မြန်မာ့သမိုင်း၏ အထင်ကရ နေ့ထူးနေ့မြတ် ဖြစ်သည့် ပြည်ထောင်စုနေ့နှင့် မြန်မာပြည်၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ပြည်သူများ သတိတရဖြင့် စိတ်ဝင်စားခြင်း နည်းလာပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့ကို အလွန်စိတ်ဝင်စားနေကြောင်း တွေ့ရသည်။
ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အတွက် ကြိုတင်ပြင်ဆင်သည်ကို မတွေ့ရဘဲ ချစ်သူများနေ့ မရောက်ခင် တလအလိုခန့် ကတည်းက ရှော့ပင်စင်တာများ၊ မုန့်ဆိုင်များ၌ ချစ်သူများနေ့နှင့် သက်ဆိုင်သည့် ချောကလက်များ၊ အရုပ်များကို ရောင်းချလျှက် ရှိရာ လူငယ်များ စိတ်ဝင်စားမှု များပြားနေသည်။
“ဖေဖော်ဝါရီ ၁၄ ရက်မရောက်ခင်ဆိုရင် ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ သီချင်းတွေဖွင့်တယ်။ ကိုယ့်ချစ်သူအတွက် လက်ဆောင်တွေ ဝယ်ပေးကြတယ်။ အရွယ်ရောက်တဲ့ သူတွေသာမကဘဲ ကျောင်းသား အငယ် လေးတွေကပါ ချစ်သူများနေ့ကို ရောက်ရင် ပျော်နေကြတာ တွေ့ရတယ်” ဟု GTC ကျောင်းသား ကိုမျိုးဇော်က ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ကို မှတ်မိသော်လည်း ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဆိုသည်ကို လုံးဝမမှတ်မိကြောင်း၊ ၁၄ ရက်နေ့ ချစ်သူများနေ့ ကိုမူ နေရာအနှံ့ သီချင်းများဖွင့်လျှက် ရှိပြီး လူငယ်များ အကြား ချစ်သူများနေ့ အတွက် ကြိုတင်ပြင်ဆင်နေကြသည်ကို ကြားနေရသဖြင့် ချစ်သူများနေ့ကိုသာ လူငယ်များ စိတ်ဝင်စားမှု ပိုများနေပုံရှိသည်။
အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း အများစုတွင် ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စကားရည်လု ပွဲများကိုသာ အဓိက လုပ်ဆောင်ပေးကြောင်း၊ ပျော်ပွဲရွှင်ပွဲများ မလုပ်ပေးကြောင်း၊ လွတ်လပ်ရေးနေ့တွင်သာ ပျော်ပွဲရွှင်ပွဲများကို လုပ်ဆောင်ပေးကြောင်း ရန်ကုန် သာကေတ မြို့နယ်ရှိ အခြေခံ အလယ်တန်းကျောင်း အမှတ် (၁) မှ ဆရာမ တဦးက ပြောသည်။
“ပြည်ထောင်စုနေ့ ဆိုပြီး ကျောင်းမှာ ဘာမှ မကျင်းပတာ နှစ် ၂၀ ကျော်ပြီ။ ကျောင်းက ကလေးတွေကလည်း ပြည်ထောင်စုနေ့ရော၊ သမိုင်းအထင်ကရ နေ့တွေကိုပါ စိတ်မဝင်စား ကြတော့ဘူး။ ဖေဖော်ဝါရီ ၁၂ ရက်၊ ၁၃ ရက်နဲ့ ကပ်နေတဲ့ ၁၄ ရက်နေ့ ချစ်သူများနေ့ကိုတော့ ကလေးတွေက လက်ဆောင်တွေဝယ်၊ ကိုယ်ချစ်တဲ့သူကို ပေးနဲ့ လုပ်နေကြတယ်” ဟု ၎င်းက ထပ်မံဆိုသည်။
ကျောင်းများတွင် ကလေးများ အတွက် သမိုင်းအထင်ကရ နေ့ထူးနေ့မြတ်များကို ဂရုတစိုက် မပြုလုပ်ပေးသည့်အတွက် လူငယ်များ စိတ်ဝင်စားမှု နည်းလာခြင်းဖြစ်ကြောင်း၊ ကျောင်းများ၌ ပျော်ပွဲရွှင်ပွဲ ကျင်းပမည်ဆိုပါက အထက်လူကြီး အဆင့်ဆင့်၏ ခွင့်ပြုချက် ရမှသာ လုပ်ဆောင်ပေးနိုင်သောကြောင့် နေ့ထူးနေ့မြတ်များကို ကျောင်းသားများ သတိမရဘဲ မေ့နေခြင်း ဖြစ်ကြောင်း ဧရာဝတီမှ ဆက်သွယ်မေးမြန်းမိသမျှ အခြေခံအထက်တန်း ကျောင်းများမှ ဆရာမများက ဆိုသည်။
ပြည်ထောင်စုနေ့သည် မြန်မာနိုင်ငံအတွက် အလွန်ပင် အရေးကြီးသည့်ရက် ဖြစ်ပြီး ပြည်သူအားလုံး ပြည်ထောင်စု စိတ်ဓာတ် ရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ဆိုသည့် အဓိပ္ပာယ်ကို လူငယ်များ၊ ပြည်သူများ နားလည်စေရန် ရှင်းလင်းသင့် သကဲ့သို့ လေးလေးနက်နက် အရေးပါသည်ကိုသိရှိစေရန် လုပ်ဆောင်သင့်ကြောင်း ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။
“ပင်လုံစာချုပ်ကို ဖျောက်ဖျက်ချင်တဲ့ စိတ်ကြောင့် ပြည်ထောင်စုနေ့ကို မသိအောင် လုပ်လိုက်တာပါ။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့ နောက်ပိုင်း အစိုးရ အဆက်ဆက် တက်လာကတည်းက ဖျောက်ဖျက်ချင်ကြ တာပါ။တကယ်ဆိုရင် မြန်မာ့သမိုင်းမှာ အထင်ကရ နေ့တွေကို မျိုးဆက်သစ်လူငယ်တွေ၊ ပြည်သူတွေ အရမ်း စိတ်ဝင်စားလာအောင် လုပ်ဆောင်ပေးသင့်တယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
ပြည်ထောင်စု နေ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုကို ပြသခြင်း ဖြစ်ပြီး လက်ရှိ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုတို့တွင် ပြည်ထောင်စုနေ့ အခန်းကဏ္ဍမှာ အရေးပါလှသည်ဟု နိုင်ငံရေး စိတ်ဝင်စားသူတို့က ပြောကြသည်။
ပြည်ထောင်စုနေ့ပွဲများ အနှစ်သာရ ရှိသည်ကို ဖော်ဆောင်ပေးသင့်ကြောင်း၊ လွတ်လပ်သည့် တန်းတူညီမျှခြင်း၊ တရား မျှတခြင်း၊ အခြေခံ ပူးပေါင်းဆောင်ရွက်မှုများ ပြုသင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက ဧရာဝတီသို့ ပြောသည်။
“တိုင်းရင်းသားတွေ အားလုံး ယုံကြည် တည်ဆောက်ထားတဲ့ ပြည်ထောင်စုနေ့၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားတဲ့ရက်နဲ့ ကပ်နေတဲ့ ချစ်သူများနေ့ကို သတိတရဖြစ်နေတာ၊ ပိုပြီး စိတ်ဝင်စားနေတာက ခေတ်စနစ်အရလို့ ပြောလို့ရပါတယ်။ ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေ မြန်မာပြည်ရဲ့ အရေးပါတဲ့နေ့ကို သိလာအောင် မွေးမြူပေးဖို့ လိုအပ်ပါတယ်” ဟု ကိုပြုံးချိုက ထပ်လောင်းပြောသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဗမာ အပါအဝင် တိုင်းရင်းသား အားလုံး တပြိုင်နက် ရယူရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ပင်လုံ သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သည့် နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ယခုနှစ်ဆိုလျှင် ၆၆ နှစ် တိုင်ခဲ့ပြီဖြစ်သည်။
၁၉၈၈ ခုနှစ် မတိုင်မီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကိုလည်း အမှတ်ရ ဂုဏ်ပြုခြင်းအားဖြင့် “ကလေးများနေ့” အဖြစ် သတ်မှတ်ခဲ့ဖူးသည်။ သို့ရာတွင် ၁၉၈၈ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဩဇာ ကြီးလာသည်ကို စစ်အစိုးရများက မနာလိုမရှုစိမ့်သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းနှင့် ဂုဏ်ပုဒ်များကို မှေးမှိန်ဖျောက်ကွယ်ပစ်ခဲ့ရာက ထိုနေ့များအကြောင်း အစိုးရက လျစ်လျူရှု အရေးတယူ မလုပ်ခဲ့တော့ပေ။
ရလဒ်အနေဖြင့် အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသမီးတဦး ဧရာဝတီသို့ ပြောဆိုချက်က ရောင်ပြန်ဟပ်နေတော့သည်။
“ဖေဖော်ဝါရီ ၁၂ ရက်က ပြည်ထောင်စုနေ့တော့ သိတယ်။ ၁၃ ရက်က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ဆိုတာကိုတော့ မမှတ်မိဘူး။ ဒါပေမယ့် ၁၄ ရက်ကတော့ ချစ်သူနဲ့ ဘယ်ကိုသွားမယ်၊ ဘာလုပ်မယ် ဆိုတာကိုတော့ စဉ်းစားထားတယ်”။