ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ်လူငယ် တဦးကို တရုတ် အစိုးရက နိုင်ငံ အပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၆ ရက် မနက်တွင် တရုတ်ပြည် တောင်ပိုင်း ဂွမ်ဇူး (ယခင်အခေါ် ကန်တုံ) မြို့ လေဆိပ်တွင် ဝမ်ဇွန်ရှ အမည်ရှိ လူငယ်ကို တရုတ် အရာရှိများက ရန်ကုန်သို့ ထွက်ခွာမည့် လေယာဉ်ပေါ် မတက်မီ တားဆီးခဲ့ပြီး တနာရီခန့် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ တိုင်းပြည်မှ ထွက်ခွာခွင့် မပြုနိုင်ကြောင်း အဆိုပါ လူငယ်ကို တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး လူငယ် နေထိုင်ရာ ဘီဂျင်းရှိ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ မြန်မာနိုင်ငံသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ လုပ်ခဲ့တယ်။ သူ လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရ အပြီးမှာတော့ ကျနော်တို့ သွားတွေ့လို့ ဘာ ပြဿနာမှ မရှိတော့ဘူးလို့ ထင်ခဲ့တာပေါ့” ဟု ဝမ်ဇွန်ရှက ဟောင်ကောင်ရှိ ဧရာဝတီ သတင်းထောက်ကို ပြောဆိုသည်။ “ဘီဂျင်းက ပြည်သူ့လုံခြုံရေးဌာနရဲ့ အမိန့်ကြောင့် တိုင်းပြည်က ထွက်ခွာခွင့် မပေးနိုင်ဘူးလို့ ကျနော့်ကို ပြောပါတယ်။ စာရွက်စာတမ်း အထောက်အထားပြဖို့ ပြောတော့ ငြင်းတယ်” ဟုလည်း ဝန်ဇွန်ရှက ဆိုသည်။
အသက် ၂၈ နှစ်အရွယ်ရှီ ဝမ်ဇွန်ရှသည် မြန်မာပြည်တွင် တရုတ်နှစ်သစ်ကူးကာလ ၉ ရက်ကြာ နေထိုင်ရန်ရှိပြီး တရုတ်ပြည်သို့ အပြန် လေယာဉ်လက်မှတ်လည်း ဝယ်ထားပြီး ဖြစ်သည်။
မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ အဆိုအရ ယမန်နှစ်က မြန်မာနိုင်ငံသို့ လာသော တရုတ်နိုင်ငံသား ၇၀၈၀၀ ဦးရှိကြောင်း သိရသည်။ အမှန်တကယ် ဝင်ရောက်လာသော တရုတ်နိုင်ငံသားဦးရေ ပိုများနိုင်သည်။ ရွှေလီနယ်ခြားစောင့်တပ်ဖွဲ့က ကြေညာသည်မှာ မနှစ်က နယ်ခြားဖြတ်ကျော်သူ ၁၂ သန်းကို မှတ်တမ်းယူခဲ့သည်ဟု ဆိုသည်။
“ခေါင်းဆောင်မှုသစ်၊ ရာသီသစ်” ဟု မတ်လတွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့ကွန်ဂရက်က ချမှတ်ခဲ့သော နိုင်ငံရေးပေါ်လစီနှင့် ရွေးချယ်တင်မြှောက်ခဲ့သော ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ရည်ညွှန်းပြီး နာမည်ကျော် အနုပညာရှင်လည်းဖြစ် ဝမ်ဇွန်ရှ၏ မိတ်ဆွေလည်းဖြစ်သူ အိုင်းဝေဝေက အထက်ဖော်ပြပါ အဖြစ်အပျက်အပေါ် ရွဲ့ပြီး သူ၏ တွီတာတွင် ရေးသားမှတ်ချက်ပြုသည်။
လွန်ခဲ့သော ငါးနှစ်က ဝမ်ဇွန်ရှသည် ယခုအခါ အကျဉ်းချခံနေရသော တရုတ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လျှူရှောက်ဘို ဦးစီးရေးသားသော “ချာတာ ၀၈” ကြေညာစာတမ်းတွင် လက်မှတ်ရေးထိုးသူ တဦး ဖြစ်သည်။ ယင်းကြေညာစာတမ်းသည် တရုတ်ပြည်တွင် ဒီမိုကရေစီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးတို့ ထွန်းကားရေးကို တောင်းဆိုထားပြီး တရုတ် ပညာတတ် ရာပေါင်းများစွာ လက်မှတ်ရေးထိုးခဲ့သည်။
စီးပွားရေးပညာဖြင့် ဘွဲ့ရထားသော ဝမ်ဇွန်ရှသည် “ချာတာ ၀၈”ကို ပြန့်ပွားရေး တီရှပ်များ ရိုက်နှိပ်ဖြန့်ချိခဲ့ဖူးပြီး လျှူရှောက်ဘိုကို တရားရုံးတင် စစ်ဆေးသောအချိန်က အကျယ်ချုပ်ခံခဲ့ရသည်။
မြန်မာပြည် မသွားရန် ပိတ်ပင်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ဝမ်ဇွန်ရှက “တရုတ်တွေ အမေရိကား သွားလို့ရတယ်။ ဒါပေမယ့် ကျနော့်လို တရုတ်ကျ မြန်မာပြည်တောင် သွားမရဘူး။ စိတ်ပျက်စရာပါ” ဟုလည်း ပြောဆိုသွားခဲ့သည်။