ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဘက် ၂၂ မိုင်အကွာရှိ မြို့သစ်ရွာ (ခ) ယောင်ဘူရွာတွင် ယမန်နေ့ည သန်းခေါင်ယံ အချိန်၌ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) အယောင်ဆောင်ထားသည့် လက်နက်ကိုင် အဖွဲ့တဖွဲ့က နေအိမ်တအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
ဧည့်စာရင်း စစ်သည်ဟု ထင်၍ တံခါးဖွင့်ပေးရာမှ နစက အယောင်ဆောင်များက ဓားဖြင့်ခုတ်၊ သေနတ်နှင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့သစ်ရွာသား တဦးက “ဦးဘတင်နာမည်ကို ခေါ်ပြီး သူတို့ (နစက အယောင်ဆောင်) တွေက ဝင်လာကြတော့ ဧည့်စာရင်းကိစ္စနဲ့ လာတယ်ထင်ပြီး ဦးဘတင်က တံခါးဖွင့်ပေးတဲ့အခါ ဦးဘတင်ကို အရင်ခုတ်တယ်။ ဦးဘတင်ရဲ့ အဖြစ်ကိုမြင်တော့ အိမ်မှာ ကျန်တဲ့လူက အနီးကလူတွေကို ခေါ်တော့ သေနတ်နဲ့ပစ်တယ်။ အဲဒီမှာ နောက်လူတွေ ထပ်ဒဏ်ရာရတယ်။ ဦးမောင်အေးကတော့ ဆေးရုံကိုပို့တဲ့ အချိန်မှာ သေသွားတာဖြစ်တယ်” ဟု ပြောသည်။
မောင်တောဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသူမှာ ဦးမောင်အေး (၅၄ နှစ်) ဖြစ်ပြီး ဒဏ်ရာရသူများမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘတင် (၅၄ နှစ်)၊ ကိုစောညွန့်အောင် (၃၉ နှစ်)၊ ကိုနေထွန်းအောင် (၂၂ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။
မြို့သစ်ရွာသည် ငခူရကျေးရွာ အုပ်စုတွင် ပါဝင်ပြီး နစက နယ်မြေ (၅) က တာဝန်ယူထားကြောင်း၊ အခင်းဖြစ်ပွားသည့် နေရာနှင့် နစက စခန်းသည် လမ်းလျှောက်သွားလျှင် ၁၀ မိနစ်ခရီးခန့် ဝေးကြောင်း မြို့သစ်ရွာသားက ဆိုသည်။
နစက နယ်မြေ (၅) မှ တပ်ဖွဲ့ဝင်တဦးက “အခု လုပ်တဲ့လူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည် စခန်းတွေမှာ နေတဲ့လူတွေလို့ ခန့်မှန်းတယ်။ သူတို့က ညအချိန်လာလုပ်ပြီး ချက်ချင်း ပြန်ပြေးသွားတဲ့ သဘောရှိတယ်။ ဆိုတော့ သူတို့ကို မြန်မာနိုင်ငံမှာ ရှာပြီး အပြစ်ပေးလို့ မရဘူး။ အရင်တုန်းက ဓားပြမှုတွေမှာလည်း ဒီလိုပဲ ဖြစ်တာတွေ ရှိခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်အာဏာပိုင်တွေနဲ့ ဒီလိုကိစ္စတွေ ပူးပေါင်းဖြေရှင်းဖို့ ပြောဖူးတာတွေ ရှိတယ်။ သို့သော် ဒီနေ့ထိတော့ ဖမ်းလို့ရတာ မရှိသေးဘူး” ဟု ပြောသည်။
မောင်တောမှ အမည်မဖော်လိုသည့် ရဲအရာရှိတဦးကလည်း “နစက အယောင်ဆောင်ပြီး ဓားပြတိုက်၊ လူသတ်မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူတွေက တဖက်နိုင်ငံက စက်လှေနဲ့ ခိုးဝင်လာပြီး ကျူးလွန်တယ်။ ဖမ်းဖို့လိုက်တော့ တဖက်နိုင်ငံကို ပြန်ပြေးသွားတယ်ဆိုတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ နိုင်ငံတော် အဆင့်လောက်မှ ကိုင်တွယ်လို့ရမယ့် ပြသနာမျိုး ဖြစ်သွားတယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော မောင်တော၊ ဘူသီးတောင် မြို့နယ်များတွင် ၂၀၁၂ ခုနှစ်အတွင်းက နစက အယောင်ဆောင်ကာ ဓားပြတိုက်၊ လူသတ်မှုများ ဖြစ်ခဲ့သော်လည်း တရားခံများကို ဖမ်းဆီးရမိခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါရဲအရာရှိက ဆက်လက်၍ “အခုတလော နယ်စပ်ဒေသမှာ ပြဿနာတွေ ဆက်တိုက် ဖြစ်လာတယ်။ စစ်သားတွေကို ဖမ်းသွားတယ်။ ကားကို မီးရှို့တယ်။ အခု အုပ်ချုပ်ရေးမှူးကို လုပ်ကြံတယ်။ အစိုးရအနေနဲ့ နယ်စပ်ဒေသ လုံခြုံရေးကို အရေးစိုက် လုပ်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးလုပ်ငန်းခွင်မှ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့ဝင် စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့ကြောင်း၊ ဖမ်းဆီးသွားသော စစ်သားများကို ယခုအထိ ပြန်မတွေ့ရှိသေးကြောင်း သိရသည်။
ယခု မောင်တော တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အမှတ် (၃) နစက နယ်မြေအတွင်း နစက တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကို ပိုမို တင်းကြပ်ထားကြောင်း သိရသည်။
ဥပဒေမဲ့ ကျူးလွန်မှုများသည် လုံခြုံရေး အာနည်းမှုကြောင့် ဖြစ်ရပြီး ကျူးလွန်သူများကို ဖော်ထုတ် အရေးယူပေးရန် ရခိုင်အမျိုးသမီးများ အစည်းအရုံးက ယမန်နေ့နေ့စွဲဖြင့် ကြောယချက်တစောင် ထုတ်ပြန် တောင်းဆိုထားသေးသည်။