သတင်း

ဘင်္ဂလားဒေ့ရှ်မှ ရခိုင် တိုင်းရင်းသားများ မြန်မာဘက်သို့ ထပ်မံ ရွှေ့ပြောင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ရောက်ရှိ အခြေချနေထိုင်ခဲ့သည့် ရခိုင် တိုင်းရင်းသား မိသားစု ၃၀ ခန့်သည် ယခုလ ပထမပတ်အတွင်း မြန်မာနိုင်ငံဘက်အခြမ်းသို့ ထပ်မံကူးပြောင်း ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ရခိုင် မိသားစုများသည် မောင်တောမြို့ မြောက်ဘက်ရှိ ခမောင်းဆိပ်ရွာ အခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) အမှတ် (၂) နယ်မြေစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းမိသားစုများကို တောင်ပြိုမြို့နယ်ခွဲသို့ ပို့ဆောင်ပေးမည်ဟု တောင်ပြိုမြို့နယ်ခွဲ့ရှိ နစက နယ်မြေ (၃) မှ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “သူတို့ကို လောလောဆယ်တော့ နစက ကပဲ ကူညီထားတယ်။ အစိုးရက ချမှတ်ထားတဲ့ အိမ်တို့၊ မြေတို့ ကိစ္စကို အထက်ကိုတင်ပြထားတယ်။ အထက် အမိန့်ပြန်ကျလာမှ သူတို့က နေရာထိုင်ခင်းတွေ ရမှာဖြစ်တယ်။ ၁၅ ရက်နဲ့ တလလောက်တော့ ကြာနိုင်တယ်” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရောက်ရှိ နေထိုင်ကြသည့် ရခိုင်နှင့် ရခိုင် မျိုးနွယ်စု တိုင်းရင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင် ပြန်လည် အခြေချ နေထိုင်လိုပါက ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် နေရာချပေးမည်ဖြစ်ကြောင်း၊ မိသားစု တစုလျှင် နေအိမ်နှင့် ခြံဝင်းတခု၊ လုပ်ကိုင်စားသောက်ရန် လယ် ၂ ဧက ပေးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက တရားဝင် ပြောဆိုထားသည်။

ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောမြို့သို့ ပြောင်းရွှေ့လာသည့် မိသားစု ၄၀ ကျော်ကိုလည်း ခရေမြိုင်ကျေးရွာနှင့် လောင်းတုံ ကျေးရွာတို့တွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့သွားသည့် မိသားစုများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ဘန်တရိုဘန် ခရိုင်အတွင်းရှိ ရဲစု၊ မဟပ်ချောင်းနှင့် နတ်ကျောက်စရီ ဒေသများဖြစ်ပြီး နောက်ထပ် ပြောင်းရွှေ့လိုသော မိသားစုများလည်း ရှိနေကြောင်း နတ်ကျောက်စရီ ရွာသားတဦးက ဆိုသည်။

“အခု ပြောင်းရွှေ့ကြတဲ့ မိသားစုတွေ နေတဲ့ရွာတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင် ဘင်္ဂါလီတွေနေတဲ့ ရွာတွေကြားမှာ ဖြစ်နေတော့ လုံခြုံရေး စိုးရိမ်တာရယ်၊ နောက်ပြီး စားဝတ်နေရေးအတွက် အလုပ်အကိုင် ရှားပါးပြီး လုပ်စားစရာ မြေကွက်မရှိလောက်အောင် ရှားလာတဲ့အတွက် ပြောင်းလိုကြတာ ဖြစ်တယ်” ဟု အဆိုပါ နတ်ကျောက်စရီ ရွာသားက ပြောသည်။

စစ်တကောင်း တောင်တန်းဒေသအတွင် နေထိုင်ကြသည့် ရခိုင်မျိုးနွယ်စုဝင် ရခိုင်၊ မာရမာ၊ ဒိုင်းနက်၊ ခမီ (ခေါ်) မြိုနှင့် သက် လူမျိုး အများစုသည် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးကြပြီး ဘင်္ဂါလီများက ရော်ဘာ စိုက်ခင်းများ တိုးချဲ့လာခြင်းကြောင့် လယ်ယာလုပ်ကွက်များ လျော့နည်းလာကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဗုဒ္ဓဘာသာဝင်များ မြန်မာဘက်သို့ ပြောင်းရွှေ့ အခြေချမှုများ ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဘန်တရိုဘန် ခရိုင်အတွင်းရှိ ရဲစုကျေးရွာသို့ သက်ဆိုင်ရာ ရွာလူကြီး၊ ဘင်္ဂလားဒေ့ရှ်နယ်ခံ လူကြီးများ သွားရောက်ကာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရန် မလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရသည်။

ယင်းဆွေးနွေးပွဲသို့ သွားရောက်ခဲ့သူ နယ်ခံတဦးက “သူတို့ မြန်မာကို ပြောင်းနေတာတွေ ကြားတယ်။ အဲ့ဒီ အခြေအနေအပေါ်မှာ တခြားနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို မပြောင်းဘဲ မိမိတို့ ရပ်ရွာမှာသာ ဆက်လက်နေထိုင်ရေး ဆွေးနွေး ရှင်းပြခဲ့ကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ယမန်နှစ်အတွင်းက ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင် စစ်တကောင်းတိုင်းရှိ ကောက်စ်ဘဇားနှင့် ရာမူး (ပန်းဝါ) မြို့များတွင် အင်တာနက်ပေါ်မှ ဘာသာရေး စော်ကားထားသော ဓာတ်ပုံတပုံကို အကြောင်းပြု၍ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ဘုရားနှင့် လူနေအိမ်များကို မွတ်စလင် အစွန်းရောက်များက မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့နောက် လုံခြုံရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“မြို့ပေါ်တို့၊ မြို့နဲ့နီးတဲ့ နေရာတွေက လူတွေကတော့ အစိုးရရုံးတွေ၊ ရဲစခန်းတွေနဲ့ နီးတော့ လုံခြုံရေးအတွက် နည်းနည်းခံသာတယ်။ ဒါပေမဲ့ ရဲစုလို၊ မဟတ်ချောင်းတို့လို နေရာတွေကျတော့ တောထဲမှာဆိုတော့ အချိန်မရွေး ဖျက်ဆီးနိုင်တော့ ပိုပြီး စိုးရိမ်ရတယ်” ဟု မဟတ်ချောင်း ဒေသခံတဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောင်းရွှေ့လာသူများ နေအိမ် မရရှိသေးမီတွင် လိုအပ်ချက်များကို ကူညီထောက်ပံ့ရန် တောင်ပြိုမြို့နယ်ခွဲ အခြေစိုက် အမှတ် (၃) နစက နယ်မြေအတွင်းရှိ ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ဆုံဆွေးနွေးကာ လူမှုဖူလုံရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နံသာတောင်ကျောင်း ဆရာတော်က “ဒီ ဘင်္ဂလားဘက်က ပြောင်းလာကြသူတွေက တောင်ပြိုဘက်မှာ ဒုက္ခရောက်နေတယ်။ အဲဒါတွေကို ကူညီထောက်ပံ့ချင်လို့၊ နောက်တခုက ဒီဘက်က ဒေသခံလူမျိုးတွေ ဖွံ့ဖြိုးလာတဲ့ အမြင်စိတ်ဓာတ်၊ အသိစိတ်ဓာတ်တွေရှိ လာအောင်၊ ပိုပြီး တိုးပွားလာအောင်လို့ လူမှုအဖွဲ့တခုဖြစ်တဲ့ အနောက်တံခါး လူမှုဖုံလုံရေးအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်ပါတယ်” မိန့်ကြားသည်။

၁၉၉၅ ခုနှစ်ဝန်းကျင်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ရန်ကုန်မြို့နှင့် တခြားမြို့နယ်များမှ အိုးအိမ်မဲ့ ပြည်သူများကို နေရာချထားပေးရန် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်း နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများရွာ (နတလ) အမည်ဖြင့် စံပြကျေးရွာ ၁၀၀ ကျော် တည်ဆောက်ရန် ညွှန်ကြားခဲ့သည်။

သရဖူ၊ ပြားသား၊ တောင်ပြို၊ ခရေမြိုင်၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ သုခမြိုင်၊ အင်ကြင်းမြိုင်၊ ဗန္ဓုလ၊ လောင်တုန်၊ အင်းဒင်၊ အောင်သပြေ၊ ရွှေရင်အေး၊ အောင်ဇေယျ၊ ဖတ်ဝတ်ချောင်း၊ အောင်မင်္ဂလာ၊ မောရဝတီ၊ ရွာသာယာ၊ သရေကုန်ပေါ်၊ ဥဒေါင်း၊ အောင်သာယာ၊ ရွှေ၊ ဖုံညိုလိမ်၊ ကျောက်ပန်းတူ စသည့် ရွာ ၄၀ ကျော် တည်ဆောက်ပြီးစီးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading