နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်သည် ပြင်းထန်သော ဆိုက်ဘာတိုက်ခိုက်မှု DDoS (Distributed Denial of Service) စနစ်ဖြင့် ယနေ့ တိုက်ခိုက်ခဲ့ရပြီး ထိပ်တန်း ပုဂ္ဂလိကပိုင် မီဒီယာ The Voice Weekly ၏ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်စာမျက်နှာ လုံခြုံရေးကိုလည်း ဟက်ကာများက ချိုးဖောက်ဝင်ရောက် အပိုင်စီးကာ သတင်းအမှားများ ထုတ်လွှင့်ခဲ့သောကြောင့် အင်တာနက်အခြေခံ သတင်းမီဒီယာများနှင့် အိုင်တီခေါ် သတင်းနည်းပညာ လေ့လာသူများအကြား စိတ်ဝင်တစား ဖြစ်ခဲ့ကြသည်။
ယနေ့ နံနက် ၉း၃၀ မှ ၁၀း၀၀ နာရီအတွင်းက အမေရိကန်၊ မလေးရှား၊ ရုရှား အိုင်ပီလိပ်စာ များမှတစ်ဆင့် DDoS Request များပေးပို့ ခြင်းဖြင့် သမ္မတရုံး ဝက်ဘ်ဆိုက် DDoS (Distributed Denial of Service) ဖြင့် တိုက်ခိုက်ခံရကြောင်း၊ ယခုအခါ လုံခြုံရေးကို အဆင့်မြှင့် ဆောင်ရွက်နေပြီး ရရှိထားသည့် အထောက်အထားများကို ယူဆောင် စစ်ဆေးနေကြောင်း၊ တိုက်ခိုက်မှုလုပ်သည့် အဖွဲ့သည် နောက်ဆုံး သတင်းများအရ အင်ဒိုနီးရှားမှ လာသည်ကို တွေ့ရကြောင်း သမ္မတရုံးက ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်အကောင့် မှူးဇော်တွင် တွစ်တာ (Twitter) မှတဆင့် ဖေဖော်ဝါရီလ ၅ ရက် ညနေ ၃ နာရီခွဲက ရေးသားထားသည်။
ယင်းကိစ္စကို ဧရာဝတီက စုံစမ်းအတည်ပြုရာ “ကျနော်တော့ အင်ဒိုနီးရှားကနေ လာတယ်ဆိုတာ မသေချာသေးပါဘူး၊ သံသယရှိတာပါ” ဟု ဦးဇော်ဌေးက ပြန်လည်ဖြေဆိုသည်။ “အခု ဆိုရင် နိုင်ငံတော် သမ္မတ ရုံးဝက်ဘ်ဆိုဒ်က အတိုက်ခံရတာ နှစ်ကြိမ်ရှိသွားပါပြီ။ ပထမ အကြိမ်က မိနစ် ၄၀ လောက် ဖြစ်ခဲ့တယ်။ အခုကတော့ ပိတ်လိုက်၊ ရလိုက်ပါပဲ” ဟုလည်း ပြောသည်။
တချိန်တည်းတွင်ပင် The Voice Weekly ၏ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်စာမျက်နှာ လုံခြုံရေးကိုလည်း ဟက်ကာများက ချိုးဖောက်ဝင်ရောက် အပိုင်စီးကာ သတင်းအမှားများ ထုတ်လွှင့်ခဲ့သောကြောင့် ယခင် စာမျက်နှာကို ဖြုတ်ချ ဖျက်သိမ်းပစ်ခဲ့ပြီး စာမျက်နှာအသစ် ထပ်မံဖွင့်ခဲ့သည်။ ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းစုံစမ်းမှုကို The Voice Weekly က ဖြေကြားရန် ငြင်းဆိုခဲ့သည်။
ဇန်နဝါရီလ အတွင်းကလည်း တခြား ထိပ်တန်း ပုဂ္ဂလိကပိုင် မီဒီယာ တခုဖြစ်သော Eleven Media Group ၏ ဝက်ဘ်ဆိုက်လည်း တိုက်ခိုက်ခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုမတိုင်မီ မည်သူ တာဝန်ယူ လုပ်ကိုင်နေကြောင်း ရှင်းလင်းစွာ မသိနိုင်သော www.myanmarexpress.net က Eleven Media ကို DDos ဖြင့် တိုက်မည်ဖြစ်ကြောင်း လှုံ့ဆော်ရေးသားခဲ့သောကြောင့် Eleven Media က တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်။
“မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ စတုတ္ထမဏ္ဍိုင်ရဲ့ အင်အား ကြီးမားမှုကို မလိုလားလို့ပါ။ ဒီကိစ္စက နိုင်ငံတကာမှာ တားမြစ်ထားတဲ့ ကိစ္စပါပဲ။ ဒီပေါ်မှာ ဘယ်လိုကာကွယ်သင့်လဲ ဆိုတာ မီဒီယာတွေအားလုံး ဆွေးနွေးညှိနှိုင်း အကြံပေးဖို့လိုပါတယ်” ဟု မြန်မာစာနယ်ဇင်းသမဂ္ဂ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ဧရာဝတီသို့ ပြောဆိုသည်။
ထို့အပြင် အဆိုပါ တိုက်ခိုက်မှုများသည် ရှေ့ဆက် ဖြစ်ပွားမှု များလာနိုင်သောကြောင့် ယင်းကိစ္စကို တာဝန်ယူ ဖြေရှင်းပေးနိုင်သည့် ပညာရှင်များ အဖွဲ့များလည်း မရှိသေးသရွေ့ ဥပဒေအရ အရေးယူမှုလည်း မဖြစ်နိုင်သေးကြောင်းဟု အိုင်တီနည်းပညာ လေ့လာသူ ဘလော့ဂ်ဂါ ကိုဘုန်းနေလတ်က ထောက်ပြ ပြောဆိုသည်။
“တိုက်ခိုက်မှုဟာ နောက်ပိုင်း e- vision တွေလာရင် ပိုဆိုးနိုင်တယ်။ လုံခြုံရေးအရ ပြောရရင် ကို ဝက်ဘ်ဆိုက် ရဲ့ password ကို အမြဲတမ်း ချိန်းပေးသင့်တယ်။ ပြီးတော့ ဟက်တဲ့အပိုင်းကို ကာကွယ်ဖို့ နည်းပညာတွေ အဆင့်မြှင့်ဖို့ လိုသလို့ ရဲ ဌာန နဲ့ တရားဥပဒေဆိုင်ရာတွေကို အဆင့်မြှင့်သင့်တယ်” ဟု ကိုနေဘုန်းလတ်က ပြောသည်။
DDoS တိုက်ခိုက်မှုစနစ်သည် တစုံတယောက်သော တိုက်ခိုက်သူက မြောက်များစွာသော ကြားခံစနစ်များနှင့် အခြားသူများ၏ ကွန်ပျူတာ IP လိပ်စာများကို အပိုင်စီး အသုံးပြုကာ ပစ်မှတ် ဝက်ဘ်ဆိုက်ကို လေးလံသွားစေခြင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ “ဟက် (Hack)” လုပ်သည် ဆိုခြင်းမှာ တစုံတဦးက အားနည်းသော လုံခြုံရေးသာ ထားရှိသော ဝက်ဘ်ဆိုက်များကို ဖောက်ထွင်း ဝင်ရောက်ခြင်း ဖြစ်သည်။
ဧရာဝတီ သတင်းဌာနသည်လည်း “၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး” ကာလနှင့် ယင်းနှစ် နောက်ပိုင်းတွင် DDos ဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံရဖူးပြီး ၂၀၁၀ ခုတွင် ဧရာဝတီ အင်တာနက် စာမျက်နှာ အင်္ဂလိပ်ပိုင်း၏ လုံခြုံရေးကို ချိုးဖောက်ဝင်ရောက်ကာ မဟုတ်မမှန် ရေးသားမှုများကို ခံခဲ့ရသည်။