မန္တလေး ကျွဲဆည်ကန်မှ အဝေးပြေး ကုန်တင်ကားဂိတ်များကို ပြည်ကြီးမင်္ဂလာ (စွယ်တော်) ကုန်တင် ယာဉ်ရပ်နား စခန်းသစ်အသစ်သို့ ပြောင်းရွေ့ရေး စည်ပင်သာရေး ကော်မတီနှင့် ညှိနှိုင်း၍ မအောင်မြင်လျှင် လုပ်ငန်းရှင်များက ကုန်တင်ကုန်ချ လုပ်ငန်းများ ရပ်ဆိုင်းမည်ဖြစ်ရာ ကုန်စည်စီးဆင်းရေး အခက်အခဲများ ဖြစ်လာနိုင်ကြောင်း သိရသည်။
မန္တလေး စည်ပင်သာယာရေး ကော်မတီက ကျွဲဆည်ကန်မှ ကားဂိတ်များ ပြည်ကြီးမင်္ဂလာ ကားကွင်းသစ်သို့ ပြောင်းရွေ့ရေး လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် မပြောင်းရွေ့ပါက စည်ပင်သာယာရေး အက်ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
ထို့အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်း အစည်းအဝေးပြုလုပ်ကာ အသင်းအနေဖြင့် စည်ပင်သာယာရေး ကော်မတီနှင့် ညှိနှိုင်းမှုများ ပြုလုပ်ဦးမည် ဖြစ်သော်လည်း သဘောတူညီမှုမရပါက ကုန်တင်ကုန်ချ လုပ်ငန်းများကို ရပ်ဆိုင်းရန်၊ သမ္မတ အပါအဝင် လွှတ်တော် နှစ်ရပ်မှ ဥက္ကဌများ၊ ဥပဒေအဖွဲ့များထံ ဆက်လက် တင်ပြသွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မန္တလေး အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်က “ဂိတ်တွေကားကွင်း အသစ်မှာလည်း ဝယ်ပြီးသား၊ ငှားပြီးသား မရှိကြဘူး။ မပြောင်းရင်လည်း အရေးယူခံရမယ်ဆိုတော့ အားလုံးက လုပ်ငန်းရပ်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေး စည်ပင်သာယာရေး ကော်မတီက အသစ်ပြောင်းရွေ့ရမည့် ပြည်ကြီးမင်္ဂလာ ကားကွင်းမှ အဆောက်အဦးများကို တခန်းလျှင် သိန်း ၁၃၅၀ နှင့် သိန်း ၇၀၀ ကျပ်ဟု အသီးသီး သတ်မှတ်ထားသည်။
ကုန်တင်ကုန်ချ ကားဂိတ်လုပ်ငန်းရှင်များ အနေဖြင့် ဝယ်ယူရန် မတတ်နိုင်ကြောင်း၊ တခန်းလျှင် တလ ကျပ် ၁သိန်း ခွဲဖြင့် ငှားရမ်းနိုင်ရန် စည်ပင်သာယာရေး ကော်မတီထံ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။
ထိုကားကြီးကွင်း ပြောင်းရွေးရေး အငြင်းပွားနေမှုကို ညှိနှိုင်းရန် မန္တလေး စည်ပင်သာယာရေး ကော်မတီက မြို့ခံ လုပ်ငန်းရှင် ၅ ဦးကို အကြံပေးအဖွဲ့အဖြစ် ဖွဲ့စည်းပြီး အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များနှင့် လတ်တလော ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တွင် ရှိသည့် မန္တလေးမြို့သည် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်ဖြန့်ဖြူးရေးတွင် အရေးပါသည်မြို့ တမြို့ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့နှင့်လည်း ဆက်သွယ်မှုရှိသည်။
လက်ရှိ အနေအထားအရ မန္တလေးသို့ စီးဆင်းနေသည့် ကုန်စည်တန်ချိန်မှာ တနေ့လျှင် တန်ချိန် ၂ သောင်းခန့်ရှိရာ ကုန်တင်ကုန်ချ လုပ်ငန်းများ ရပ်ဆိုင်းပါက စားသောက်ကုန်၊ လူသုံးကုန်များ ပြတ်တောက်နိုင်ကြောင်း၊ ထို့အတွက် ကုန်ဈေးနှုန်းများ မြင့်တက်လာလျှင် မန္တလေးမြို့သာမက တခြားသော မြို့များကိုပါ ထိခိုက်နိုင်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ထို့အပြင် ကုန်တင်ကားကြီးကွင်းကို မှီခိုပြီး လုပ်ကိုင်နေသည့် ကားပစ္စည်း ရောင်းဝယ်ရေး၊ စက်သုံးဆီ ရောင်းဝယ်ရေး၊ စားသောက်ကုန်၊ လူသုံးကုန် ရောင်းဝယ်ရေးမှာလည်း ထိခိုက်လာနိုင်သည်ဟု သိရှိရသည်။
မန္တလေးမြို့မှ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်း၏ အတွင်းရေးမှူး ဦးချွန်က ယခုကဲ့သို့ မန္တလေး စည်ပင်သာယာနှင့် အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအကြား ဖြစ်ပွားနေသည့် ကားကွင်းအသစ် ပြောင်းရွေ့ရေး ပြဿနာမှာ ဖြေရှင်းနိုင်မည်ဟု ထင်ကြောင်း၊ ကုန်စည်စီးဆင်းမှုတွင် အနှောက်အယှက် ဖြစ်ပေါ်ခဲ့လျှင် ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်လာပြီး စားသုံးသူများကို ထိခိုက်လာနိုင်သည့်အတွက် ကားဂိတ် လုပ်ငန်းရှင်များ အနေဖြင့်လည်း ကုန်စည်သယ်ယူ ပို့ဆောင်ရေးကို လုံးဝဥဿုံ ရပ်တန့်လိမ့်မည်ဟု မယုံကြည်ကြောင်း သုံးသပ်ပြောဆိုသည်။
မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက မြို့တွင်းယာဉ်ကြော ပိတ်ဆို့ခြင်း၊ ပွင့်လင်းလာမည် အာဆီယံ-တရုတ် ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါခြင်းတို့ကြောင့် ပြည်ကြီးမင်္ဂလာ ကုန်တင်ကုန်ချ ယာဉ်များ ရပ်နားစခန်းသစ်ကို ၂၀၀၉ ခုနှစ်က မန္တလေးမြို့နှင့် ၁၄ မိုင်ခန့်ဝေးသည့် မန္တလေး-လားရှိုး ကားလမ်းဘေး စွယ်တော် ဘုရားအနီးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၂ ခုနှစ် စစ်အစိုးရ လက်ထက်ကလည်း ကုန်တင်ကုန်ချနှင့် အဝေးပြေးကားများကို ယာဉ်ကြောပိတ်ဆို့သည်ဟု ဆိုကာ ရတနာပုံရပ်မှ ကျွဲဆည်ကန်သို့ ပြောင်းရွေ့စေခဲ့သေးသည်။
ယခုအခါ ကျွဲဆည်ကန် ကားကွင်းတွင် ကားဂိတ်ပေါင်း ၆၈ ဂိတ်ရှိပြီး တခြားသော ဈေးဆိုင်ခန်းများနှင့် ပွဲရုံများလည်း ရှိသည်။