းကမူ တန်ဖိုးနည်း ဖုန်းကတ်များ ထွက်ရှိမည်ဖြစ်သော်လည်း ဈေးနှုန်းအတိအကျကို မထုတ်နိုင်သေးဘဲ ဆက်သွယ်ရေးဝန်ကြီးနှင့် အရာရှိများ ဆက်စပ်နေသော ခြစားမှုများရှင်းလင်းပြီးချိန်မှသာ ဈေးနှုန်း အတိအကျ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း မီဒီယာများသို့ ဇန်နဝါရီလကုန်တွင် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်းက တန်ဖိုးနည်း ဖုန်းကတ်ဈေးနှုန်းသည် ပြည်သူတိုင်း လက်လှမ်းမီနိုင်မည်ဟု ပြောဆိုသော်လည်း ဈေးနှုန်းနှင့်အရည်အသွေး အမှန်တကယ် ထွက်ရှိလာမှသာလျှင် ပြည်သူအများစု လက်လှမ်းမီ၊ မမီ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း Handset အရောင်းဆိုင်များက ဆိုသည်။

“ဖုန်းကတ်ဈေးက တသောင်းဖြစ်မယ်ဆိုရင်တော့ အားလုံးလက်လှမ်းမီမယ်။ ငါးသောင်းဆိုရင်တော့ ပြည်သူအားလုံး လက်လှမ်းမီဖို့ တော်တော်ခဲယဉ်းပါတယ်။ ဖုန်းကတ် တကတ် ဝယ်ဖို့ ဝင်ငွေနည်းတဲ့ အခြေခံလူတန်းစားတွေ တော်တော် ပိုက်ဆံစု ဝယ်ရတာမျိုး ဖြစ်မှာပဲ။ နောက်တခုက အရည်အသွေးပိုင်းပေါ့။ တန်ဖိုးကတော့ နည်းပါရဲ့၊ ဖုန်းက လိုင်းမကြည်တာ၊ ဖုန်းလိုင်းတွေ ကြပ်နေတာဆိုရင်တော့ တန်ဖိုးနည်းပေမယ့် အလကားဖြစ်နိုင်တာပေါ့” ဟု ငွေအိမ်စံမိုဘိုင်းလ်ဖုန်း Handset အရောင်းဆိုင်ပိုင်ရှင် မဥမ္မာအေးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ငါးနှစ်အတွင်း ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း သန်း ၃၀ ချထားပေးမည့် စီမံကိန်းတရပ်ကို သမ္မတဦးသိန်းစိန်က အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းပြီးမြောက်ချိန်တွင် နိုင်ငံတကာပုံစံအတိုင်း လူတိုင်း ဖုန်းကိုင်နိုင်မည့် အနေအထားရောက်ရှိမည်ဟု အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဒေသတွင်း မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲမှုတွင် မြန်မာသည် လာအို၊ ကမ်ဘောဒီးယားတို့ထက် အဆင့်များစွာ နိမ့်ကျလျက် ရှိသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅.၄၄ သာ မိုဘိုင်းဖုန်း တရားဝင် လျှောက်ထားသူရှိ၍ တိုင်းပြည် လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ သုံးစွဲနိုင်သည်။ ကမ်ဘောဒီးယားတွင် ၇၀ ရာခိုင်နှုန်း၊ လာအိုတွင် ၈၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၁၀၀ ရာခိုင်နှုန်း သုံးစွဲကြသည်။

Loading