ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ရှိ Jin Cheng Hotel တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် သဘောတူညီကြကြောင်း ပူးတွဲကြေညာချက် ထုတ်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် “အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများကို လေ့လာစောင့်ကြည့် စိစစ်ရေးစနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီကြသည်” ဟု ပါရှိသည်။
ထို့အပြင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်းများ ထားရှိရေး၊ စစ်ရေးတင်း မာမှုများ လျှော့ချနိုင်ေ ရးနှင့် နောက်တကြိမ် ဆွေးနွေးပွဲ တွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး စသည်တို့ကိုလည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။
KIO ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က “ဒီနေ့ဆွေးနွေးပွဲကတော့ အလွတ်သဘောတွေ့ကြတာ၊ နောင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်မယ် ဆိုတာကို ပြင်ဆင်တဲ့အနေနဲ့ ဆွေးနွေးဖြစ်ကြပါတယ်။ စစ်ရေးအနေနဲ့ ဆွေးနွေးဖြစ်တာ ကတော့ ပြဿနာဖြစ်နိုင် တဲ့ နေရာတွေမှာ လေ့လာစောင့်ကြည့်ရေးတွေ ထားပြီး စစ်ရေးအရှိန် လျော့သွားအောင် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နောက်တကြိမ်ဆွေးနွေးပွဲကို KIO အနေဖြင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ညှိနှိုင်းပြီးနောက် ယခုလ မကုန်မီ ကျင်းပရန်နှင့် အစိုးရနှင့် KIO တို့ အကြား နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန်ကိုလည်း သဘောတူကြောင်း ပူးတွဲကြေညာချက်တွင် ပါရှိသည်။
ယနေ့ဆွေးနွေးပွဲကို အစိုးရဘက်မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်နှင့် KIO ဘက်မှ ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဗဟိုတရားရေးဌာန တာဝန်ခံ ဦးလဖိုင်လ၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။
ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် တရုတ် အစိုးရက ကမကထ ပြုပေးခဲ့ခြင်းဖြစ်ပြီး ကြားခံ သက်သေအဖြစ် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်တဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် အဖွ့ဲဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေနှင့် အခြား သက်သေတဦးတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ကရင် အမျိုးသားအစည်းအရုံးကတော့ သက်သက် လေ့လာရေး သဘောပါပဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်ပြီး အားရတယ် ဆိုတာမျိုး တခွန်းနှစ်ခွန်းပဲပြောပါတယ်။ စည်းဝေးပွဲမှာ ဝင်ရောက် ဆွေးနွေးတာမျိုးမရှိဘူး” ဟု ဦးဆွမ်လွတ်ဂမ်က ပြောသည်။
ဆွေးနွေးပွဲကို မနက် ၉ နာရီမှ စတင်ခဲ့ကြပြီး ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးကြောင်းနှင့် ယနေ့ ဆွေးနွေးပွဲအတွက် တရုတ် အစိုးရက လုံးခြုံရေး တင်ကြပ်စွာ ထားပေးကြောင်း သိရသည်။
နှစ်ဖက်အဖွဲ့များအကြား ၂၀၁၂ အောက်တိုဘာ လကုန်ပိုင်းကလည်း ရွှေလီမြို့ပေါ်တွင် တွေ့ဆုံခဲ့ကြသော်လည်း KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် တက်ရောက်ခြင်း မရှိဟုဆိုကာ ကာကွယ်ရေး ဝန်ကြီးဌာန အထူး စစ်ဆင်ရေးမှူး (ကထစ) မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခြင်း မပြုခဲ့သကဲ့သို့ ဆွေးနွေးပွဲလည်း အရာမထင်ခဲ့ပေ။
ယင်းနောက် ကချင်ပြည်နယ်အတွင်း အစိုးရ ရိက္ခာပို့လမ်းကြောင်းတွေကို KIA က စောင့်ကြိုဖြတ်တိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အစိုးရကလည်း ကချင်တပ်များရှိရာ ဒေသများကို မြေပြင်စစ်ကြောင်းများ၊ လေယဉ်များ အသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားများပါ သေဆုံးခဲ့မှုများရှိခဲ့ပြီး တရုတ်-မြန်မာနယ်စပ် တလျှောက်တွင် စစ်ဘေးခိုလှုံသူပေါင်း ၁ သိန်းကျော်အထိ မြင့်တက်လာခဲ့သည်။
ယခုအခါ KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီးရှိ ဗျူဟာတောင်ကုန်းများကို အစိုးရ စစ်တပ်များက သိမ်းပိုက်ထားပြီး စစ်ရေးအရ စိုးမိုးထားသည်။ သို့သော်လည်း ယခုရက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း KIA ၏ မဟာမိတ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက ဧရာဝတီသို့ ပြောသည်။