ကချင် အရေး၊ ရခိုင် အရေး အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ကာယကံရှင်များက လိုလားစွာ ဖိတ်ခေါ်ပါလျှင် ငြင်းပယ် မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာဟာ ကာယကံရှင်တွေက လိုလားမှ ဖြစ်မှာပါ။ ကာယကံရှင် တွေရဲ့ လိုလားမှု တောင့်တမှု တောင်းဆိုမှု မရှိဘဲနဲ့ ဝင်ပြီးတော့ လုပ်လို့ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ဒါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရာ လည်း ရောက်ပါတယ်။ ကျမကို လိုလားတယ်။ လုပ်ပေးစေချင်တယ် ဆိုရင် တော့ အချိန်မရွေး လုပ်ပေးပါ့မယ်ဆိုတာ ဒါ တရား ဝင် ဒီနေ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဒါ ကျမ ပြောပါရစေ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
NLD က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပသော ယနေ့ ကျရောက်သည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားသို့ နေပြည်တော်တွင် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် ဗီဒီယို မိန့်ခွန်းတွင် ထိုကဲ့သို့ ထည့်သွင်းပြော ဆိုလိုက်ခြင်း ဖြစ်သည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကချင်၊ ရခိုင်စသည့် ပြည်ထောင်စုအတွင်း မည်သည့်နေရာကမဆို ငြိမ်းချမ်းရေးဖြစ် စဉ်နှင့်ပတ်သက်၍ ဖိတ်ခေါ်ပါက ငြင်းပယ်မည်မဟုတ်ကြောင်းလည်း ထပ်လောင်း ပြောဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျရောက်သည့် ပြည်ထောင်စုနေ့အခါသမယတွင် တချိန်က နိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ မျှော်မှန်းချက်များ ပြည့်ဝမှု ရှိမရှိ သေချာ ပြန်သုံးသပ်ရန်လိုကြောင်းလည်း အဆိုပါ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
“ကျမတို့ အဲဒီတုန်းက မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုဆိုတဲ့ ပုံစံကို ကျမတို့ အကောင်အထည် ဖော်နိုင်ပြီလားဆိုတာ သေချာစဉ်းစား ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုဆိုတဲ့နေရာမှာ နိုင်ငံရေးအရ အဓိပ္ပာယ်ဖော်တာမျိုး မဟုတ်ဘဲ ရိုးရိုးသားသား ကျမတို့နိုင်ငံရဲ့ နိုင် ငံသူနိုင်ငံသားတွေရဲ့ အသည်းနှလုံးထဲမှာ ပြည်ထောင်စုဆိုတာ ဘယ်လိုမြင်လည်းဆိုတာ ကျမတို့ စဉ်းစားဖို့လိုပါတယ်”ဟု ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံတွင် လုံဝငြိမ်းချမ်းရေးဆိုသည်မှာ ယနေ့အထိ မရှိဘူးသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွား သည်။
“အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာဟာ လုံး၀ ရရှိသေးတယ်ဆိုတဲ့အချိန် တခါမှ မသိခဲ့ရပါဘူး။ ဒါလွတ်လပ်ရေး ရကတည်းကပေါ့နော်”ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ယနေ့ ကျရောက်သည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဒီမို ကရေစီ စနစ် ဆက်လက်ရှင်သန်ရေးအတွက် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး အဓိက ကျကြောင်း ထည့်သွင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက် ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်”ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
ပြည်ထောင်စု၏ အဓိပ္ပာယ်အရ စုစည်းမှုတခုတည်းသာမက မျှဝေခြင်းသဘောပါသည့်အတွက် အတူစုစည်း မျှဝေ ခံစားမှသာ ပြည်ထောင်စု မည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“စုပေါင်းပြီးခံစားတာ မဟုတ်ဘဲနဲ့ မျှဝေပြီးခံစားတဲ့ အပိုင်းလည်း ပါဖို့လိုပါတယ်”ဟု သူက ဆိုသည်။
ထိုကဲ့သို့ စုစည်းသည့်အခြေအနေသာမက အခြားပြည်နယ်၊ တိုင်း ဒေသများရှိပြည်သူများကလည်း မျှဝေခံစားသည့့် အခြေအနေ မျိုး လုံလောက်စွာ ရောက်ရှိနေပြီဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသူ အစုအဖွဲ့များကို ရည်ညွှန်းက မှတ်ချက်ပြုပြောကြားသည်။
“ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်မှာနေတဲ့ ပြည်သူတွေသာ မဟုတ်ဘဲ၊ တခြားဒေသကပြည်သူတွေ ကိုယ်တိုင်ပူပင် နေကြတဲ့ သဘောကို မြင်နေရပါပြီ။ ငြိမ်းချမ်းရေးအတွက် လုံလောက်တဲ့ အတိုင်းအတာ မဟုတ်သေးသော်လည်း လုံလောက်တဲ့ အနေအထားကိုရောက်လာပြီ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နယ်ပယ် အသီးသီးရှိ တိုင်းရင်းသား ခေါင်းဆောင်များကလည်း ပြည်ထောင်စုနေ့ အခါသမယတွင် အနှစ်သာရ ရှိသည့် ပြည် ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စုမျိုး ယခုအထိ မရောက်သေးကြောင်း ဧရာဝတီကို အသီးသီး ပြောဆိုကြသည်။ သို့အတွက် အားလုံး တန်းတူညီမျှ ဝိုင်းဝန်းကြိုးစား သွားကြရမည်ဖြစ်ကြောင်းလည်း ပြောသည်။
“ပြည်ထောင်စု မပြိုကွဲရေးသည် ကြွေးကြော်သံ သက်သက်မဟုတ်။ တိုင်းရင်းသား တန်းတူညီမျှရေး၊ လူမျိုး ဘာသာ မရွေး၊ နိုင်ငံ သားတိုင်း တန်းတူအခွင့်အရေး ရရှိခံစားနိုင်စေရေးသည် ပြည်ထောင်စု မပြိုကွဲရေး၏ အနှစ်သာရဖြစ်သည်”ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကလည်း ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ဖော်ပြ ထားသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြစ် နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ညစာစားပွဲသို့ တိုင်းရင်းသား အဖွဲ့များ တက်ရောက်ရန် ရှိသကဲ့သို့ ရန်ကုန်မြို့ ရွှေရှမ်းကန် စားသောက်ဆိုင်တွင်လည်း ယနေ့ညပိုင်း၌ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့(UNA) က နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များကို ဖိတ်ကြား၍ ပြည်ထောင်စုနေ့ ညစာစားပွဲကျင်းပရန် ရှိသည်။
၁၉၄၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံဒေသ၌ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များက လွတ်လပ်ရေးကို အတူတကွရယူရန် အတွက် ပင်လုံ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထိုနေ့ကို အစွဲပြု၍ ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုနေ့ အခမ်းအနားကို ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ်များ၌ ပင်လုံမြို့တွင် ကျင်းပခဲ့ပြီး ၁၉၅၀ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ၁၉၅၄ ခုနှစ်မှ စတင်၍ ပြည်ထောင်စု အလံတော်ကို တိုင်း၊ ပြည်နယ် အသီးသီးမှ အလှည့်ကျ စတင် သယ် ယူပြီး ပြည်ထောင်စုနေ့ အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်း သယ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။