ရခိုင်ပြည်နယ်၏ ရှေးဟောင်းယာဉ်ကျေးမှု နယ်မြေတခု ဖြစ်သည့် မြောက်ဦး အရပ်ဒေသသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်ခွင့်ကို အာဏာပိုင်တို့က အကြောင်းပြချက် တရားဝင် ကြေညာခြင်း မရှိဘဲ ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။
မြောက်ဦးဒေသသည် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ ရှိနေသော်လည်း ကမ္ဘာလှည့် ခရီးသည်များကို အာဏာပိုင်များက နည်းမျိုးစုံဖြင့် တားဆီးနေကြောင်း၊ လာရောက်လည်ပတ်သည့် ဧည့်သည်များကို ပြန်လည်နှင်ထုတ်နေကြောင်း၊ တချို့သော ခရီးသည်များကို စစ်တွေလေဆိပ်မှ ရန်ကုန်သို့ ပြန်လည် ပို့ဆောင်နေကြောင်း မြောက်ဦးမြို့မှ ခရီးသွားလုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။
“ဧည့်သည်တွေကို တားဆီးကန့်သတ်လိုက်တော့ မြောက်ဦးဒေသရဲ့ ခရီးသွားလုပ်ငန်းတခုလုံးက လုံး၀ ရပ်ဆိုင်းသွားတယ်။ ဝန်ထမ်းတွေနဲ့ သူတို့ကို မီခိုနေတဲ့ မိသားစုဝင်တွေလည်းပဲ စားဝတ်နေရေး ခက်ခဲသွားတယ်” ဟု ဒေသခံ ဟိုတယ်ပိုင်ရှင်တဦးက ဆိုသည်။
မြန်မာ့ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်၍ အာဏာပိုင်များသည် တရားဝင် စာထုတ်၍ ပိတ်ပင်မှု မရှိ၊ ခိုင်လုံသည့် အကြောင်းပြချက် မရှိဘဲ ခရီးသွားလုပ်ငန်းကို ကန့်သတ်နေကြောင်း၊ မြောက်ဦးဒေ၌ ဟိုတယ် ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ၊ ပို့ဆောင်ရေး လုပ်ကိုင်နေသူများနှင့် ၎င်းတို့အပေါ် မီခိုနေသည့် မိသားစုဝင် အများ အပြားရှိကြောင်း သိရသည်။
ထို့အတူ စစ်တွေမှ မြောက်ဦးဒေသသို့ နိုင်ငံခြားသား ခရီးသည် သီးသန့် ပို့ဆောင်ပေးနေသည့် မော်တော်ဘုတ်၊ စက်လှေများ၊ မော်တော်ကားလုပ်ငန်း အများစုမှာလည်း ရပ်တန့်ထားရ၍ ဝန်ထမ်းတချို့ကို အလုပ်ဖြုတ်ထားရကြောင်း “ခိုင်ပြည်စိုး နိုင်ငံခြားသား ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်း” ပိုင်ရှင် ဒေါ်နုနုဖြူက ပြောသည်။
“ဘာကြောင့် အပြီးအပိုင် ပိတ်ထားရတယ်ဆိုတာကို ရှင်းလင်းထုတ်ပြန်တာ ဘာမှမရှိပါဘူး။ ဇန်နဝါရီ ၉ ရက် နေ့ကလည်း နိုင်ငံခြားသား ဧည့်သည် ၄ ဦး မြောက်ဦးကို ရောက်ပြီးမှ လည်ခွင့်မပြုဆိုလို့ ရန်ကုန်ကို အမြန်ဆုံး ပြန်ပို့လိုက်ရပါတယ်” ဟု ၎င်းက ဆိုသည်။
မြောက်ဦးသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှုကို ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားသည့် ပဋိပက္ခများအပြီးတွင် စတင် ပိတ်ခဲ့ပြီး၊ ဒေသတွင်း တည်ငြိမ်မှုရှိလာ၍ ပြန်လည်ခွင့်ပြုရန် လုပ်ငန်းရှင်များ စုပေါင်းတင်ပြ တောင်းဆိုရာ ခေတ္တ ပြန်လည် ဖွင့်ပေးခဲ့ကြောင်း၊ အောက်တိုဘာအတွင်း ရခိုင်ပြည်၏ နေရာတချို့၌ ပဋိက္ခ ထပ်မံ ဖြစ်ပွားချိန်မှ စ၍ ယနေ့အထိ ပိတ်ပင်ထားကြောင်း၊ သို့သော် NGO များမှ နိုင်ငံခြားသားများကိုမူ လာရောက် လည်ပတ်ခွင့် ပေးထားကြောင်း သိရသည်။
“မတ်လဆိုရင် ခရီးသွားရာသီက ကုန်ပြီ။ အခုချိန်အထိ ကန့်သတ်ပိတ်ထားတော့ ဒီနှစ်အတွက် ခရီးသွားလုပ်ငန်းက ဘာမှလုပ်လို့ မရတော့ဘူး။ သက်ဆိုင်ရာကို တင်ပြရင်လည်း ဘာမှ မထူးဘူး ဖြစ်နေတယ်” ဟု “မြောက်ဦး မင်းသမီး” ဟိုတယ် ပိုင်ရှင် ဦးလှမြင့်ကလည်း ဆိုသည်။
မြန်မာနိုင်ငံ၌ မြောက်ဦး အရပ်ဒေသသည် ရှေးဟောင်း စေတီ၊ ဘုရား ပုထိုးများ၊ သာသနာ့ အဆောက်အအုံ စသည့်တို့ အပေါများဆုံး ဒေသတခုဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် အစိုးရ အဆက်ဆက်တို့၏ ကမ္ဘာလှည့် ခရီးသွား မကြာခဏ ကန့်သတ်ပိတ်ပင်ခြင်း တို့ကြောင့် ဧည့်သည်လာရောက်မှု နည်းပါးကြောင်း၊ ကမ္ဘာလှည့် ခရီးသွား တနှစ်လျှင် ၄၀၀၀ ဝန်းကျင်မှ ၈၀၀၀ ဝန်းကျင် အထိသာ လာရောက်ကြောင်း သိရသည်။
“မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား ၄ သိန်း လာတဲ့အချိန်မှာ မြောက်ဦးဒေသကို လူ ၈၀၀၀ လောက်လာတာကိုပဲ ဒေသခံတွေက ပျော်နေရတဲ့ အခြေအနေပါ။ ပြည်တွင်း ခရီးသွားတွေကတော့ အမြဲရှိပါတယ်။ မြောက်ဦး ဒေသက ခရီးသွားလုပ်ငန်းကလွဲရင် စိုက်ပျိုးရေးလုပ်တာပဲ ရှိတယ်” ဟု ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။
လက်ရှိတွင်လည်း မြောက်ဦးဒေသသို့ လာရောက်သည့် ဧည့်သည်များကို မြန်မာ့ခရီးသွားလုပ်ငန်း၏ မြောက်ဦးမြို့နယ် တာဝန်ခံ အရာရှိတချို့က တားဆီးကန့်သတ်မှု လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ရှင်များနှင့် ဒေသခံများက ဧရာဝတီကို ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ့ခရီးသွားလုပ်ငန်း (မြောက်ဦး) ရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းတို့တွင် ထိုသို့ လုပ်ပိုင်ခွင့် မရှိကြောင်း၊ အထက်အရာရှိမှ ညွှန်ကြားသည့် အတိုင်းသာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဝန်ထမ်းတဦးက ဖြေကြားသည်။
၎င်းက “မြို့နယ်အဆင့် ဝန်ထမ်းတွေက တားဆီး ပိတ်ပင်တာ လုပ်လို့မရပါဘူး။ ပြည်နယ် ခရီးသွားအဖွဲ့ ခေါင်းဆောင်တွေရဲ့လမ်းညွှန်မှုအတိုင်း အရာရာကို ဆောင်ရွက်ရတာပါ” ဟု ဆိုသည်။
ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းများ၏ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ဒု ဗိုလ်မှူးကြီးဟောင်း ဦးဌေးဝင်း ကမူ ၎င်းတို့ အနေဖြင့်လည်း ပိတ်ပင်ကန့်သတ်မှု မရှိကြောင်း၊ စစ်တွေ ဒေသသို့လည်း NGO အဖွဲ့များ နေ့စဉ် ဝင်ထွက်သွားလာ နေကြောင်း ဧရာဝတီသို့ ပြောသည်။
“နိုင်ငံခြားသား ခရီးသွားတွေကို ပိတ်ပင်တာ၊ ကန့်သတ်တယ် ဆိုတာက အပေါ်ဝန်ကြီးဌာနတွေက လုပ်တာပါ။ ကျနော် ပြောနိုင်တာကတော့ မြောက်ဦးကိုလည်း မကန့်သတ်ပါဘူး၊ စစ်တွေလည်း မကန့်သတ်ပါဘူး၊ နိုင်ငံခြား NGO တွေ နေ့တိုင်းပဲသွားနေကြပါတယ်” ဟု ဦးဌေးဝင်းက ဆိုသည်။
သံတွဲနှင့် ငပလီ ဒေသသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် နေ့စဉ် ၈၀၀ ခန့်ရှိကြောင်းလည်း ဦးဌေးဝင်းက ဆိုသည်။
မြောက်ဦးမြို့၌ ပုဂ္ဂလိက ဟိုတယ်အကြီးစား ၆ လုံးရှိပြီး ဝန်ထမ်းဦးရေ ၅၀၀ ကျော်ရှိကြောင်း၊ အစိုးရပိုင် ဟိုတယ်တလုံးလည်း ရှိကြောင်း သိရသည်။
ဒေသခံများစုသည် မော်တော်ကားဖြင့် ခရီးသည် ပို့ဆောင်ရေး၊ စက်လှေ၊ မော်တော်ဘုတ် လုပ်ငန်းများ၊ မြင်းလှည်းမောင်းခြင်း စသည်ဖြင့် လုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း၊ ယခုအခါ ခရီးသွား ဧည့်သည် မရှိတော့၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့်လုပ်ငန်းများမှာ ရပ်ဆိုင်းထားရကြောင်း၊ ထိုလုပ်ငန်းများတွင် လုပ်ကိုင်သူ ဝန်ထမ်းများ၊ အလုပ်သမားများ အားလုံး အလုပ်လက်မဲ့များ ဖြစ်သွားကြောင်း ဒေသခံများပြောသည်။