ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက် (Kamphaeng Phet) မြို့တွင် ထိုင်းလင်မယားက မြန်မာပြည်ဖွား ကရင် မိန်းကလေးငယ်တဦးကို အသက် ၇ နှစ် အရွယ်ကတည်းက ခိုးယူထားခဲ့ပြီး ၅ နှစ်ကျော်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေထားခဲ့ကြောင်း သိရသည်။
ယခုအခါ အသက် ၁၂ အရွယ်ရှိပြီဖြစ်သော ကရင် မိန်းကလေးငယ်သည် ဇန်နဝါရီလ ၃၁ ရက်နေ့က ယင်းအိမ်မှ လွတ်မြောက်လာခဲ့ပြီးနောက် ကန်ဖယ်ဖက်ခရိုင်ရှိ မိသားစုနှင့် ကလေး စောင့်ရှောက်ရေး ဂေဟာတွင် စောင့်ရှောက်ထားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
အိမ်တွင်း အခိုင်းအစေ အဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားသည့် ကာလ အတွင်း စေခိုင်းသည့် အတိုင်း မလုပ်ပါက ထိုင်း လင်မယားက ရက်စက်စွာ နှိပ်စက်ခဲ့ကြောင်း၊ ခွေးလှောင်အိမ် အတွင်း ထည့်ထားခြင်း၊ ခန္ဓာကိုယ် အနှံ့ ရေနွေးပူဖြင့် ပက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုင်းဘာသာဖြင့် ဖော်ပြသည့် Thairath အင်တာနက် သတင်းက ဖော်ပြသည်။
“ရေနွေးပူ အလောင်းခံရပြီး အနာကို ထိုင်းအလုပ်ရှင် လင်မယားက ဆေးမကုပေးဘဲ ကိုယ့်ဘာသာကိုယ် ဆားရည်နဲ့ အနာ ပျောက်အောင် နေအိမ်မှာပဲ ကုသရတယ်” ဟု ကရင် မိန်းကလေးငယ်က ပြောဆိုထားသည်။
ခန္ဓာကိုယ် တခုလုံးတွင် အပူလောင်ဒဏ်ရာ အမာရွတ်များ ပြင်ထန်စွာ ရရှိထားကြောင်း၊ အပူလောင် ဒဏ်ရာကြောင့် အရေပြားများ ပျက်စီးကာ လက်နှစ်စလုံး လက်မောင်းရင်းအထိ အရေပြားများ တွဲဆက်သွားပြီး လက်နှစ်ဖက်စလုံးကို မမြှောက်နိုင်သည့် အခြေအနေ ရှိနေကြောင်း ထိုင်းသတင်းများတွင် ဓာတ်ပုံများဖြင့် ဖော်ပြကာ ရေးသားထားသည်။
အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသားနှင့် အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီး လင်မယားတို့သည် အသက်မပြည့်သူကို အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှု၊ ညဉ်းပမ်းနှိပ်စက်မှုတို့ အပါအဝင် စွပ်စွဲချက် ၇ ခုဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွပ်စွဲချက်များကို ငြင်းဆိုထားကြောင်း၊ လတ်တလောတွင် သက်ဆိုင်ရာ ထိုင်းတရားရုံးက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးထားကြောင်း၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စွပ်စွဲထားသော ၇ မှုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအခြေစိုက် ပတ္တယား နေ့စဉ် သတင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ ကရင် မိန်းကလေးငယ်၏ မိဘများသည် ၂၀၀၈ ခုနှစ်က ကန်ဖယ်ဖက် ခရိုင်အတွင်းရှိ ကြံစိုက်လုပ်ငန်းတွင် အလုပ်လုပ်ခဲ့ကြောင်း၊ ကရင် မိန်းကလေးငယ်သည် လွန်ခဲ့သည့် သုံးနှစ်က ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားခဲ့ရာ လူတဦးက ရဲလက်သို့ အပ်ခဲ့ကြောင်း၊ သို့သော် ရဲက မူလ ထိုင်းလင်မယားအိမ်သို့ ပြန်ပို့ခဲ့ကြောင်း၊ အိမ်ရှင်လင်မယားက အလွန်စိတ်ဆိုးပြီး နံရံနှင့် ခေါင်းကို ဆောင့်ခြင်း၊ ဖိနပ်ဖြင့် မျက်နှာကို ရိုက်ခြင်း၊ ပြစ်ဒဏ်အဖြစ် နားရွက်ဖျားကို ကပ်ကြေးဖြင့် ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။
ယခု တကြိမ်တွင် အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်လာသည့် ကရင် မိန်းကလေးငယ်ကို စောင့်ရှောက်ရေး ဂေဟာတွင် လုံခြုံစွာ ထားရှိကြောင်း၊ သူ၏ လုံခြုံရေးအတွက် အစောင့်အရှောက်များလည်း ချထားကြောင်း၊ ထို့အပြင် စိတ်အထူးကု ဆရာဝန်နှင့် ပြသပေးပြီး ကလေးငယ်၏ စိတ်ပုံမှန် ပြန်ဖြစ်ရန် ဆောင်ရွက်ရန် စီစဉ်နေကြောင်း စောင့်ရှောက်ရေး ဂေဟာ ညွှန်ကြားရေးမှူးကို ကိုးကား၍ ပတ္တယား နေ့စဉ် သတင်းက ဖော်ပြသည်။
ကရင် မိန်းကလေးငယ် အမှုနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်က အလုပ်သမားအရေး ဆောင်ရွက်သူများထံ လတ်တလောတွင် အကြောင်းကြားထားကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
ကန်ဖယ်ဖက်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အမှုမှန် ပေါ်ပေါက်ရေးအတွက် အာဏာပိုင်များအနေဖြင့် ကွင်းဆင်း စစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ထိုင်းရဲမှူးကြီး Akkarasorn Srisuphat က သတင်းထောက်များကို ပြောကြောင်း သိရသည်။
မတရား ညဉ်းပမ်းနှိပ်စက်ခံရသူမှာ ကလေးငယ်ဖြစ်ခြင်း၊ နိုင်ငံခြားသားဖြစ်ခြင်း စသည့် သိမ်မွေ့ရှုပ်ထွေးသောကိစ္စများ အမှုတွင် ရှိနေကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က မျက်မြင်သက်သေများ၊ ထင်ရှားသော အထောက်အထားများ လိုအပ်နေပြီး အကယ်၍ ပြစ်မှုထင်ရှားပါက ထိုအမှုမျိုးကို အမြင့်ဆုံးအားဖြင့် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။