ဟာသ သရုပ်ဆောင်၊ လူရွှင်တော် အကယ်ဒမီ မော့စ် (၅၉နှစ်) သည် ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က အသည်းရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံ (SSC) တွင် ကွယ်လွန်သွားကြောင်း သိရသည်။
အကယ်ဒမီ မော့စ်၏ ဇနီးဖြစ်သူ ဒေါ်ယုယုမော်က “ဒီလောက်မြန်မြန် ခွဲသွားမယ်လို့ မထင်ဘူး။ ပြန်ကောင်းမယ်ပဲ ထင်ထားတာ။ မထင်မှတ်ဘဲ ချက်ခြင်းကြီး ဆုံးသွားတော့ စိတ်မဖြေနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အကယ်ဒမီ မော့စ်၏ ရုပ်ကလာပ်ကို လာမည့် သောကြာနေ့ ညနေပိုင်းတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရသည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ်အတွက် ပေးအပ်သော အကယ်ဒမီဆုပေးပွဲတွင် ရုပ်ရှင်သရုပ်ဆောင် မော့စ်သည် ထာဝရ အလင်းတန်း ဇာတ်ကားဖြင့် ဇာတ်ပို့ ရုပ်ရှင်အကယ်ဒမီဆု ရရှိခဲ့သည်။
ဆုတက်ရောက် ယူစဉ်ကပင် အသည်းရောဂါကို ကုသနေရပြီး “ငမော့စ် ဒီ အကယ်ဒမီရုပ်ကြီးကို လိုက်ဖမ်းနေတာ အခုကျမှပဲ မိတော့တယ်။ ငမော့စ်ရဲ့ ပရိသတ်ကြီးရေ ငမော့စ် တာဝန်ကျေပါတယ်နော်။ ဒီဆုဟာ ငမော့စ်ကို ပြည်သူလူထုက ပေးလိုက်တဲ့ဆုဖြစ်လို့ ကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီကို ပြောခဲ့သည်။
မော့စ်၏ ပြက်လုံးများသည် ပရိသတ် စိတ်နှလုံးဟဒယကို ရွှင်ပြုံးစေပြီး တောရောမြို့ပါ ကြိုက်နှစ်သက်သည့် ပြည်သူချစ်သော အနုပညာရှင်တဦးဟုပင် ဆိုနိုင်ကြောင်း၊ အဆို၊ အငို၊ အပြော၊ အက၊ မင်းသား၊ လူကြမ်းစသည့် ပညာများကို ပိုင်နိုင်သည့် စွယ်စုံရ ပညာရှင်ဟု ဟာသသရုပ်ဆောင်များက တညီတညွတ်တည်း ဆိုကြသည်။
ဟာသ အနုပညာရှင်တဦး ဆုံးရှုံးသွားသည့်အတွက်လည်း ဝမ်းနည်းကြောင်း လူရွှင်တော်များဖြစ်သည့် မေတ္တာ၊ ဧရာ၊ ပါပါလေး၊ ပန်းသီး စသည့်သူများက ပြောသည်။
မြန်မာ့ ဇာတ်သဘင်နှင့် အငြိမ့်လောကတွင် ဓာတ်ဆီနှင့် ဓာတ်ဆံ၊ စိန်ရိုးနှင့် ရွှေဗျိုင်း၊ ပါပါလေးနှင့် လူမော် စသည့် နာမည်ကြီး လူရွှင်တော်အတွဲများ ရှိသကဲ့သို့ မိုးဒီနှင့် မော့စ်၊ ကွမ်းသီးနှင့် မေတ္တာ၊ ဆိုနီနှင့် မိုးကျော် တို့သည် အောင်မြင်သည့် ပရိသတ် အသိအမှတ်ပြု လူရွှင်တော်အတွဲများဟု ဆိုနိုင်သည်။
လူရွင်တော် မော့စ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်က မန္တလေး စိန်မြတ်မော် အငြိမ့်၌ ပညာသင် လူရွှင်တော်တဦးအဖြစ် ဦးစိန်ရိုး၊ ဦးရွှေဗျိုင်း စသည့် လူရွှင်တော်ကြီးများထံတွင် ပညာသင်ခဲ့သည်။
၁၉၈၀ ခန့်တွင် မင်းသားကြီး စိန်မာဒင်၏သား မင်းသား မိုးဝင်း၊ မိုးမင်းတို့နှင့်အတူ ဒါရိုက်တာ မောင်စိတ္တ၏ ဇာတ်လမ်းများကို လူရွှင်တော် မိုးဒီနှင့် တွဲဖက် ကပြခဲ့ရာ မိုးဒီ-မော့စ် လူရွှင်တော်အတွဲဟု ပရိသတ်မှ စတင် လက်ခံလာခဲ့သည်။
ဇာတ်ခုံပေါ်တွင် ကွန်ဖူးမင်းသား ဘရုစလီကဲ့သို့ သရုပ်ဆောင်ရာ ဘရုစလီမော့စ်၊ နဂါးလေးမော့စ်ဟု နာမည်ကြီးပြီး နောက်ပိုင်း ဇာတ်ထုတ်ဖြစ်သည့် “မောင်ပေါက်ကျိုင်း” ဇာတ်၊ “သုဝဏ္ဏငလျှံ” ဇာတ်များမှာ လူကြိုက်များခဲ့သည်။
ထို့နောက် ရန်ကုန်စံပြသဘင်မှ ခွဲထွက်ပြီး ဒါရိုက်တာ မောင်စိတ္တ၊ မိုးဒီ၊ မော့စ်တို့ ပူးပေါင်းကာ မင်းသား တင်မိုးဝင်းကို မင်းသားအဖြစ် တင်မြှောက်လျက် “ကျွန်တော့်သဘင်” ကို တည်ထောင်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပဲခူးသန်းအောင် စီစဉ်သည့် မိုးဒီနှင့် မော့စ်တို့နှစ်ဦး ပါဝင်သော “မင်္ဂလာဦးည” ဗီဒီယိုဇာတ်ကားသည် မြန်မာ ဗီဒီယို ခေတ်ဦးပိုင်းက အငှားရဆုံးအခွေ၊ အလှူ၊ မင်္ဂလာဆောင် စသည့်တို့တွင် မပါမဖြစ် ငှားရမ်းပြသရသည့် အခွေဖြစ်ခဲ့သည်။
ထို့နောက် ဇာတ်သဘင်မှ ဗီဒီယို၊ ရုပ်ရှင်လောကသို့ ကူးပြောင်းသွားခဲ့ပြီး ရာဇဝင်၊ ဟာသနှင့် အချစ်ဟာသ စသည့် ဇာတ်ကားများတွင် အဓိက သရုပ်ဆောင်အဖြစ် လည်းကောင်း၊ ဇာတ်ပို့ ဇာတ်ရံအဖြစ် လည်းကောင်း သရုပ်ဆောင်ခဲ့သည်။
မော့စ်၏ လူရွှင်တော်အတွဲဖြစ်သည့် လူရွှင်တော် မိုးဒီမှာ ၂၀၀၇ ခုနှစ်က ပေးအပ်သည့် “ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သကဲ့သို့ လူရွှင်တော် မော့စ်မှာလည်း ယခုနှစ်တွင် အကယ်ဒမီရရှိခဲ့ရာ လူရွှင်တော်လောက၏ အထူးခြားဆုံး အတွဲဖြစ်ခဲ့သည်။