အစိုးရက အကောင်အထည်ဖော်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းတခန်းလျှင် ငွေကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ကြား ဈေးနှုန်းဖြင့် ရောင်းချမည်ဟု သတင်းထုတ်ပြန်မှုအပေါ် ပြည်သူလူထုအမှန်တကယ် လက်လှမ်းမီမည့် ဈေးနှုန်းမဟုတ်ဟု စီးပွားရေး ပညာရှင်၊ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် ပြည်သူများက ဝေဖန် ပြောဆိုလိုက် ကြသည်။
အစိုးရ တန်ဖိုးနည်း အိမ်ရာများတွင် အခန်းတစ်ခန်းလျှင် ၁၈၅ သိန်းမှ သိန်း ၂၀၀ ဝန်းကျင်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး မန္တလေး၊ မကွေးနှင့်မော်လမြိုင်မြို့များတွင်လည်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီ ၃ ရက်နေ့ နေပြည်တော်တွင် သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ဝန်ကြီးဦးစိုးသိန်း၏အဆိုအရ တန်ဖိုးနည်းအိမ်ရာမှ အခန်းများကို နှစ် ၂၀ အရစ်ကျစနစ်ဖြင့် ငွေသွင်း ဝယ်ယူနိုင်မည် ဖြစ်သော်လည်း တလလျှင် ငွေကျပ် တသိန်း အရစ်ကျ ငွေသွင်း ဝယ်ယူရမည် ဖြစ်သည့်အတွက် အဆိုပါငွေပမာဏသည် သာမာန်ပြည်သူများအတွက် အလွန်မြင့်မားနေပြီး တန်ဖိုးနည်း အိမ်ရာဟု ခေါ်ဆိုရန် ခက်ခဲမည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် စီးပွားရေးပညာရှင်များက ဆိုကြသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဒေါက်တာမောင်မောင်စိုးက အခန်းတခန်း သိန်း ၁၈၅ နှင့် သိန်း ၂၀၀ ကြား ရောင်းချမှုအပေါ် တန်ဖိုးနည်းအိမ်ရာဟု မဆိုထိုက်ကြောင်း၊ အစိုးရသည် ပြည်သူများ၏ ဘဝမြင့်မားရေးအတွက် စိုက်ထုတ်သုံးစွဲရလေ့ရှိကြောင်း၊ လတ်တလော အစိုးရ တန်ဖိုးနည်း အိမ်ရာသည် ပြည်သူလူထုအတွက် လက်လှမ်းမီသော ဈေးမဟုတ်ကြောင်း သုံးသပ်သည်။
“တန်ဖိုးနည်း အိမ်ရာဆိုတော့ သူဌေးမယားငယ်တွေအတွက် တန်ဖိုးနည်း အိမ်ရာလားလို့ မေးရမယ်။ တခန်းကို သိန်း ၁၈၅ နဲ့ သိန်း ၂၀၀ ကြားရောင်းမယ်၊ တလကို ငွေတသိန်းနီးပါး သွင်းရမယ်။ ဘယ်လိုလုပ်ပြီး သာမန်လူလတ်တန်းစားနဲ့ ဝန်ထမ်းတွေက ဝယ်နိုင်မတုန်း။ အစိုးရဆိုတာက စီးပွားရေးလုပ်သလိုမျိုးကြီး အရှုံးမခံ၊ အထိမခံဘဲ လုပ်လို့ရဘူး” ဟု ဒေါက်တာမောင်မောင်စိုးက ဧရာဝတီသို့ပြောသည်။
စီးပွားရေးပညာရှင်တဦးဖြစ်သူ ဒေါက်တာအောင်ကိုကိုကလည်း ဒေါက်တာမောင်မောင်စိုး၏အမြင်ကို သဘောတူညီပြီး ပြည်သူများ လက်လှမ်းမီနိုင်သော ဈေးနှုန်းမဟုတ်ဟုဆိုသည်။
“အခန်းတခန်းကို သိန်း ၁၈၅ နဲ့ သိန်း ၂၀၀ ကြားဆိုတဲ့ ပမာဏဟာ တန်ဖိုးမနည်းဘူးလေ။ ပြင်ပပေါက်ဈေးနဲ့ယှဉ်ရင်သာ အရစ်ကျမို့ နည်းတယ်လို့ ပြောလို့ရတာ။ တန်ဖိုးနည်းလို့ ခေါင်းစဉ်တပ် ရောင်းပေးနေပေမယ့် တကယ်တော့ တန်ဖိုးနည်းမဟုတ်ဘူး” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။
တန်ဖိုးနည်းအိမ်ရာဟူသည့် သဘောတရားမှာ ပြည်သူအများစု၏ လက်လှမ်းမီပြီး အရေအတွက်များများဖြင့် ပြည်သူလက်ထဲ ရောက်ရှိအောင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်မှသာလျှင် တန်ဖိုးနည်းအိမ်ရာဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် မိမိတို့နိုင်ငံသည်လည်း ပြည်သူအများစုဝယ်နိုင်သည့် ဈေးနှုန်းရှိသော တန်ဖိုးနည်းအိမ်ရာ များကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆက်လက်ရှင်းပြသည်။
လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း အစိုးရ တန်ဖိုးနည်းအိမ်ရာ ဈေးနှုန်းများသည် ပြည်သူလူထုအတွက် လက်လှမ်းမီသော ဈေးနှုန်းများဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ဝယ်ယူရန် ခက်ခဲကြောင်း ပြောဆိုကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က တန်ဖိုးနည်းအိမ်ရာဈေးနှုန်းသည် များလွန်းပြီး ပြည်သူအများစု အဆင်ပြေစေရန် ဈေးနှုန်းများ ပြန်လည်သုံးသပ်သင့်သည်ဟု ဆိုသည်။
“သိန်း ၂၀၀ ဆိုတဲ့ ပမာဏက အရမ်းများနေတဲ့အတွက် လူအများက မဝယ်နိုင်လောက်သေးဘူး။ အများမပြောနဲ့ ကျနော်တောင် မတတ်နိုင်ဘူး။ အခု ကျနော်နေတဲ့အိမ်က သိန်း ၈၀ ပဲ ပေးရတယ်။ အဓိကကတော့ မြေကြီး အလကားရမယ်ဆိုရင် နိုင်ငံတော်က ပေးမယ်ဆိုရင် ကုန်ကျစရိတ်တွေ အများကြီး မရှိတော့တဲ့အတွက်ကြောင့် ကုန်ကျစရိတ်တွေ လျော့ကျသွားနိုင်တယ်” ဟု ဦးကြည်မြင့်ကဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်နှင့် ဒေါက်တာအေးမောင်တို့ကလည်း တန်ဖိုးနည်းအိမ်ရာသည် ပြည်သူလူထုကို အမှန်တကယ်လိုအပ်ချက်ဖြည့်ပေးနိုင်သော အိမ်ရာများ ဖြစ်သင့်သည်ဟု ဆိုသည်။
အစိုးရ တန်ဖိုးနည်းအိမ်ရာတွင် အခန်းပေါင်း သောင်းချီပါဝင်မည်ဖြစ်ပြီး ၁၈ထပ် အဆောက်အဦးများအဖြစ် ဆောက်လုပ်သွားမည် ဟု သိရသည်။
ရန်ကုန်အခြေစိုက်အိမ်ခြံမြေ အကျိုးဆောင်အချို့ကလည်း တန်ဖိုးနည်းအိမ်ရာ၏ အခန်းတန်ဖိုးသည် ငွေကျပ် သိန်း ၈၀ ဝန်းကျင်သာရှိသင့်ကြောင်း၊ လတ်တလော သိန်းရာချီဖြင့် ရောင်းချမည့် အိမ်ရာစီမံကိန်းသည် အခြေခံလူတန်းစားများအတွက် အကျိုးသက်ရောက်မှု ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြသည်။
“အစိုးရတန်ဖိုးနည်းအိမ်ရာတွေက သိန်း ၈၀ ဝန်းကျင်လောက်ပဲ ရှိသင့်တယ်။ ဒါမှလဲ တန်ဖိုးနည်းဖြစ်မယ်။ ဒီဈေးနှုန်း အတိုင်းဆိုရင် ပိုက်ဆံရှိသူတွေလက်ထဲရောက်ပြီး သူတို့ဆီကပဲ ဈေးကြီးကြီးပေးပြီး ငှားနေရတာတွေပဲ ဖြစ်လာဦးမှာ”ဟု ဆန္ဒအောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးစိုးမောင်မောင်က ဆိုသည်။
ရန်ကုန်မြို့တွင် ၁၂ ပေခွဲ ၊ ပေ ၅၀ တိုက်ခန်းတခန်းလျှင် အနိမ့်ဆုံး သိန်း ၂၀၀ ကျော်ဈေးပေါက်လျက်ရှိသည်။