မြန်မာ့ဂီတလောကတွင် တခေတ်ဆန်းခဲ့သည့် ရောခ့်တေးဂီတ တေးသံရှင် ဟယ်ရီလင်း (၅၂ နှစ်) သည် ယမန်နေ့ ညနေက ရန်ကုန်မြို့ ကျောက်မြောင်းရှိ နေအိမ်တွင် ၉၆ ပါးရောဂါကြောင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
ဟယ်ရီလင်း၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို မနက်ဖြန် ညနေ ၅ နာရီတွင် ရေဝေးသုသန်တွင် မီးသဂြိုလ်မည်ဟု သိရသည်။
မန္တလေးမြို့ ပုဏ္ဍားကုန်းဇာတိဖြစ်သူ ဟယ်ရီလင်းသည် ငယ်စဉ်ကတည်းကပင် မန္တလေးမြို့ အပျော်တမ်း မြိုမတူရိယာအသင်းနှင့် ဧဒင်ဂီတဝိုင်းတို့တွင် သီဆိုခဲ့သူဖြစ်သည်။
၁၉၈၆ ခုနှစ်ခန့်က မန္တလေးရှိ ဂီတဝါသနာရှင် လူငယ်များဖြစ်သည့် လေးဖြူ၊ ပီလွန် (အောင်နိုင်)၊ ကိုမြဝင်း တို့နှင့် ပူးပေါင်းကာ Cepheus (စင်္ကြဝဠာမီးပြတိုက်) တေးဂီတဝိုင်းကို တည်ထောင်ခဲ့သည်။
ထိုနောက် ပန်းချီနှင့် တေးရေးဆရာ ဝေချစ်ကို (သော်ဒီဝေ) နှင့် တွဲဖက်ကာ သော်ဒီဝေ၏ “ကြိုက်သလို နေနိုင်တယ်” ဟဲဗီးမက်တယ်တေးစုကို ပထမဆုံး ဖန်တီးခဲ့သော်လည်း ဖြန့်ချိခါနီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရက ငွေစက္ကူများ တရားမဝင် ကြေညာလိုက်ရာ အစီအစဉ်များ ပျက်ပြားခဲ့ရသည်။
ထို့အတွက် အနုပညာသမား တယောက်၏ မျှော်လင့်ချက်များ သဲထဲရေသွန် ဖြစ်ခဲ့ရသည်ဟု ထိုစဉ်က ထုတ်လုပ်သူလည်းဖြစ်သူ တေးရေး သော်ဒီဝေက ဆိုသည်။
“သူကြောင့်ကိုယ် ဖြစ်လာတယ်၊ ကိုယ်ကြောင့် သူဖြစ်လာတယ်လို့ မဆိုချင်ပါဘူး။ ဒါပေမယ့် ကျနော် တေးရေးဆရာ ဘဝကိုတော့ သူနဲ့စခဲ့ရတယ် ဆိုတာကိုတော့ ငြင်းမရပါဘူး” ဟုလည်း တေးရေး သော်ဒီဝေက ပြောသည်။
ဟယ်ရီလင်းမှာ ဂီတလောကသို့ ဝင်ရောက်မှုတွင် သူငယ်ချင်းဖြစ်သူ လေးဖြူ ထက် စောသည်ဟု ဆိုနိုင်သော်လည်း ကံတရား ဟုဆိုနိုင်သော အကြောင်းအမျိုးမျိုးကြောင့် အချိန်နှင့် အနုပညာ လွဲချော်ခဲ့ရသူဟု ဆိုချင်ကြောင်း ဟယ်ရီလင်း၏ အနုပညာဖြတ်သန်းမှုနှင့် ပတ်သက်၍ တေးရေး သော်ဒီဝေက သုံးသပ်သည်။
ပထမစီးရီး ပျက်ပြားခဲ့ရပြီးနောက် မန္တလေးမြို့၌ ပြန်လည် နေထိုင်စဉ်မှာပင် တေးရေးဆရာ ဝင်းမင်းထွေး၏ “ဟယ်ရီလင်း၏ ဟယ်ရီလင်း” တေးရေးစီးရီးကို ထုတ်လုပ်ခဲ့သည်။ ယင်းတေးစီးရီးပါ အဆိပ်ငွေကြေး သီချင်းမှာ လူကြိုက်များခဲ့သည်။
“အဲဒီတုန်းက ညဆိုရင် မန်းလေးတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး (IR) အဆောင်တွေဘက်မှာ ဟယ်ရီလင်းကဆို လေးဖြူက ဂစ်တာတီးနဲ့ ကျနော်တို့ သုံးယောက် အဲဒီစီးရီးအတွက် လေ့ကျင့်ခဲ့ရတာ” ဟု တေးရေး နိုင်းနိုင်က ဆိုသည်။
ဟယ်ရီလင်းမှာ လွန်ခဲ့ ၅ နှစ်ခန့်ကတည်းက ကျန်းမာရေး ချွတ်ယွင်းလာသည့်အတွက် သီချင်းသီဆိုမှုများ ရပ်ဆိုင်းထားခဲ့သည်ဟု သိရသည်။
သူ၏ထင်ရှားသော တေးစီးရီးများမှာ ဟယ်ရီလင်း၏ ဟယ်ရီလင်း၊ နောက်လူ မြည်းရင် ချိုပါစေ၊ ကျောက်ခေတ်၏ နောက်ဆုံးနေ့၊ ဂြိုလ်သားတယောက် စသည်တို့ ဖြစ်သည်။
မြန်မာ့ရော့ခ်ဂီတ ရေစီးကြောင်းတွင် ရဲသွင်၊ လေးဖြူ၊ ဟယ်ရီလင်း တို့သည် ခေတ်ပြိုင်ဟု ခေါ်နိုင်ပြီး အပြင်းစား ရောခ့်သီချင်းများကို သီဆိုသူဟု နာမည်ကြီးသော်လည်း ပလေးဘွိုင်း သန်းနိုင်နှင့် အယ်လ်ခွန်းရီ၏ မငိုနဲ့မောင်မောင်၊ မင်းမင်းလတ်၏ ငါတောင်းချင်တဲ့သီချင်းစာရင်း စသည်တို့ကို ဟယ်ရီလင်း ပြန်လည်သီဆိုရာတွင် အေးအေးငြိမ့်ငြိမ့်ဟန်ဖြင့် သီဆိုထားရာ လူကြိုက်များခဲ့သည်။
ကွယ်လွန်ချိန်တွင် ဇနီးသည်နှင့်အတူ သားတယောက်၊ သမီးတယောက် ကျန်ရစ်ခဲ့သည်။