သတင်း

နားလည်သူများသာ ပန်းချီပြပွဲများ အကဲဖြတ်သင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပန်းချီအနုပညာ ပြပွဲများကို အကဲဖြတ်စိစစ်သူများသည် အနုပညာကို ထဲထဲဝင်ဝင် နားလည်သူများ သာ ဖြစ် သင့်ကြောင်း လေ့လာသူများ က ပြောဆိုနေကြသည်။

ယခင် အစိုးရအဆက်ဆက်မှ လက်ရှိအချိန်အထိ ပန်းချီပြပွဲများ မပြခင် စိစစ်ရေးအဖွဲ့သို့ အကြောင်းကြားရကြောင်း၊ အဆိုပါ စိစစ်ရေး အဖွဲ့ထဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တက္ကသိုလ်များ စာကြည့်တိုက်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန အစရှိသည့် ဌာနများမှ တာဝန်ရှိသူများ ပါဝင်ကြောင်း၊ အဆိုပါ အဖွဲ့ အနုပညာထက် ယဉ်ကျေးမှု၊ ဘာသာရေး အစရှိသည့် အချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြကြောင်း သိရသည်။

“သူတို့ ပြောတာက အရင်ကဆိုရင် နိုင်ငံရေးမရဘူး၊ အခု နိုင်ငံရေးတော့ ရတယ်၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး ငြိစွန်းတဲ့ ကားမျိုး မရဘူး ဆိုတာမျိုး ပြောလာတယ်။ ဥပမာ – Nude ကားတွေဆိုရင် ယဉ်ကျေးမှုနဲ့ ငြိတယ်ပေါ့” ဟု ပန်းချီ ငြိမ်းချမ်းဆုက ဆိုသည်။

ဆက်လက်၍ ၎င်းက ပန်းချီဆရာများသည် ပန်းချီကျောင်းတွင် စတင်၍ ပန်းချီရေးကတည်းက Nude နှင့် ကင်းလွတ်၍ မရကြောင်း၊ ခန္ဓာဗေဒကို ပန်းချီအခြေခံတွင် သင်ယူရပြီး လူခန္ဓာကိုယ်မှ ကြွက်သားများ၏ အနေအထား၊ အပျော့အမာကို အနုပညာ မြောက်စွာ ရေးဆွဲသည့် ပန်းချီကားများ ဖြစ်သောကြောင့် အနုပညာမျက်စိဖြင့် ကြည့်လျှင် နားလည်မည် ဖြစ်ကြောင်း ပြောသည်။

“ပန်းချီဆရာတွေ ရေးတာက တဏှာရမ္မက်ကို ဖော်ကျူးတဲ့ ကားမျိုးရေးတယ်ဆိုရင်တော့ ထားပါတော့။ အဲဒီလို ရေးတယ်ဆိုရင် ဖြုတ်ဗျာ။ အဲဒီလို ရေးတဲ့ ပန်းချီဆရာကိုလည်း ကြိုက်သလို အရေးယူလို့ရတယ်။ ဒါပေမယ့် အနုပညာ မြောက်အောင် ရေးထားတဲ့ Nude ကားတွေကို ယဉ်ကျေးမှုဆိုတဲ့ အမြင်နဲ့ တိုင်းတာက ဆိုးတယ်” ဟု သူက ဆက်ပြောသည်။

ယခင်ကတည်းက ပန်းချီဆရာအများစုသည် Nude ပန်းချီကားများကို ရေးဆွဲခဲ့ကြကြောင်း၊ မြန်မာပြည်တွင် ပြခွင့် မရသဖြင့် ပြည်ပတွင် သွားရောက်ပြသကြရာ တခြားနိုင်ငံသားများက ဝယ်ယူကြသဖြင့် တိုင်းပြည်ဝင်ငွေ ဆုံးရှုံးကြောင်း ၎င်းက ရှင်းပြသည်။

ပန်းချီလင်းဝဏ္ဏကလည်း ပန်းချီကားများအား စိစစ်ရန်အတွက် ကြည့်ရှုသည် ဆိုသည့် အနေအထားမျိုး မရှိသင့်တော့ကြောင်း၊ အနုပညာကို လွတ်လပ်စွာ ဖန်တီးခွင့်၊ ချပြခွင့် ရှိရတော့မည်ဖြစ်ကြောင်း ပြောသည်။

၁၉၉၀ ကျော် ကာလများက စတင်ထွက်ပေါ်လာသည့် ခေတ်ပြိုင် ပန်းချီဆရာ ၈ ဦးဖြင့် စုစည်းထားသော Emerging Artist   90s (Eao90s) အဖွဲ့၏ ပြပွဲတရပ်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၁ ရက်နေ့ အထိ ရန်ကုန် ပုလဲကွန်ဒိုရှိ Studio Square  ပန်းချီပြခန်းတွင် ခင်းကျင်းပြသလျှက်ရှိသည်။

ယင်းအဖွဲ့တွင် ၁၉၉၀ ကျော် ကာလများက ပေါ်ထွက်လာသည့် ကောင်းဆု၊ ငြိမ်းချမ်းဆု၊ မင်းဇော်၊ ဗဂျီလင်းဝဏ္ဏ၊ နေအောင်ရှု၊ ကျော်ဆန်းသွင်တို့ ပါဝင်သည်။

EAo 90s အုပ်စုဝင်များသည် တဦးချင်း၊ အဖွဲ့လိုက် အစရှိသည်ဖြင့် ၎င်းတို့ ဖန်တီးခဲ့သည့် လက်ရာများကို ၁၉၉၀ ပြည်နှစ်လွန်ကာလများက ပြပွဲများ ခင်းကျင်း ပြသခဲ့ရာ၌ ပိတ်ပင်တားမြစ်မှုများ၊ အနုပညာ လက်ရာပစ္စည်းများကို ဖြုတ်ပယ်၍ ပြသခွင့် ပိတ်ပင်ခြင်းများ အပြင် Performance Art အနုပညာ အမျိုးအစားများကို တခြား ဆန့်ကျင်ဘက် အဖွဲ့အစည်း တရပ်၏ နိုင်ငံရေး လှုံ့ဆော်မှု အမြင်ဖြင့် သုံးသပ် ပိတ်ပင် အရေးယူမှုမျိုးပေါင်း များစွာ ကြုံတွေ့ခဲ့ကြရကြောင်း အဆိုပါ အနုပညာ ပြပွဲ၏ လက်ကမ်းစာအုပ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

“နအဖ ခေတ်တုန်းက ကျနော် တကိုယ်တော် ပြပွဲတခု လောကနတ် ပြခန်းမှာ လုပ်ခဲ့တယ်။ အဲဒီမှာ ကျနော့်မိတ်ဆွေ ဂစ်တာသမား ကိုဇော်မင်းသိန်းက ပန်းချီကားတချပ်ရှေ့မှာ ကျနော် တခါမှ မကြားဘူးတဲ့ ဂီတကို တီးခတ်တယ်။ ပြပွဲ ဖိတ်စာ မှာလည်း ပါပြီးသား၊ ဂီတဟာ အရောင်၊ အရောင်ဟာ ဂီတဆိုတာ။ အဲဒါကို သရုပ်ဖော်တာ၊ အဲဒီတုန်းက ပန်းချီ ပြပွဲ တပွဲလုံးကို ပိတ်ပင်ခဲ့တယ်” ဟု ပန်းချီလင်းဝဏ္ဏက ဧရာဝတီသို့ ပြောသည်။

ယခင် စစ်အစိုးရ အဆက်ဆက်က ပန်းချီကားများတွင် အနီရောင်များနေလျှင်ပင် ပြပွဲ၌ ပြသခွင့် မရှိကြောင်း သိရသည်။

ယခုလက်ရှိ ကာလတွင် အနုပညာ ဖန်တီးခွင့်မှာ ယခင်ထက် များစွာ လွတ်လပ်နေပြီဟု ဆိုနိုင်သော်လည်း ပန်းချီ အနုပညာ ပြပွဲများမပြသခင် စိစစ်သူများက လာရောက်ကြည့်ရှုနေကြဆဲ ဖြစ်ကြောင်း၊ ထိုသို့ လာရောက်သူများထဲတွင် ပန်းချီအနုပညာ အကြောင်း နားမလည်သူများလည်း ပါဝင်နေကြောင်း ပန်းချီလင်းဝဏ္ဏက ဆိုသည်။

ယခုအခါ စာနယ်ဇင်း၊ ရုပ်ရှင်၊ ဂီတ အစရှိသည့် နယ်ပယ်များ၌ အစည်းအရုံးများ၊ ကော်မတီများ ရှိနေကာ စိစစ်ရေးဆိုသည့် ကြားခံ ကြည့်ရှု ဖြတ်တောက်မှုများ မရှိတော့ဘဲ သက်ဆိုင်ရာ အစည်းအရုံး၊ ကော်မတီတို့က ဖန်တီးသူ အနုပညာရှင်၊ စာနယ်ဇင်းသများ စသည်တို့နှင့် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယခင်ထက် အထိုက်အလျောက်လွတ်လပ်ခွင့် ရနေပြီ ဖြစ်သော်လည်း ပန်းချီပြပွဲများ၊ Performance Art ပြပွဲ၊ Installation Art ပြပွဲများအတွက်မူ မည်သည့် အဖွဲ့အစည်း၊ ကော်မတီက တာဝန်ယူဆွေးနွေးမည် ဆိုသည့် အနေအထား မရှိသေးပေ။

“အရင် နအဖခေတ်၊ ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အချိန်တုန်းက ကျနော်တို့ကို စာပို့တယ်၊ သတိပေးတာမျိုး လုပ်တယ်။ အခုကျတော့ ယဉ်ကျေးမှုရယ် ဘာသာရေးရယ် ငြိစွန်းတခုခု ဖြစ်ရင် ပြခန်းပိုင်ရှင်နဲ့ ပန်းချီဆရာက ကိုယ့်ဘာသာ တာဝန်ယူရမယ်လို့ ပြောတယ်” ဟု ပန်းချီ ငြိမ်းချမ်းဆုက ဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြသနေသည့် EAo 90s အနုပညာပြပွဲတွင် ပန်းချီအနုပညာရှင် ၈ ၏ လွတ်လပ်စွာ တင်ဆက်ထားသော ပန်းချီကားများ၊ ခေတ်ပြိုင် အနုပညာဖန်တီးမှုများကို တွေ့ရသည်။

၂၀၁၂ ရွေးကောက်ပွဲ ကာလများအလွန် နိုင်ငံတကာ အာရုံစူးစိုက်မှုနှင့်အတူ ဆက်ဆံရေးများ ကောင်းမွန်တိုးတက်လာချိန်၊ ကမ္ဘာနှင့် နိုင်ငံရေးဆက်ဆံမှုများ အရှိန်မြင့်လာသော ယခုလိုအချိန်အတွင်း အမြင်သစ်၊ အတွေးသစ်၊ အနုပညာ လက်ရာ ပစ္စည်းအသစ်များကို အရှိန်အဟုန်ဖြင့် ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ပြီး EAo 90s အဖွဲ့ကို ငွေကြေး အကျိုးအမြတ် အတွက် မဟုတ်ဘဲ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ၎င်းပြပွဲ လက်ကမ်းစာအုပ်တွ ရေးသားထားသည်။

ခေတ်ပြိုင်အနုပညာ ဖန်တီးမှုများတွင် ကြားခံပစ္စည်း အသုံးပြုမှု၊ ဖန်တီးသည့် စနစ်ပုံစံ အစရှိသည့် ကန့်သတ်ချက်များ  ကင်းမဲ့လာပြီဖြစ်ကြောင်း၊ ဖန်တီးမှု လွတ်လပ်လာသည့်အလျောက် မြန်မာ ပရိသတ်၏ ခံစားမှု စွမ်းရည်များ တိုးတက်လာပြီ ဖြစ်ရာ တာဝန်ရှိသူများဘက်ကလည်း အနုပညာနှင့် ပတ်သက်သည့် ကျဉ်းမြောင်းသော အမြင်များ၊ ကန့်သတ်ချက်များ မရှိသင့်တော့ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“ပန်းချီဆရာဆိုတာက အလှကို ရေးတာ၊ အရောင်တွေကို ရေးတာပါ။ ဟီရိသြတ္တပ္ပကင်းတဲ့ Erotic Nude တွေကို ပြပွဲမတင်ကြပါဘူး။ ကျနော်တို့ကတော့ တာဝန်ရှိသူတွေကို သိစေချင်တယ်၊ အနုပညာကို နားလည်စေချင်တယ်၊ အနုပညာကို နားလည်အောင် လေ့လာကြပါလို့လည်း တိုက်တွန်းချင်တယ်” ဟု ပန်းချီငြိမ်းချမ်းဆုက ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading