[irrawaddy_gallery]
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် လှိုင်မြစ်ကမ်းအနီးတွင် ယမန်နေ့ ညနေပိုင်း လောင်စာဆီတင်သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားပြီး လူ ၄ဦး မီးလောင်သေဆုံးကာ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သတင်းရရှိသည်။
လှိုင်မြစ်ကမ်းဘေးရှိ မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီပိုင် မြဝတီ ထရိတ်ဒင်း ဆိပ်ခံ ဘောတံတား၌ ကောင်းမြတ်ကျော်၊ အောင်သုခ ဧရာ၊ မြဝတီ အပါအဝင် လောင်စာဆီတင် တွဲသင်္ဘောများ ဆိုက်ကပ်ပြီး ဒီဇယ်ဆီ ထုတ်ယူစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆီတင် သင်္ဘောတွင် အလုပ် လုပ်ကိုင်နေကြသည့် လူလေးဦး မီးလောင်သေဆုံး သွားပြီး ၃ ဦးမှာ မီးလောင်ဒဏ်ရာများ အပြင်းအထန် ရရှိသွားကြောင်း၊ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်နေဆဲဖြစ်ပြီး မီးစတင်လောင်ကျွမ်းသည့် ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
“ကောင်းမြတ်ကျော်(ကက-၀၀၅)ကမီးစလောင်ပြီး အောင်သုခဧရာဆီတင်သင်္ဘောကို မီးကူးတယ်။ ကောင်းမြတ်ကျော်က မီးလောင်ပြီးတော့ ရေအောက်မြုပ်သွားတယ်။ အောင်သုခဧရာဆီတင်သင်္ဘောက ရေထဲမျောသွားပြီးတော့ ခိုင်ဟိုလီဆိပ်ကမ်းမှာ ပျက်စီးသွားတယ်။အသက် ၂၅ နှစ်နဲ့ ၃၂ နှစ်ကြား အမျိုးသား ၄ ဦး သေတယ်။ နာမည်တွေတော့ အတိအကျမသိရသေးဘူး”ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
မီးလောင်မှုကြောင့် ဒဏ်ရာရရှိ ၆ ဦးရှိပြီး ၃ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ ရှိကြောင်း၊အသက်အန္တရာယ်စိုးရိမ်ရသည်အထိ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိသူများမှာ ဦးသိုက်ထွန်း၊ မောင်ဇော်ဇော်အောင်၊ ဦးကျော်ဝင်းထွန်းဦး တို့ဖြစ်ပြီး အောင်သုခ ဧရာဆီတင်သင်္ဘောတွင် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း သိရှိရသည်။
မီးလောင်မှုသည် ညနေ ၅ နာရီ ၅ မိနစ်တွင် စတင်ခြင်းဖြစ်ပြီး ညနေ ၆ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဆီတင်သင်္ဘောမီးလောင်မှုကြောင့် ဆိပ်ကမ်းအနီးရှိ သစ်လုံးပုံသို့ မီးစွဲလောင်ကျွမ်းခဲ့သော်လည်း အချိန်မီ မီးသတ်နိုင်ခဲ့သဖြင့် အပျက်အစီးနည်းပါးခဲ့ကြောင်း သိရှိရသည်။