တောင်ကြီးမြို့ပေါ်မှ အဝေးပြေး ယာဉ်လိုင်းများကို တောင်အောက်ရှိ အေးသာယာ အဝေးပြေး ကားဝင်းသို့ ပြောင်းရွှေ့ ပေးခဲ့ရသော်လည်း မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ပိုင် ကားလိုင်းများက မဆင်းပေးသည့်အတွက် ယာဉ်လိုင်း ပိုင်ရှင်များ ကျေနပ်မှု မရှိကြောင်း သိရသည်။
တိုင်းနှင့် ပြည်နယ်ကျော်ပြီး ပြေးဆွဲနေသော ကားလိုင်းအားလုံး ဇန်နဝါရီ လကုန်၌ အပြီးသတ် တောင်အောက်သို့ ဆင်းပေးခဲ့ရသော်လည်း ဦးပိုင် ကုမ္ပဏီပိုင် ရှမ်းမလေးနှင့် ရွှေမန်းသူ ကားများက ရွှေ့ပြောင်းခြင်း မရှိသေးပေ။
ယာဉ်လိုင်းများ၏ ပြောကြားချက်အရ အေးသာယာ ကားဝင်းသို့ ကားဂိတ်ပေါင်း ၂၀ ခန့်မှ ကားအစီးရေ ၅၀ ကျော် ပြောင်းရွှေ့ပြီး ဖြစ်ကြောင်း သိရသည်။
“သူတို့က ဦးပိုင်က ဆိုပြီးတော့ မဆင်းဘဲ နေနေကြတယ်။ အောက်က အဝေးပြေးကွင်းကလည်း အရမ်းကျဉ်းတော့ ကားလိုင်း ရှိပြီး ဂိတ်ပိုင်တဲ့ အခန်းမရှိတာ ပိုများတယ်” ဟု ရွှေတောင်ရိုး ကားဂိတ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
ဇန်နဝါရီလ အကုန်တွင် သတ်မှတ်ထားသည့် နေရာသို့မဆင်းပါက ဒဏ်ငွေ ကျပ် ၃ သောင်းနှင့်အတူ ယာဉ်မောင်းလိုင်စဉ် ယာယီသိမ်းခြင်း၊ ရက် ၃၀ အထိ ယာဉ်ပြေးဆွဲခွင့် ရပ်နားခြင်းမှ ယာဉ်လိုင်းအား ယာယီပိတ်သိမ်းသည် အထိ လုပ်ဆောင် သွားမည်ဟု ရှမ်းပြည်နယ် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြည်နယ်နှင့် တိုင်းကျော်ကားများအား အေးသာယာအဝေးပြေး ကားဝင်းသို့ပြောင်းရွှေ့ခြင်းနှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ပြေးဆွဲနေသော ကားများကို သစ်တော ကားဝင်းသို့လည်းကောင်း၊ ဒေသတွင်း မြို့နယ်များမှ ပြေးဆွဲသည့်ကားများကို မောချယ်ရီ ကားဝင်းသို့ လည်းကောင်း ပြောင်းရွှေ့ပေးခဲ့ရသည်။
အဝေးပြေး ကားလိုင်းများ နေရာ ပြောင်းရွှေ့ရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ တယ်လီဖုန်းမှ တဆင့် ဖြေကြားမပေးနိုင်ကြောင်း၊ တောင်ကြီးမြို့သို့ လာရောက်မေးမြန်းမှ ဖြေကြား ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယခင်က ရန်ကုန် – တောင်ကြီး ပြေးဆွဲသော ကားလိုင်းများသာ အေးသာယာ ကားဝင်း၌ ခရီဆုံးပြီး တောင်ပေါ်သို့ ကြို၊ ပို့ ကားများဖြင့် တက်ကြရကြောင်း၊ တခြား ဒေသများသို့ ပြေးဆွဲသော ကားများသည် မြို့ပေါ်မှ တိုက်ရိုက် ပြေးဆွဲခွင့်ရှိခဲ့ကြောင်း သိရသည်။
“မဆင်းပေးဘူးလို့ မငြင်းဆန်ရဲပါဘူး။ ဒါပေမယ့် ကျနော်တို့မှာ ဂိတ်ပိုင်အခန်းလည်း မရှိဘူး။ အခုလို ပြောင်းရမယ်ဆိုတော့ အခန်းတွေ ကလည်း ငှားတဲ့လူတွေနဲ့ ပြည့်ကုန်ပြီ။ ရောင်စုံထီးနဲ့ ဂိတ်ထိုးရမယ့် အနေအထားပါ” ဟု ဒို့ညီနောင် ကားလိုင်းမှ ဦးခွန်တင်အောင်က ဆိုသည်။
ယခုအခါ ယာဉ်လိုင်းများ စုပေါင်း၍ အစိုးရအဖွဲ့ထံသို့ စာတင်ထားကြပြီး ၎င်းစာတွင် ပြောင်းရွှေ့ရမည့် ကားဝင်း၏ အနေအထားမှာ ကျဉ်းမြောင်းသည့်အတွက် ကားအားလုံး နေရာချထားရန် မဖြစ်နိုင်သောကြောင့် ကားဝင်းကို ပြင်ဆင်တိုးချဲ့ ပြီးမှသာ ဆင်းခွင့်ပြုရန်၊ နွေရာသီတွင် ဖုန်ထူပြီး မိုးအခါ၌ ဗွက်ထနေခြင်းကိုလည်း ပြင်ဆင်ပေးပါရန်၊ ဂိတ်ပိုင်နေရာများ၊ ခရီးသည် ယာယီ နားခိုရန်နေရာများနှင့် ခရီးသည်များအတွက် အရန် တက္ကစီများ အလုံအလောက် ထားပေးရန်တို့ ပါဝင်သည်။
ယခုကဲ့သို့ အဝေးပြေးယာဉ်လိုင်းများ တောင်အောက်သို့ ပြောင်းရွှေ့ခဲ့ရခြင်းကြောင့် ကားလိုင်းများသည် ကြို၊ ပို့ယာဉ်များကို ထပ်မံ ဝယ်ယူ နေရသဖြင့် ငွေကြေးကုန်ကြမှု ဖြစ်ပေါ်နေကြောင်း၊ တောင်ပေါ်မှ တောင်အောက်သို့ ဆင်းသည့် ကားခ များသည်လည်း ကျပ် ၁၀၀၀ မှ ၁၅၀၀ သို့ ပြောင်းလဲသွားကြောင်း၊ လိုင်းကားများ မလုံလောက်သည့် အတွက် ဆိုင်ကယ် ကယ်ရီသမားများ တိုးပွားလာရာ ယာဉ်ကျော ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ယာဉ်မောင်းများက ဆိုသည်။
ယခုအခါတွင် အသစ် ပြောင်းရွှေ့ထားသော အဝေးပြေးကားဝင်း များ၌ ပို့ဆောင်ရေးမှ တာဝန်ရှိသူများ၊ စည်ပင်နှင့် ယာဉ်ထိန်းရဲများ နေ့စဉ် ဝင်ရောက် စစ်ဆေးနေသော်လည်း၊ မရွှေ့ပြောင်းသေးသော ကားများနှင့် ပတ်သက်၍မူ တစုံတရာ အရေးယူမှု မရှိသေးပေ။
ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကားလိုင်းများမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းခဲ့စဉ် ဦးပိုင် လီမိတက်ပိုင် ကားများလည်း ဆင်းပေးပါရန် တောင်းဆိုခဲ့သော်လည်း ၎င်းတို့ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းရဦးမည် ဖြစ်ကြောင်းသာ ပြောဆိုခဲ့သည်ဟု သိရသည်။
တခြားသော ယာဉ်လိုင်းများ ပြောင်းရွှေ့ပေးရသကဲ့သို့ စီးပွားရေးဦးပိုင်က ပိုင်ဆိုင်သည့် ယာဉ်လိုင်းများလည်း ရွှေ့ပြောင်း ပေးစေချင်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မပြောင်းရွှေ့ပါက အစိုးရအဖွဲ့သို့ စာတင်သွားမည် ဖြစ်ကြောင်း ယာဉ်လိုင်းပိုင်ရှင် များက ပြောသည်။
၁၉၉၀ ပြည့်နှစ်၌ စီးပွားရေး ဦးပိုင်လီမီတက်ကို စစ်တပ် အကြီးအကဲများမှ ဦးဆောင်ပြီး တပ်မတော်သားများနှင့် မိသားစု ဝင်များ၊ တပ်မတော်အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။ လက်ရှိ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူမှာ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်သည်။
စီးပွားရေး ဦးပိုင် လီမိတက်သည် မြန်မာပြည်တွင်း ပြေးဆွဲနေသည့် အဝေးပြေးနှင့် မြို့တွင်းကားလိုင်းများ ဖြစ်သော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း အပါအဝင် ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းများ၊ သကြားစက်၊ ပလတ်စတစ် စက်ရုံများနှင့် ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ ပြည်တွင်း ရေကြောင်းပိုင် လုပ်ငန်းတချို့၊လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များကို လုပ်ကိုင်လျှက်ရှိသည်။