ပြီးခဲ့သော ရက်ပိုင်းများအတွင်း ပြည်တွင်းအခြေဆိုက် ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှု၊ သတင်းထောက်များ၏ အကောင့်များကို ဖောက်ထွင်းရန် ကြိုးပမ်းမှုများသည် ဟက်ကာများအနေဖြင့် စည်းလွတ်ဝါးလွတ် လုပ်ကိုင်ခွင့်ရနေကြောင်း ဖော်ပြသောအချက်ဖြစ်သလို အကယ်၍ တပ်မတော်အရာရှိများပါ ပါဝင်ပတ်သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှာ သမ္မတ ဦးသိန်းစိန်အနေဖြင့် အပြစ်ပေးအရေးယူမှုများ လုပ်သင့်သည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ရေးသားသည်။
“ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှားရှားပါးပါး ထုတ်ပြန်ကြေညာချက်တရပ် ထုတ်ခဲ့ပြီး ကချင်ပဋိပက္ခအကြောင်း သတင်းမီဒီယာများ၊ သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများက မမှန်သတင်းများ ထုတ်နေကြောင်း ပြောဆိုချက်က သက်သေဖြစ်နေခဲ့သည်” ဟု အဆိုပါအဖွဲ့၏ အရှေ့တောင်အာရှရေးရာ ကိုယ်စားလှယ် မစ္စတာ ရှောင် ခရစ္စပင်က ရေးပြီး တိုက်ခိုက်သူများ၏ ရည်မှန်းချက်များသည် ကချင်စစ်ပွဲအပေါ် သတင်းရေးသား ပေးပို့သူများ ဖြစ်ကြောင်းလည်း ထောက်ပြကာ “အကယ်၍ အနှောင့်အယှက်ပေးရာတွင် တပ်မတော်အရာရှိများ ပါဝင်နေပါက ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရန် လုပ်ဆောင်ခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို ပိုမို ကောင်းမွန်အောင် လုပ်နိုင်သည်” ဟု ရေးသားဖော်ပြခဲ့သည်။
ထို စိုးရိမ်ချက်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပြည်တွင်းပြည်ပရှိ Google mail ဂျီမေးလ် သုံးသော သတင်းထောက်နှင့် အယ်ဒီတာအချို့ထံ ဂူးဂဲလ်မှ ” သင့် ကွန်ပြူတာ သို့မဟုတ် အကောင့်ကို နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)က ဝင်ရောက်ရန် ကြိုးစားနေသည်ဟု မိမိတို့ ယုံကြည်သည်” ဟု ရေးသားထားသည့် သတိပေးစာ လက်ခံရရှိကြောင်း ဖော်ပြခဲ့မှု နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
ယင်း သတင်းတွင် ကမ္ဘာကျော် အင်တာနက်အခြေပြု ရှာဖွေရေး၊ ဆော့ဖ်ဝဲနှင့် ကြော်ငြာကုမ္ပဏီကြီးက နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)ဟု ၎င်းတို့ မည်သို့ရှာဖွေ တွေ့ရှိသည်ကို မထုတ်ပြန်နိုင်ကြောင်း၊ ထုတ်ပြန်ကြေညာခဲ့လျှင် တိုက်ခိုက်သူများက ကုမ္ပဏီ၏ ရှာဖွေရေးစနစ်ကို သိရှိသွားနိုင်ကြောင်း ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဧရာဝတီက မေးမြန်းခဲ့ရာ သက်သေ အထောက်အထား အခိုင်အလုံမရှိဘဲ State-sponsored attackers ဟု မစွပ်စွဲသင့်ကြောင်းနှင့် အစိုးရတွင် ထိုသို့ တိုက်ခိုက်ရန် ပေါ်လစီ လုံးဝ မရှိကြောင်း ဆိုသည်။
“ ကျနော် ပြောနိုင်တာက နိုင်ငံတော်က မီဒီယာတွေရဲ့ WebSiteတွေ၊ E-mail တွေကို တိုက်ခိုက်မယ်ဆိုတဲ့ စီမံချက် လုံးဝမရှိပါဘူး။ ဒါကြောင့် ဒါမျိုး စကားကို လွယ်လွယ်မပြောသင့်ဘူး”ဟု ဦးရဲထွဋ်က ပြောသည်။ ထိုသို့ စကား လွယ်လွယ်ပြော၍ စွပ်စွဲမည်ဆိုပါက နိုင်ငံဂုဏ်သိက္ခာထက် ထိုသို့ပြောသောသူ/အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်မည်သာဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။
သတင်းဝက်ဘ်ဆိုက်များ၊ သတင်းထောက်များ၏ အကောင့်များအား တိုက်ခိုက်မှုများကို နိုင်ငံတော်အစိုးရက ပြုလုပ်သည် ဆိုပါက နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်မည်ဖြစ်သော်လည်း ယခုအဖြစ်အပျက်သည် နိုင်ငံတော် အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မည်မဟုတ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
Hacker များအား မည်သို့ထိန်းချုပ်ရမည်ကို မိမိအနေဖြင့် မသိသေးသော်လည်း ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊ သို့သော် နည်းပညာအဆင့်အတန်းမြင့်လာပြီး၊ Cyber လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာများ ပိုမိုရလာမည် ဆိုပါက ကာကွယ်နိုင်မည်ထင်ကြောင်း ဆက်လက်ပြောဆိုသည်။ “ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ Cyber ဥပဒေ၊ Cyber လုံခြုံရေးနဲ့ ပတ်သက်လို့ ပိုပြီးကောင်းအောင် လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဌ ဦးသီဟစောကလည်း “State-sponsored attackers ဆိုတာ Google ကပြောတာ။ Google ကို သူများတွေ မေးတဲ့အခါမှာ ဘယ်သူ လုပ်တယ် ဆိုတာ မပြောဘူး။ ပြောလိုက်ရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ဒါလုပ်တာ မြန်မာနိုင်ငံအစိုးရ ဟုတ်ချင်ဟုတ်မယ်။ တခြားနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်။ Google က သိပေမယ့် အတိအကျ မပြောထားဘူး”ဟု ပြောဆိုပြီး အတိအကျ မပြောထားသည့်အတွက် မြန်မာအစိုးရက ပြုလုပ်နေခြင်းဖြစ်သည်ဟု အတည်မပြောသင့်ကြောင်း ဆိုသည်။
သတင်းနည်းပညာနှင့် ဝက်ဘ်ဆိုက်ရေးရာ ကျွမ်းကျင်သူများကလည်း မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးအက်ဥပဒေ မရှိသေးသကဲ့သို့ နည်းပညာပိုင်း ကျွမ်းကျင်သည့် ဆိုက်ဘာမှုခင်းနှိမ်နင်းရေးအဖွဲ့များ မရှိသေးကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်လာပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ ယင်းကဏ္ဍ တိုးတက်ရေး လိုအပ်လာပြီဖြစ်ကြောင်း ဆိုကြသည်။
“ အခုက Website ကို တိုက်ခိုက်တာပဲ ရှိသေးတာ။ နောက်ကျရင် နည်းပညာကိုသုံးပြီး ဘဏ်အကောင့်တွေ လိမ်တာတို့၊ ငွေခိုးတာတို့၊ တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေးစော်ကားတာတို့၊ နည်းပညာနဲ့ ခြိမ်းခြောက်ပြီး လူကုန်ကူးတာတို့က နောက်ပိုင်းကြရင် ဖြစ်လာမှာ။ ဒါတွေဖြစ်လာရင် အသုံးချလို့ရမယ့် Cyber law လည်း အခုချိန်ထိ မရှိသေးဘူး”ဟု ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။
Hacking နှင့်ပတ်သက်သည့် ပညာရပ်များအား ပြည်တွင်း၌ တက်ရောက်သင်ကြားနိုင်ပြီး ၎င်းသည် White Hacker များအတွက် ဖြစ်ကြောင်း၊ Black Hacker များကမူ Online ၌ သွားရောက်လေ့လာသင်ကြားနိုင်ကြောင်းလည်း သိရသည်။
Hacker များတွင် အချို့သည် မိမိတတ်ကျွမ်းသည်များကို ပြသချင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်ပြီး၊ အချို့မှာ သူတပါးအား ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သောသူများဖြစ်ကြောင်း၊ ယခုဖြစ်ရပ်တွင်မူ မီဒီယာဝက်ဘ်ဆိုက်များ၊ အကောင့်များကို hack လုပ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းသာဖြစ်ပြီး ၎င်းတို့မှာ Black Hacker များဖြစ်ကြောင်း ရန်ကုန်ရှိ Web Developer ကိုရန်ကုန်နိစ်က ပြောသည်။
“ဒါက သာမန်နည်းပညာပိုင်းကို လက်တည့်စမ်းချင်သူတွေကြောင့် မဟုတ်လောက်ဘူး။ သတင်းဌာနကို လုပ်တာကြတော့ ဘာအကျိုးအမြတ်မှမရှိဘူး။ သတင်းဌာနကသာ ပျက်စီးဆုံးရှုံးမှုတွေရှိတာ။ သတင်းဌာနတွေကို Hack တာကြတော့ ကျနော်တို့ မသိတာတွေ အများကြီး ရှိနေဦးမှာပေါ့”ဟု ကိုရန်ကုန်နိစ်က ပြောသည်။
Google mail အကောင့်များ၊ ဝက်ဘ်များအား တိုက်ခိုက်မှုကို လုံးဝ ကာကွယ်တားဆီးရန် နည်းပညာများ မရှိသေးသော်လည်း လုံခြုံစိတ်ချရသည့် Application များကို အသုံးပြုသင့်ကြောင်း ကိုနေဘုန်းလတ်က ပြောသလို မရင်းနှီးသောသူများက ပေးပို့လာသော လင့်များကို မနှိပ်ခြင်း၊ သင်္ကာမကင်း ဖြစ်သည့် ဖိုင်များကို မဖွင့်ခြင်းများကလည်း များစွာ အထောက်အကူပြုကြောင်း ဂူးဂဲလ်က ထုတ်ပြန်ထားသည်။