နွေရာသီ မီးမပြတ်ရေး ရေကြိုစုဟု လျှပ်စစ်ဌာနပြော
This article has been converted from Zawgyi One to Unicode
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် နွေရာသီကာလ မီးမပြတ်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရေကြိုတင် စုဆောင်းမှုများပြုလုပ်နေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့မှ အင်ဂျင်နီယာချုပ်ဦးညိုဝင်းက ဧရာဝတီသို့ ပြောသည်။
ရေအားလျှပ်စစ် အဓိက အသုံးပြုနေရသည့် မြန်မာနိုင်ငံတွင် နှစ်စဉ်နွေရာသီကာလရောက်တိုင်း မြစ်ချောင်း အင်းအိုင်အများစုတွင် ရေခန်းပြီး ရေအားမှ ဓာတ်အားထုတ်လုပ်မှု လျော့ကျသဖြင့် အလှည့်ကျ စနစ်နှင့် လျှပ်စစ်မီးပေး၊ မီးဖြတ်တောက်ရမှုများ ပြုလုပ်ရလေ့ရှိကြောင်း၊ ယခုနှစ်တွင်မူ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပြည်သူများ နွေရာသီတွင် အချိန်ပြည့်နီးပါး လျှပ်စစ်မီးပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ သို့သော်လည်း မျှော်လင့်ချက်များပေးသကဲ့သို့ မဖြစ်စေလိုသည့်အတွက် မီးပေးနိုင်၊ မပေးနိုင်ကို အတိ အကျ မပြောလိုသော်လည်း လတ်တလောတွင်မူ ရေများ ကြိုတင်စုဆောင်းနေသော အစီအစဉ်များ လုပ်ဆောင်နေကြောင်း ဦးညိုဝင်းက ပြောသည်။
“နွေရာသီ ရေတွေခန်းမယ့်အချိန်မှာ လျှပ်စစ်မီး လုံလောက်အောင် ပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဘယ်လို ကြိုးစားနေတယ် ဆိုတာတော့ အသေအချာကြီး မပြောချင်သေးဘူး။ အခုကတည်းက ရေကိုစုထားတယ်။ မကုန်သင့်တဲ့ နေရာတွေမှာ မကုန်အောင် အရင်ကလို ရေကို အလွန်အမင်းကြီး မသုံးတော့ဘူး”ဟု ဦးညိုဝင်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့ပြည်သူများအတွက် အချိန်ပြည့်နီးပါး လျှပ်စစ်မီး ပေးနေလျက်ရှိသော်လည်း နိုင်ငံပိုင် စက်ရုံများ၊ တပ်မတော် စက်ရုံများ၊ စက်မှုလုပ်ငန်းများကိုမူ ညနေ ၅နာရီမှ ည ၁၁ နာရီအထိ မီးဖြတ်ထားလျက်ရှိကြောင်း၊ ညအချိန်သာ မီးဖြတ်တောက်ထားခြင်း ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ထိခိုက်မှု နည်းပါးစေမည်ဖြစ်ကြောင်း၊ ပြည်သူများကို မီးအပြည့်ပေးနေသော်လည်း ရံဖန်ရံခါ မီးပျက်မှုများ ကြုံတွေ့ရခြင်းမှာလည်း အကြောင်းတစုံတရာကြောင့်သာဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဌာနက အလှည့်ကျ မီးဖြတ်တောက်သည့်အစီအစဉ်များ မပြုလုပ်သေးကြောင်း သိရှိရသည်။
“ရပ်ကွက်တွေမှာ မီးပျက်တယ်ဆိုတာကလည်း အကြောင်းတစုံတရာကြောင့်ဖြစ်ပါလိမ့်မယ်။ ကျနော်တို့က မီးကို ပုံမှန်ပေးထားတယ်”ဟု ဦးညိုဝင်းက ဆက်လက်ပြောသည်။
စက်မှုဇုန်များတွင် ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ မီးဖြတ်တောက်ထားသည့်အတွက် စက်မှုလုပ်ငန်းရှင်အများစု အဆင်မပြေဖြစ်ကြကြောင်း၊ အထူးသဖြင့် မီးစက်ဖြင့် စက်မှုလုပ်ငန်းများ လည်ပတ်ရန် ဒီဇယ် ဝယ်ယူသုံးစွဲရသည့်အတွက် ကုန်ထုတ်လုပ်မှု စရိတ် ပိုမိုမြင့်မားလာသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရသည်။
“အချိန်နဲ့ မီးဖြတ်တဲ့အတွက် စက်မှုလုပ်ငန်းတွေအနေနဲ့ အခက်အခဲအများကြီးရှိတယ်။ သူတို့တွေက အဲဒီအချိန်ဟာ မီးသိပ်မသုံးဘူးလို့ပြောပေမယ့် ကျနော်တို့အတွက်တော့ ညဘက် လုံခြုံရေးအတွက် မီးအလင်းရောင်မရှိဘူး။ နောက်ပြီး ပုံမှန်ဝန်ထမ်းတွေအတွက် ညနေ ၅ နာရီဆို အလုပ်သိမ်းပေမယ့် ကျန်တဲ့ လုပ်သားတွေအတွက်ကျတော့ ညဘက်မှာ မီးစက်တွေ နှိုးရတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုကုန်တာပေါ့”ဟု ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Triangle Links Engineering ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးကမူ “မီးမလာတော့ ဒီဇယ်ဝယ်ပြီး စက်လည်ရတော့ ကုန်ကျစရိတ် ပိုကုန်တယ်။ မီးပုံမှန်လာရင်တော့ အကုန်အကျ နည်းသွားမှာပေါ့။ အခုတော့ အကုန်အကျ များတယ်” ဟု ဧရာဝတီသို့ပြောသည်။
လက်ရှိကာလတွင် နွေရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း မီးပုံမှန်ရရှိနေသေးသည့်အတွက် မီးစက်၊ အင်ဗာတာ၊ အိမ်သုံးဘတ္ထရီအိုးများမှာ အရောင်းအဝယ် အေးနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“မီးစက်ဝယ်လိုအားက သိပ်မကောင်းဘူး။ မီးကလည်း သိပ်မပျက်သေးဘူး ဆိုတော့ ဝယ်အား သိပ်မရှိတာ။ လုပ်ငန်းလုပ်တဲ့သူတွေ နည်းနည်းဝယ်ကြတယ်”ဟု ရန်ကုန်မြို့မှ မီးစက်အရောင်းဆိုင်ပိုင်ရှင်တဦး ဖြစ်သူ ဦးဇော်အောင်က ပြောသည်။
ယမန်နှစ်က နွေရာသီ ဓာတ်အားပြတ်တောက်မှုကြောင့် ဖယောင်းတိုင် မီးထွန်းဆန္ဒပြပွဲများ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားခဲ့သည်။
မြန်မာတနိုင်ငံလုံး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၁,၈၈၀ ခန့် လိုအပ် ပြီး ဖြန့်ဖြူးနိုင်သည့် မဂ္ဂါဝပ်မှာ ၁,၅၅၀ သာရှိကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇၀ ရာခိုင်နှုန်းသည် ရေအားမှ လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ လည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှ လည်းကောင်း ရရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ယမန်နှစ် ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်၌ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နှင့် စာနယ်ဇင်းသမားများ တွေ့ဆုံရာတွင် စက်မှုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ ပုံမှန် လျှပ်စစ်မီးပေးရရှိရေးအတွက် ၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ရွေ့ပြောင်းမီးစက်ကြီး ၄လုံးကို အမေရိကန်အခြေစိုက် General Electric (GE) ကုမ္ပဏီထံမှ ငှားရမ်းထားကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၌ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား အများစုမှ ရေအားမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ရခိုင်ကမ်းလွန်ဒေသနှင့် မုတ္တမပင် လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေးဘဏ်တို့ အဆိုအရ မြန်မာပြည်လူဦးရေ သန်း ၆၀ ရှိရာ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရပြီး ပျမ်းမျှ တဦးလျှင် ၁၀၄ ကီလိုဝပ်သာ သုံးစွဲနိုင်သောကြောင့် ကွန်ဂိုနှင့် နီပေါနိုင်ငံတို့နည်းတူ မြန်မာနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် လျှပ်စစ်သုံးစွဲနိုင်မှု အနိမ့်ကျဆုံး နိုင်ငံတနိုင်ငံဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး စီမံချက်များတွင် ကမ္ဘာ့ဘဏ်မှ ကူညီမည်ဖြစ်ကြောင်း ရန်ကုန် ချက်ထရီယံ ဟိုတယ်တွင် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ အထူးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ၃ ရက်တာခရီးစဉ် ရောက်ရှိနေချိန်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အစိုးရဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုအဖွဲ့အစည်းများကို တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးစနစ်နှင့် ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်ကူညီရန် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။