နွေရာသီမတိုင်မီ မြစ်ရေစီးဆင်းမှုနှုန်း နည်းပါးလာသောကြောင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်အတွင်း ရေလမ်း သွားလာရေး ခက်ခဲမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
“ပုံမှန်က တပေါင်း၊ တန်ခူးကျမှ ရေကျပြီး မြစ်ကြောင်းကျပ်တာ။ အခုက နှောင်းမိုးက မရွာတော့ တပို့တွဲ မဝင်ခင်ကတည်းက ရေကျပြီး ကျပ်နေပြီ။ မကွေးတိုင်းဆိုရင် ဆင်ဖြူကျွန်း အောက်နားလေးမှာ အတော့်ကိုဆိုးတယ်။ သင်္ဘောတွေအပြင် မော် တော် တွေပါ သောင်တင်တာ။ တစင်းနဲ့တစင်း ကူတွန်း ကူဆွဲပြီး သွားနေရတာ”ဟု ကုန်တင် မော်တော်ပိုင်ရှင် ဦးတင်မြင့်က ပြော သည်။
ဧရာဝတီမြစ်ပိုင်းတွင် စစ်ကိုင်းမြို့အနီးရှိ ရတနာပုံတံတားဝန်းကျင်၊ မြင်းမူဒေသဝန်းကျင်တို့တွင် သဲသောင်ခုံများ ထွန်းနေပြီး ရေကြောင်းသွားလာရေး ခက်ခဲမှု ဆိုးရွားနေသည်ဟု သူက ဆိုသည်။
“မန္တလေး မင်းကွန်းနားတဝိုက်ကိုတော့ ရွှေကိန္ဒရီလို တိုးသင်္ဘောတွေ သွားလာနေတာဆိုတော့ သောင်အမြဲ ခုတ်ပေးထား တော့ အဆင်ပြေတယ်။ အမှန်တော့ မြစ်ကြောင်းတလျှောက်လုံး ဒီလိုလုပ်ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုကတော့ နောက် နှစ်လ သုံးလ နေရင်တောင် ရေကြောင်း လုံးဝပိတ်သွားမလားလို့ စိုးရိမ်နေရတာ”ဟု ဦးတင်မြင့် က ပြောပြသည်။
အလားတူပင် ချင်းတွင်းမြစ်ပိုင်းတွင်လည်း မုံရွာအနီးဝန်းကျင် ဒေသများ၌ သဲသောင်ခုံများ ဖြစ်ထွန်းမှုကြောင့် ရေကြောင်းသွားလာရေး အခက်အခဲများ ယခင်နှစ်ကထက် စော၍ ဖြစ်ပေါ်နေကြောင်း ချင်းတွင်းမြစ်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်နေသူများက ဆိုသည်။
“မော်တော်ကြီးတွေ သွားမရတာကြာပြီ။ ကုန်တင် မော်တော်ကြီးတွေကေ ရစကြိုအောက်နားက ပခန်းကြီးအထိပဲ ရောက် တော့တာ။ မုံရွာအထိတောင် မရောက်နိုင်တော့ဘူး။ အရင်ကဆို ဆင်ဖြူရှင် တံတားနားအထိရသေးတယ်။ အခုတော့ ရှော်တယ် (စက်လှေငယ်)တွေနဲ့ပဲ ကလေး၀ ခနီ္တးကို တက်နေရတာကြာပြီ။ ဒါတောင် တင်ရင် ဟိုတွန်းဒီတွန်းနဲ့ ဒီလိုပဲရောက်သွားရတယ်။ တချို့နေရာတွေဆို ခြေကျင်တောင်ကူးလို့ရနေတယ်”ဟု ချင်းတွင်းမြစ်တွင်းသွား ကုန်တင် မော်တော်ပိုင်ရှင် တဦးက ပြောသည်။
အထက်အညာဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့အကြား ဆန်၊ ဆီ၊ ပဲ၊ ငါးပိနှင့် ငါးခြောက် အစရှိသည့် ကုန်ပစ္စည်းများ ကုန်သွယ်ကူးလူးရာတွင် ရေကြောင်းကုန်သွယ်မှုကို အဓိကအားထားရကြောင်း၊ ယခုကဲ့သို့မြစ်ကြောင်းသွားလာရေး ခက်ခဲမှုကြောင့် တင်ပို့စရိတ်များ ပိုမိုလာသည့်အတွက် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ မြင့်တက်လာဖွယ် ရှိကြောင်းလည်း သူက ဆိုသည်။
“မြစ်ကြောင်းကျပ်တော့ ရှော်တယ်တွေ ထပ်ငှားရတဲ့စရိတ်၊ မော်တော်ကြီးတွေပေါ်ကနေ ရှော်တယ်တွေပေါ် ကုန်တွေ ကဲ့တင် ရတဲ့ စရိတ်၊ မြို့နားရောက်ပြန်တော့ အရင်ဆိပ်ကမ်းနေရာနဲ့ဝေးသွားပြန်တော့ ကုန်တွေကို တခါ ပြန်ကဲ့ရတဲ့ စရိတ်တွေပို လာ တော့ ကုန်သည်တွေဘက်ကလည်း ကုန်ပစ္စည်းတွေပေါ် စရိတ်ပြန်ကာမိအောင် ဈေးတင်မှာပဲ။ နောက်တခုက ခရီးဖင့်တော့ ကုန်တွေ အချိန်မီ မရောက်တာတွေ ဖြစ်တာပေါ့ဗျာ”ဟု ချင်းတွင်းမြစ်တွင်းသွား ကုန်တင် မော်တော်ပိုင်ရှင်က ပြောသည်။
ချင်းတွင်းနှင့် ဧရာဝတီမြစ်မှ မြစ်ရေတင် စိုက်ပျိုးရေးကို အားထားနေရသည့် လယ်သမားများသည်လည်း စိုက်ပျိုးစရိတ် ပိုမိုကုန်ကျနေကြသည်ဟု သိရသည်။
“ဒီနှစ် နွေနှမ်းစိုက်ဖို့ကို ရေသွင်းတာ ရေစုပ်စက် နှစ်လုံးနဲ့နှစ်ဆင့်ခံ သွင်းနေရတယ်။ အရင်က တလုံးတည်းနဲ့ ပိုက်ကလည်း ပေ နှစ်ရာ သုံးရာလောက်နဲ့ အခင်းအရောက် ရေတင်လို့ရတယ်။ အခုကတော့ ဆီဖိုးလည်းပိုကုန်၊ ပိုက်တွေလည်း အများကြီး ထပ် ဝယ် နေရတယ်။ ဒီပုံအတိုင်း နောက်နှစ်တွေဖြစ်ရင်တော့ မလွယ်ဘူး”ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။
ယခုကဲ့သို့ မြစ်ရေကျဆင်းမှုနှင့် မြစ်ကြောင်းပိတ်ဆို့မှု ဆိုးရွားလာခြင်းသည် ကမ္ဘာကြီး ပူနွေးလာခြင်း၊ ဧရာဝတီနှင့် ချင်းတွင်းမြစ် များ၏ ရေဝေရေလဲ ဒေသများရှိ သစ်တောများ ပြုန်းတီးခြင်းများကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။
“ရေဝေရေလဲဒေသတွေမှာ တောတွေပြုန်းတာက မြစ်အထက်ပိုင်း၊ မြစ်ထဲစီးဝင်တဲ့ မြစ်လက်တက်တွေမှာ ဆည်တွေ တမံတွေကို ဆင်ခြင်မှုမရှိဘဲ ဆောက်တဲ့အခါကျတော့ ဒီဆည်တွေနေရာအတွက် အပင်တွေ ခုတ်ပစ်ရတယ်၊ ရေစီးလည်း ဟန့်သွားတယ်။ နောက် သစ်တောတွေကို ခုတ်ရောင်းနေတာတွေ၊ မြစ်အထက်ပိုင်းမှာ အကန့်အသတ်မရှိ ရွှေတူးနေတာတွေ၊ ဆောက် လုပ်ရေးအတွက် သဲတွေ၊ ကျောက်စရစ်တွေကို မြစ်ကမ်းပါးတွေကနေ အကန့်အသတ်မရှိ ထုတ်နေတာတွေကြောင့် ဒီလိုဖြစ် လာတာ။ ဒါတွေမရပ်ရင် ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်”ဟု သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (FREDA) မှ ဦးအုန်းက ပြောသည်။
မြစ်ဖြတ်ကူး တံတာများ ဆောက်လုပ်ခြင်းသည်လည်း မြစ်ရေစီးကြောင်းများ ပျက်စီးစေသော အချက်များတွင် ပါဝင်သည်ဟု သူက ဆိုသည်။
“မြစ်ကူးတံတားတွေထိုးတော့ တံတားတိုင်တွေကို မြစ်ထဲစိုက်တဲ့အခါ အဲ့ဒီတိုင်အခြေတွေမှာ နုန်းတွေက တင်ကျန်ခဲ့တယ်။ အဲ့ဒီကနေ တဖြည်းဖြည်း သောင်တွေထွန်းပြီးတော့ ရေကြောင်း ပိတ်တာတွေဖြစ်လာတယ်။ မြစ်ကြောင်းထဲ တိုင်မစိုက်ဘဲ ဆောက်လုပ်တဲ့ နည်းပညာနဲ့ကလည်း အလှမ်းဝေးတော့ မြစ်ကြောင်းမပိတ်အောင် ထိန်းသိမ်းနိုင်တဲ့ တခြားနည်းလမ်းတွေလုပ်ဖို့လိုတယ်”ဟု ဦးအုန်းကပြောသည်။
၎င်းကဆက်လက်၍“ဧရာဝတီ၊ ချင်းတွင်းမြစ်တွေဆိုတာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပဲ။ ဒီမြစ်တွေမရှိတော့ရင် ဒီမြစ်တွေကို မှီခိုနေရတဲ့ လူတွေ သတ္တဝါတွေ ဒုက္ခရောက်မယ်။ ဒီမြစ်တွေကို ကယ်တင်ဖို့အတွက် သစ်တောတွေမပြုန်းအောင်၊ ရေဝေရေလဲ ဒေသတွေ မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းဖို့က မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အဖွဲ့အစည်းများက လုပ်ဆောင်နေကြပြီး ဧရာဝတီမြစ်ကို ကယ်တင်ရေး တနိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုမှာ မေခ၊ မလိခ မြစ်ဆုံတွင် တရုတ်အမျိုးသားပိုင် ကုမ္ပဏီမှ ဆောက်လုပ်သည့် မြစ်ဆုံရေကာတာ စီမံကိန်း ဆန့်ကျင်ရေးများ ၂၀၁၁ ခုနှစ် အတွင်းက ပေါ်ပေါက်ခဲ့ဖူးသည်။
ယနေ့ထုတ်အစိုးရ သတင်းစာများ၌ မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဆိုင်ရာ နည်းဥပဒေများ ကို စတင် ထုတ်ပြန်ထားသည်။